အမေစိမ်း(စ/ဆုံး)
———–
ကျွန်တော်တို့မြို့တွင် ဒေါ်စိမ်း မုန့်ဟင်းခါးကို မစားဖူးလျှင် မပြည့်စုံဟု ဆိုကြသည်။
ကျွန်တော်တို့ လူမှန်းသိစ အရွယ်ကတည်းက အမေစိမ်းသည် မုန့်ဟင်းခါးရောင်းသည်။ သူ့သားဇော်ဇော်နှင့် ကျွန်တော်က သူငယ်ချင်း တွေဖြစ်သည်။ ဇော်ဇော့်ကို ကျောင်းသွားရန် ဝင်ခေါ်တိုင်း အမေစိမ်းက ကျွန်တော့ကို မုန့်ဟင်းခါးထည့် ကျွေး တတ်သည်။ ကြာလာတော့ မုန့်ဟင်းခါး အလကားစားချင်သောကြောင့် အိမ်ကိုလာနေသည် ထင်မည်စိုးရိမ်ပြီး ဇော်ဇော့်ကို လမ်းထိပ်ကစောင့်ကာ ကျောင်းအတူသွားကြသည်။
“မင်း အမေ မုန့်ဟင်းခါးချက်တာ အရမ်းကောင်းတာပဲ … ငါဘယ်ဆိုင်က မုန့်ဟင်းခါးမှ စားလို့ မရဘူး … နည်းယူထားကွ … တစ်နေ့ အသုံးဝင်မယ်”
“အောင်မယ် … ငါက မုန့်ဟင်းခါး ဘယ်တော့မှ ရောင်းမစားဘူး”
လမ်းဘေးတွင်တဲလေးနှင့်ဆိုင်ဖွင့်သော အမေစိမ်း မုန့်ဟင်းခါးသည် တဖြည်းဖြည်းနာမည်ကျော်လာပြီး အိမ်ကိုပြင်ကာ အိမ်ဆိုင်ကြီး ဖြစ်သွားသည်။
ကျွန်တော့်သူငယ်ချင်း ဇော်ဇော်လည်း အမေစိမ်း အပင်ပန်းခံရကျိုးနပ်သည်ဟု ဆိုရမည် ဆရာဝန်ကြီး ဖြစ်သွားသည်။ ကျွန်တော်ကမူ ဇော်ဇော့်လောက် စာမတော်သဖြင့် ကျောင်းဆရာလောက်နှင့်သာ ဘဝကို စခဲ့ရပါသည်။
“ကိုတင့်ရေ … ငါမိန်းမယူတော့မယ်”
တစ်နေ့ ဇော်ဇော်က ဝမ်းသာအားရ ကျွန်တော့်ကိုပြောလာသည်။
“ဟ … ငါ့ကောင်ကြီး လုပ်လှချည်လား … ဘယ်ကလဲ … ဘယ်သူလဲ”
“တို့ … တစ်ရပ်ကွက်သားတွေပဲကွာ … မင်းသိပါတယ် … ခင်ဆွေတင့်လေ”
“ဟာ … မင်းကလည်း ခင်ဆွေတင့်ဆိုရင် မင်းအမေက သဘောတူပါ့မလား … သူက နည်းနည်းရှုပ်တယ်”
“အမေက သဘောတူပြီးပြီမောင် … သီတင်းကျွတ်ရင် လက်ထပ်တော့မှာ … မင်း ရွာကိုမပြန်ရဘူးနော် … ငါ့ မင်္ဂလာဆောင်မှာ မင်းရှိမှရမယ် …”
ခင်ဆွေတင့်ကို တစ်ရပ်ကွက်လုံးက ရှုပ်သည်၊ ရည်းစားများသည်၊ လည်သည်ဟု သိကြသည်။ ကျွန်တော့် သူငယ်ချင်းတော့ အဖမ်းခံလိုက်ရပြီထင်သည်။ ရုပ်ချော၊ ဥစ္စာပေါ၊ သဘောကောင်း၊ မနောကောင်း ဆရာဝန်လောင်းလေးတစ်ယောက် လှတာမက်ပြီး ညစာခက်တော့မှာလား စိုးရိမ်မိသည်။
အမေစိမ်းအိမ်က အိမ်မှ တိုက်ဖြစ်လာသည်။ မုန့်ဟင်းခါးနှင့် အကျိုးပေးသည်ဟု ဆိုရမည်။ အမေစိမ်း တစ်ယောက် အသက်ကြီးလာသည်အထိ မုန့်ဟင်းခါးကို ကိုယ်တိုင်ချက်၊ ကိုယ်တိုင်ရောင်းဖြစ်သည်။ သားဖြစ်သူဇော်ဇော့်ကိုလည်း သူ့တိုက်ဘေးတွင် အဆောင်လေးတစ်ဆောင် ဆောက်ပေးပြီး ဆေးခန်းဖွင့်ခိုင်း ထားသည်။
ပြဿနာကစလာပြီ။ ယောက္ခမနှင့် ချွေးမဇာတ်လမ်းဖြစ်သည်။ မည်သို့များ သတ်မှတ်ခဲ့သည်မသိ။ မတည့် ကြည့်မရဖြစ်လာသည်။ ရှေးရိုးဆန်ပြီး အလုပ်ကို မိုးလင်းမိုးချုပ်လုပ်တတ်သည့် အမေစိမ်းနှင့် ချွေးမ ပေါ့ပျက်ပျက် မတည့်သည်မှာ မဆန်းဟုဆိုရမည်။ တစ်နေ့
“အမေ … အမေလည်း အသက်ကြီးပါပြီ … နားပါတော့” ဟုသားဖြစ်သူက ပြောလာသည်။
“အမေနားလိုက်ရင် အမေ့ ဖောက်သည်တွေ ဘယ်မှာ သွားစားမလဲကွယ်”
“အမေရယ် … ဆွေက ဈေးရောင်းချင်တယ်တဲ့ … အမေ့ဆိုင်ကို သူ့သာ ဦးစီးခိုင်းလိုက်ပါ”
“ဘယ်ဖြစ်မလဲကွယ်”
အမေက ဤမျှသာပြောသော်လည်း သဘောကအများကြီးသက်ရောက်နေသည်။ ထိုနေ့ကစပြီး ခင်ဆွေတင့်နှင့် အမေစိမ်း ပြဿနာစသည်။
“ဪ … သမီးက လုပ်ငန်းကို ဦးစီးဦးဆောင်မလုပ်ရလို့ ပြဿနာရှာနေတာလား”
အမေစိမ်းက တစ်နေ့ ထမင်းဝိုင်းတွင် တစ်ခွန်းပဲ မေးလိုက်သည်။
သူ့သားရော သမီးပါ ခေါင်းတွေ ငုံ့ပြီး တစ်ခွန်းမျှ ပြန်မပြောကြ။
နောက်တစ်နေ့ အမေစိမ်းတစ်ယောက်ပျောက်သွားသည်။ ထူးဆန်းသည်မှာ သူပိုင်ဆိုင်သော ရွှေငွေပစ္စည်း အားလုံးနှင့်အတူ ပျောက်သွားခြင်းဖြစ်သည်။
ခင်ဆွေတင့်သောင်းကျန်းတော့သည်
“စိတ်ပုပ်တဲ့ အဘွားကြီး … ပိုက်ဆံတွေ … ရွှေတွေ အကုန်ယူသွားတယ် … တိုက်အခွံချည်းပဲ ချန်ခဲ့တယ် … အလကား ယောက္ခမကြီး” ဟုတွေ့သည့်လူတိုင်းကို လိုက်ပြောသည်။
ဇော်ဇော်ရော ကျွန်တော်ပါ အမေစိမ်းကို လိုက်ရှာကြသည်။ သို့သော် မည်သည့် နေရာမျှမတွေ့။ ခင်ဆွေတင့်က “အမေစိမ်းမုန့်ဟင်းခါး” ဆိုင်းဘုတ်ကို ဖြုတ်ချပြီး “ခင်ဆွေတင့် မုန့်ဟင်းခါး” ဟုပြောင်းချိတ်ကာ မုန့်ဟင်းခါးဆိုင် ဆက်ထွက်သည်။ တစ်ပတ်ပဲလူရှိသည်။ နောက် တစ်ယောက်မျှ လာမစား။
“အမေစိမ်းလက်ရာနဲ့ ဘာမှ မဆိုင်ဘူး” ဟုလူတွေက ပြောကြသည်။
နောက်ဆုံး ဆိုင်ပြုတ်ပြီး ဆေးခန်းသာကျန်သည်။
ကျွန်တော်လည်း ဇာတိမြေမှထွက်လာပြီး ၁၀ နှစ်ခန့်အကြာတွင် ဇော်ဇော့်ထံက ဖုန်းရသည်
“ကိုတင့် မေမေ့ကိုတွေ့ပြီ … မင်းကို ရန်ကုန်မှာ ဝင်ခေါ်မယ် စောင့်နေ”
ကျွန်တော်ပျော်သွားသည်။ အမေစိမ်း ၁၀ နှစ်ကျော်ပျောက်နေသည်။ ခုတော့ ပြန်တွေ့ပြီဟုဆိုသည်။
ဇော်ဇော်က ကျွန်တော့်ကို ကားနှင့်လာခေါ်သည်။ သူလည်း မိခင်ကို ပြန်တွေ့ရတော့မည်ဖြစ်သဖြင့် ပျော်နေသည်။
“အမေစိမ်းနေကောင်းလား”
“မသိဘူးကွ … ဒီမှာ ဆရာတော်တစ်ပါးက ဆက်သွယ်လာတာ … အမြန်လာပါဆိုလို့”
ကျွန်တော်တို့ ဘုန်းကြီးကျောင်းကိုရောက်သည့်အခါ ကျောင်းရှေ့တွင် “အမေစိမ်းမုန့်ဟင်းခါး” ဆိုသည့် ဆိုင်းဘုတ်လေးကို တွေ့ရသည်။
ကျွန်တော်တို့ ကားရပ်ပြီး ဆိုင်လေးထဲကို ဝင်လိုက်သည်။
“ဘာများ သုံးဆောင်ကြမလဲရှင်”
ဈေးရောင်းနေသည်မှာ အမေစိမ်းမဟုတ်။ ကောင်မလေးတစ်ယောက်ဖြစ်သည်။
ကျွန်တော်က
“မုန့်ဟင်းခါးတစ်ပွဲပေးပါကွယ်” ဟုပြောလိုက်သည်။
“အို ကောင်းလိုက်တာ အမေစိမ်းလက်ရာအတိုင်းပါလား”
“အမေစိမ်းဆိုင်လေအစ်ကိုတို့ရယ်”
“ညီမလေးက”
“ညီမလေးက ဒီအမျိုးသမီးဂေဟာကပါရှင့် …”
“ဒါဂေဟာလား”
“ဟုတ်တယ်လေ … အမေစိမ်း ဂေဟာလို့တစ်မြို့လုံးသိတယ် … ညီမတို့လို မိဘမဲ့ ခိုကိုးရာမဲ့ မိန်းကလေး တွေကို စောင့်ရှောက်ထားတဲ့ဂေဟာပေါ့”
“အစ်ကိုက အမေစိမ်းသားပါ”
“ဟယ်တော် … ကိုဇော်ဇော်ဆိုတာ”
“ဟုတ်တယ်”
“လာပါရှင် … မျက်နှာချင်းဆိုင်ကျောင်းတိုက်မှာ ဆရာတော်က မျှော်နေတာပါ … အို … အမေစိမ်းသားတွေပဲ”
“အမေကောဟင်”
“မေမေစိမ်း ဆုံးသွားတာ တစ်လရှိပါပြီ”
“ဟင်”
ကျွန်တော်တို့ ဆရာတော်ကျောင်းကိုရောက်လာသည်။ ဆရာတော်ကိုဦးချပြီး မိတ်ဆက်ရသည်။
“ဪ … ဒကာတို့ရောက်လာပြီနော် … ဒကာမကြီးဒေါ်စိမ်း … သူတော်ကောင်းမကြီး … လွန်ခဲ့တဲ့ ၁၀ နှစ် လောက်က ဘုန်းကြီးဆီရောက်လာတယ် … သူက ကျောင်းမှာနေပြီး အမျိုးသမီးလေးတွေ စောင့်ရှောက်ဖို့ ဂေဟာဖွင့်ချင်တာတဲ့။ အဲဒါနဲ့ မျက်နှာချင်းဆိုင်မြေကွက်ကို ဘုန်းကြီးလှူလိုက်တယ်။ အဆောင်တွေကို သူ့ပိုက်ဆံနဲ့သူဆောက်တာ။ မိဘမဲ့ မိန်းကလေးတွေကို ပညာလည်း သင်ပေးတယ်။ မုန့်ဟင်းခါးဆိုင်ဖွင့်ပြီး ရတဲ့ငွေတွေနဲ့ ထောက်ပံ့တယ်။ တစ်မြို့လုံးက သူ့လက်ရာ ကြိုက်ပြီးသား”
ဆရာတော်က ထသွားပြီး သံသေတ္တာလေးတစ်လုံး ယူလာသည်။
“ဒကာမကြီးက သူသေရင် သူ့သားဆီအကြောင်းကြားပြီး ဒီသေတ္တာလေးပေးဖို့ မှာသွားတယ် … အဲဒါကြောင့် ဒကာ့ကို ခေါ်လိုက်တာ”
ကျွန်တော်တို့ သံသေတ္တာလေးကို ဖွင့်ကြည့်ကြသည်။ အထဲတွင် ပိုက်ဆံတွေ အထပ်လိုက်နှင့် ရွှေများ
“အဲဒါ ဒကာ့အတွက် အမွေတဲ့”
ဇော်ဇော်တစ်ယောက်မျက်ရည်တွေ ပေါက်ပေါက်ကျလာသည်။
ဆရာတော်ကို ရှိခိုးပြီးနောက် ကျွန်တော်တို့ မတ်တတ်ထပြီး ပြန်ရန် ပြင်လိုက်သည်
“ဒကာ … သေတ္တာယူသွားလေ”
“မယူတော့ပါဘူးဘုရား … တပည့်တော်ညီမလေးတွေအတွက် အမေ့ကိုယ်စားပေးလိုက်ပါဘုရား”
“သာဓု … သာဓု … သာဓု”
ကျွန်တော်ဝမ်းထဲတွင် လှိုက်ခနဲဖြစ်သွားသည်။ သူငယ်ချင်းကို ဖက်လိုက်ပြီး
“ဇော်ဇော် … တော်တယ်ကွာ … မင်းက အမေတူသားပဲ” ဟုပြောလိုက်သည်။
ကားပေါ်အရောက်တွင်သူက
“ကိုတင့်”
“ဘာလဲကွ”
“ငါ့မိန်းမမေးရင် အမေသေပြီလို့ပဲပြောပေးကွာ … ကျန်တာတွေ မပြောပါနဲ့”
“မင်းအမေ ဘယ်မှာသေလို့လဲ”
“သေပြီလေကွာ”
“ဟိုမှာကြည့်လိုက်လေ”
ကျွန်တော်က သူ့ကို လက်ညှိုးထိုးပြလိုက်သည်
“အမေစိမ်းဂေဟာ”
“အမေစိမ်းမုန့်ဟင်းခါး”
အမေစိမ်းမသေပါ။






