မဖဲဝါ အသက် _၄၄ {စ/ဆုံး }
မူရင်း _ ဆရာတာတေ
အညာမိုးလေဗျာ။ ဖွဲကနဲ ရွာလိုက် နေပူလိုက်။ သည်းကနဲ နေပူလိုက်ပေါ့။ တန်ခူး၊ ကဆုန်မှာကြဲတဲ့နှမ်းက ဝါဆို ဝါခေါင်မှာ နှုတ်ရတယ်။ ကျုပ်တို့အညာက တောင်သူဆိုတာ ရင်တမမနဲ့ စိုက်ကြ ပျိုးကြရတာပေါ့ဗျာ။ မိုးက လိုသလောက်မရရင်လည်း သီးနှံက မအောင်ဘူးဗျ။ လိုတာထက် ပိုသွားရင်လည်း သီးနှံက ပျက်ပြန်ရောဗျ။ ဒါပေမဲ့ ဘာတတ်နိုင်မှာတုံးဗျာ။ တာတေက အညာသားလေ။ ပြီးတော့ တောင်သူရဲ့ သားလေးဗျာ၊ ဒီလိုပဲ မိရိုးဖလာ လုပ်လာတဲ့ နှမ်းစိုက် ပဲစိုက်အလုပ်ကို လုပ်ရတော့တာလေ။ တင်တပမ်း စိုက်ကြ ပျိုးကြ ။ ပြီးရင် ရင်တမမနဲ့ ဘုရားတပြီး သီးနှံအောင်ဖို့ ဆုတောင်းကြရတာပဗျာ။ ဒီနှစ်တော့ တာတေတို့ မဆိုးပါဘူး၊ နှမ်းနှုတ်၊ နှမ်းထောင်၊ နှမ်းပုတ်၊ နှမ်းခါပြီးတော့ အတော်လေး ရလိုက်တယ်ဗျို့။ အဘရော အမေရော ပြုံးပြုံးနဲ့ဗျ။ “ဂွပ်၊ ဂွပ် ၊ ဂွပ် ၊ ဂွပ် ၊ ဂွပ်” ကျုပ်အမေက ကျုပ်ကို ငရုပ်သီးထောင်းခိုင်းထားလို့ ထောင်းနေရတာလေဗျာ။ ပြောရဦးမဗျို့။ အမေက ဟင်းချက်ရင် ငရုတ်သီးကို အပုတဝက် ၊ အရှည်တစ်ဝက် ထောင်းတာဗျို့၊ ကျုပ်မှာ ငရုတ်သီး ရေစိမ်ကတည်းက ငရုတ်ပုဆယ့်တောင့် ငရုတ်ရှည်ဆယ်တောင့် စိမ်ရတာဗျ။ ရေမစိမ်ခင် ငရုတ်သီးတွေကို အညှာတံခြေရသဗျ။ ပြီးတော့မှ ဇလုံထဲမှာထည့်ပြီး ရေစိမ်တာ ၊ ငရုတ်သီး ရေစိမ်ထားတုန်း ကျုပ်က ကြက်သွန်နီ၊ ကြက်သွန်ဖြူကို ခွာထားရသေးသဗျ။ ကြက်သွန်တွေလည်း ခွာပြီးရော စောစောက ရေစိမ်ထားတဲ့ ငရုတ်သီးတွေလည်း ရေနူးရောပေါ့ဗျာ။ ဒီတော့မှ ငရုတ်ဆုံထဲထည့်ပြီး ငရုတ်သီး အရင်ထောင်း ညက်တော့မှ ကြက်သွန် ထည့်ရတာပေါ့ဗျာ။
“ဟဲ့ တာတေ ၊ ငရုတ်သီးကို ညက်အောင်ထောင်း၊ လေးစိတ်ကွဲအောင် မထောင်းနဲ့ ၊ အစေ့ပျောက်အောင် ထောင်း ကြားလား၊ ငရုတ်သီး အစေ့ပျောက်ပြီး စေးပိုင်လာတော့မှ ကြက်သွန်ထည့်ထောင်း၊ ကြားလား” ကျုပ် ငရုတ်သီးထောင်းတိုင်း အမေက ကျုပ်ကို သင်တာဗျို့၊ တကယ်ကတော့ ဒီလို ငရုတ်သီးထောင်းတာကို သမီးမိန်းခလေးကို သင်ရမှာပေါ့ဗျာ၊ ဒါပေမဲ့ အမေက သ္မီး မမွေးဘဲ ကျုပ်တစ်ယောက်တည်း မွေးထားတော့ ကျုပ်ကိုချည်း လွှတ်သင်တော့တာဗျို့၊ ခင်ဗျားနှယ် ၊ သူပြောတဲ့အတိုင်း ထောင်းမထားလို့ကတော့ ခေါင်းလည်း ‘ဒေါက်ကနဲ ‘ ‘ဒေါက်ကနဲ ‘ မြည်အောင် အခေါက်ခံရသေးဗျ။ ငရုတ်သီးကိုလည်း ပြန်ထောင်းရသေးဗျ။ ဒီတော့လည်း စထောင်းကတည်းက ကျုပ်က အမေ့စိတ်တိုင်းကျ ထောင်းရတာပေါ့ဗျာ။ ‘ဂွပ်၊ ဂွပ်’လို့ မြည်နေတာက ကျုပ်အမေရဲ့ ငရုပ်ဆုံက စဉ့်ငရုပ်ဆုံဗျ။ငရုပ်ဆုံမှာ လက်ကိုင်ကွင်းပါတယ်၊ လက်ကိုင်ကွင်းရဲ့ ထိပ်မှာ ပန်းပွင့်ပုံလိုလို ၊ အရုပ်လိုလို ဘုသီးကြီးလည်း ပါတယ်ဗျ၊ ထောင်းတဲ့ ကျည်ပွေ့က သစ်သားကျည်ပွေ့ဗျ။
ဒီတော့ ငရုတ်သီးထောင်းတဲ့အသံက ‘ဂွပ် ၊ ဂွပ်’လို့ မြည်တော့တာပေါ့ဗျာ။ သူများအိမ်တွေမှာလို ကျောက်ငရုတ်ဆုံနဲ့ ထောင်းပါလား၊ ငရုတ်သီး ့မြန်မြန်ညက်တာပေါ့လို့ ကျုပ်က အမေ့ကို ပြောသေးတာဗျ။ “ဟဲ့ တာတေ ၊ နင်က ဘာသိလို့တုံး၊ ကျောက်ငရုတ်ဆုံက ကျောက်ကျည်ပွေ့နဲ့ ထောင်းရတာ၊ ကြာလာရင် ကျောက်ငရုတ်ဆုံကြီးက ကျယ်ပြီး အနက်ကြီး ဖြစ်သွားရော၊ ထောင်းတဲ့ကျည်ပွေ့ကလည်း တိုတိုလေး ဖြစ်သွားရော၊ အဲဒီကျောက်တွေက လူ့ဗိုက်ထဲ မရောက်လို့ ဘယ်ရောက်မှာတုံး၊ ကြာရင် ရောဂါဘယတွေ ဖြစ်မှာဟဲ့ ” ဟုတ်သားဗျ၊ ကြာရင် ထောင်းတဲ့ ကျောက်ကျည်ပွေ့ကြီး တိုလာရောလေဗျာ၊ အမေပြောတာလည်း ဟုတ်တုတ်တုတ်ပဲဗျို့၊ ကျုပ် ငရုတ်သီးတစ်ဆုံ ညက်သွားလို့ နဂါးဆေးပေါ့လိပ်ကလေး မီးညှိပြီး ဖွာနေတုန်း အမေ ပြန်ရောက်လာရောဗျ။ အမေက ရွာအနောက်ပိုင်းသွားပြီး ဝက်သားဝယ်လာတာဗျ။ မီးလောင်ကုန်းက ကိုပုတို့ ဝက်ပေါ်လို့လေဗျာ၊ အေမက ပို့ဖို့ မွာထားတာ။ “တာတေ၊ ငရုတ်သီး ညက်ပြီလား” “ညက်ပေါ့ဗျာ ၊ ကျုပ်တောင် ဆေးလိပ်ဖွာလို့ အမေရ” “အေး အေး ၊ ငရုတ်သီးက အစေ့ပျောက်ရဲ့လား တာတေ” “ပျောက်လို့ပဲ စေးပိုင်တောင်နေလို့ဗျ” “အေး ၊ အဲဒါမှ ကောင်းတာ လူလေးရဲ့၊ ဒါမျိုးနဲ့ ချက်မှ ဟင်းမှာ အဆီအနှစ်တက်တာ” “အမေ့ဝက်သား ကောင်းလားဗျ” “ကောင်းချက်တော် ၊ မီးလောင်ကုန်းက ငပုက အရီးငွေစိန်အတွက်ဆိုပြီး သုံးပိဿာတွဲ တွဲထားတာ သုံးထပ်သားရော၊ ဂုတ်သားရော၊ ကလီစာရော စုံလို့” “ဆွမ်းစားချိန် မီပါ့မလားဗျ” “ဟဲ့ တာတေရဲ့ မီတာပေါ့ဟဲ့၊ အစောကြီး ရှိသေးတာ၊ ဝက်သားဆိုတာ ဆီပူထိုးပြီး ၊ အတွင်းရေထုတ်ချက်ရတာ၊ အဲဒီအတွင်းရေ ထုတ်တတ်ရင် နှစ်ရေခန်းရုံနဲ့ အိနေတာ လူလေးရဲ့၊ မရမ်းသီးခြောက်ကလေးတွေထုတ်ပြီး အမေ့ကို ရေစိမ်ပေးဦး လူလေးရယ် ၊ ဝက်ဂုတ်သားကို မရမ်းသီးခြောက်ကလေးနဲ့ တစ်ခွက်၊ သုံးထပ်သားကို ပုန်းရည်ကြီးနဲ့ တစ်ခွက်၊ ရိုးရိုးတစ်ခွက် ချက်မယ်၊ ကလီစာကတော့ ရိုးရိုးချက်တဲ့အထဲက ပါမှာပေါ့” “ဟာ အမေ ဒီလို ဟင်းခွက်တွေ ခွဲချက်နေရင် ဆွမ်းချုင့်မီပါ့မလားဗျ” “ဟဲ့ တာတေ ၊ တစ်အိုးတည်း ပေါင်းချက်မှာဟဲ့၊ ပထမရေ ခမ်းတော့မှ အိုးတွေခွဲပြီး တစ်မျိုးစီ ချက်မှာ၊ ပထမရေမှာ ရေများများထည့်လိုက်ရင် ဒုတိယရေမှာက ရေနည်းနည်းပဲ ထည့်ရတော့တာ၊ ဘာမှမကြာဘူး” ဟုတ်ပါ့ဗျာ၊ ကျုပ်အမေကတော့ ဝက်သားချက်တဲ့ နေရာမှာ နာမည်တစ်လုံးနဲ့ကို နေတာဗျ၊ ပုဗ္ဗာရုံကျောင်းက ကျုပ်ဆရာတော် ဦးဂုဏဆိုရင် အမေများ ဝက်သားဟင်းနဲ့ ဆွမ်းကပ်လို့ကတော့ ပြုံးနေတာဗျ။
အမေ ဆွမ်းချိုင့်ပြင်ပြီးတော့ ဆွမ်းစားချိန် အဝေးကြီး လိုသေးတာ၊ ဆွမ်းကတော့ မနက်အစောကြီး ထချက်ထားတာကိုးဗျ၊ အမေ ဆွမ်းချိုင့်ပြင်နေတုန်း အဘက ရွာထဲက ပြန်ရောက်လာတယ်၊ ဘယ်လိုတုံးတော့ ကိုဥာဏ်ရဲ့ ၊ ဘိုးညီလေ အခြေအနေ” “သက်သာသွားပါပြီ၊ အပူလည်း ကျသွားပြီ၊ ငါနဲ့တောင် ထိုင်ပြီး စကားစမြည် ပြောလို့ ” ဘိုးညီလေး ဖျားလို့ဗျ။ ကျုပ်အဘက မနက်အစောကြီး သတင်းမေးသွားတာ။ အဘရော အမေရော ဆွမ်းချိုင့်ကြီး ဆွဲပြီး ဆရာတော့် ကျောင်းကို ဆွမ်းကပ်သွားကြတော့ ကျုပ်က အိမ်စောင့်ပေါ့ဗျာ။ လူဆိုတာက အားနေရင် နေတတ်တဲ့အမျိုး မဟုတ်ဘူးလေဗျာ။ ဆေးလိပ်ဖွာရင်ဖွာ၊ ရေနွေးသောက်ရင်သောက် ၊ ပုတီးစိပ်ရင် စိပ်၊ ဝိုင်းဖွဲ့စကားပြောရင်ပြော ၊ အိမ်အလုပ်ကလေး လုပ်ရင် လုပ်နေရမှ ဖြစ်တာလေဗျာ။ ကျုပ်လည်း အခုအားနေတော့ ရေနွေးကြမ်းသောက်မလို့ တစ်ခွက်ငှဲ့ထည့်လိုက်တယ်၊ အမေတို့ အဘတို့က လက်ဖက် ခြောက်တော့ အကောင်းသောက်ကြတာ၊ ရေနွေးငှဲ့လိုက်ကတည်းက ပျံတက်လာတဲ့ အငွေ့ထဲမှာ လက်ဖက်ခြောက်နံ့က ကြိုင်တက်လာလို့ဗျို့။ ရေနွေးကြမ်းဆိုတာကလည်း ပူပူလေးကို ဖူးကနဲ ဖူးကနဲ မှုတ်သောက်မှ ကောင်းတာဗျ။ ရေနွေးကြမ်းလေး နှစ်ခါသောက်လိုက်ရုံ ရှိသေးဗျ။
“တာတေရေ၊ တာတေ” ဝိုင်းဝကနေ ကျုပ်နာမည်ကို လှမ်းခေါ်လိုက်တဲ့အသံ ကြားလိုက်လို့ သောက်လက်စ အကြမ်းပန်းကို လင်ဗန်းထဲ ပြန်ချထားလိုက်တယ်။ ဝိုင်းဝကို လှမ်းကြည့်လိုက်တော့ ဟာ ဘန့်ဘွေးကုန်း ကိုကြီးစိန်သောင်းဗျ။ ဝါးခမောက်ကလေး ဆောင်းလို့။ ကိုကြီးစိန်သောင်းဆိုတာက အရီးမလုံးကြည်ရဲ့သားလေဗျာ။ အသက်က လေးဆယ်လောက်ရှိပြီ။ ဒါပေမဲ့ အခုထိ လူပျိုကြီးဗျ။ အိမ်ထောင်သာမကျတာဗျ။ ကိုကြီးစိန်သောင်းက အသားလတ်လတ်၊ နှာတံပေါ်ပေါ်၊ နှုတ်ခမ်းမွေးလေးစစနဲ့၊ သူငယ်ငယ်က အပျိုတွေ ကြိုက်ကြဆိုပဲ၊ ဒါပေမဲ့ ကိုကြီးစိန်သောင်းကိုက သားယူ မယားယူ အိမ်ထောင်ထူရတာကို စိတ်မဝင်စားတာဗျ။ “ကိုကြီးစိန်သောင်း ဝင်ခဲ့လေဗျာ” လို့ ကျုပ်က အသံပေးလိုက်တော့မှ ကိုကြီးစိန်သောင်းက ဝိုင်းထဲဝင်လာပြီး အိမ်ပေါ်တက်လာတာဗျ။ ကျုပ်က ရေနွေးကြမ်း အဆင့်သင့် ငှဲ့ထားတယ်။ နဂါးဆေးပေါ့လိပ် အသစ်တစ်လိပ် ထုတ်ပေးထားတယ်၊ ကျုပ်တို့အညာမှာ မောလာရင် ရေသောက်ကြတာ မဟုတ်ဘူးဗျို့၊ ရေနွေးပူပူကိုပဲ တဖူးဖူးနဲ့ မှုတ်ပြီး သောက်ကြတာဗျ။ကိုကြီးစိန်သောင်းက ဝါးခမောက်ကလေးကို ချွတ်လိုက်ပြီး သူ့ခမောက်ကလေးနဲ့ပဲ ယပ်ခတ်နေတယ်ဗျ။ “သောက် ကိုကြီးစိန်သောင်း ၊ ရေနွေးကြမ်းလေး သောက်ဦးဗျ” ကိုကြီးစိန်သောင်းက ကျုပ်ငှဲ့ပေးထားတဲ့ ရေနွေးကြမ်း ပန်းကန်ကို ကောက်ယူပြီး နှုတ်ခမ်းမှ တေ့လိုက်တယ်၊ ပြီးတော့မှ ဖူးကနဲ ဖူးကနဲ မှုတ်ပြီး တစ်ကျိုက်ပြီး တစ်ကျိုက် သောက်တော့တာဗျို့။
“လက်ဖက်ခြောက်က ကောင်းလှချည်လားကွ၊ တာတေရ” “ဟာ ကိုကြီးစိန်သောင်းကလည်း ကောင်းဆို စော်ဘွားနှုတ်ခမ်းမွေးလေဗျာ။ အဘက မြို့က ဝယ်လာတာဗျ၊ ကျုပ်အဘနဲ့ အမေက လက်ဖက်ခြောက်တော့ လွှတ်ရွေးတာဗျ” “အေး ၊ နေပါအုံး တာတေရဲ့၊ ဘိုးဥာဏ်တို့ အရီးငွေစိန်တို့လည်း မမြင်ပါလားကွ” “အဘနဲ့ အမေ အခုပဲ ထွက်သွားကြတာဗျ။ ဆရာတော့်ကျောင်းမှာ ဆွမ်းသွားကပ်ကြတာ၊ ဒီနှစ် နှမ်းလေးကောင်းထားတော့ အဘတို့လည်း ပျော်နေကြတာဗျ” “အေးကွ၊ ငါတို့လည်း ဒီနှစ်တော့ မဆိုးပါဘူးကွ၊ နှမ်းရသား၊ တာတေရ” “ကိုကြီးစိန်သောင်းတို့ရော နှမ်းတွေ သိမ်းလို့ပြီးပြီလား” “ပြီးသွားပြီကွ၊ နှမ်းသိမ်းပြီးလို့ အမောဖြေမလို့ ရှိသေးတယ်၊ ပြဿနာက ထပေါ်လာလို့ မင်းဆီ ပြေးခဲ့ရတာကွ” “ဟင် ဟုတ်လား ၊ ဘာပြဿနာတုံးဗျ။ ကိုကြီးစိန်သောင်းရဲ့ ” “ငါတို့ဝိုင်းအဝမှာ ခေါင်းကြီးတစ်လုံး ရောက်နေလို့ကွ တာတေရ” “ဗျာခေါင်း၊ ဟုတ်လား ကိုကြီးစိန်သောင်း ၊ လူသေထည့်တဲ့ ခေါင်းလား” “အေးလေ တာတေရာ၊ မင်းကလည်း ခေါင်းပါဆိုမှ လူသေမထည့်လို့ လူအရှင်ထည့်ရမှာလားကွ၊ မင်းကလည်း ဆရာသမားတစ်ယောက် လုပ်နေပြီးတော့များ ၊ ဒုံးဝေးနေပြန်ပါရောကွာ” “ဟာ ကိုကြီးစိန်သောင်းကလည်း ကျုပ်က ဆရာသမား မဟုတ်ပါဘူးဗျ။ ဆရာကြီးတွေနဲ့ လျှောက်လိုက်ဖူးတာပါ။
ဆရာကြီးတွေ လက်တိုလက်တောင်းခိုင်းရင် လုပ်ပေးတဲ့ကောင်ပါ၊ ဒါတွေ ထားလိုက်ပါဗျာ၊ ကိုကြီးစိန်သောင်းတို့ ဝိုင်းဝကို အဲဒီခေါင်းကြီးက ဘယ်တုန်းက ရောက်တာတုန်း ” “ဘယ်တုန်းက ရောက်တာတုံးဆိုတာ ညကပေါ့ကွ၊ ဒီမနက်အစောကြီး ငါနဲ့ အမေနဲ့ ဘုန်းကြီးကျောင်းကို အရုဏ်ဆွမ်းပို့မလို့ ထွက်လာတော့ ဝိုင်းဝမှာ တွေ့တာပဲ တာတေရာ၊ ပြောရင်းနဲ့တောင် ကြက်သီးတွေ ထလာလိုက်တာကွာ” “ခေါင်းက အသစ်လား ၊ အဟောင်းလားဗျ၊ ရွှံ့တွေ ဘာတွေ ပေနေသလား” “ခေါင်းက ကျွန်းသားခေါင်းကွ၊ ကျွန်းသားမှ အထူကြီးနဲ့ လုပ်ထားတာဟေ့၊ ရောင်ဆီတွေ ဘာတွေ သုတ်လို့၊ ရောင်ဆီလည်း တော်တော်ကောင်းတာ၊ ညိုမှောင်နေတာပဲကွ၊ အဖုံးတွေ ဘာတွေ ကျကျနန ဖုံးထားတာ” “ဟာ ဟုတ်လား၊ ကိုကြီးစိန်သောင်း အဖုံးဖွင့်ကြည့်သေးလား” “ငါတော့ မဖွင့်ရဲဘူးကွ တာတေရ၊ ငါတို့တောင်ဘက်ဝိုင်းက ဘထွေးချစ်ထွန်းက လာပြီး ဖွင့်ကြည့်တယ်။ အထဲမှာတော့ ဘာမှမပါဘူးကွ၊ ဒါပေမဲ့ ခေါင်းမှာ စာထွင်းထားတယ်ကွ၊ စာက မှိန်နေလို့ ဘထွေးချစ်ထွန်းက အဝတ်စုတ်ကို ရေဆွတ်ပြီး ပွတ်ကြည့်တော့မှ ပေါ်လာတာကွ” “ဟင် ဟုတ်လား ၊ စာက ဘာတဲ့တုန်း” “မဖဲဝါ အသက်(၄၄)နှစ်တဲ့ကွ” “ဗျာ၊ ဘယ်လို ဘယ်လိုဗျ၊ ကိုကြီးစိန်သောင်းရဲ့” “မဖဲဝါ အသက် (၄၄)နှစ်ပါ ဆိုမှကွာ” ကျုပ် တော်တော်ကို အံ့သြသွားတာဗျ။ ဒါမျိုး ကျုပ် တစ်ခါမှ မကြားဖူးဘူးလေဗျာ။
“ဟာ ဒါဆိုရင် ဒီခေါင်းက မဖဲဝါ သေတုန်းက ထည့်တဲ့ ခေါင်းပေါ့ဗျ” “ဟာ ဒါတွေတော့ ဘာမှမသိဘူးလေကွာ၊ ဒါကြောင့်လည်း မင်းကို လာခေါ်တာပေါ့ တာတေရ၊ မင်း လိုက်ကြည့်ပြီး ဘာဖြစ်တာတုံးဆိုတာ ဝေဖန်ကြည့်ပေါ့ကွာ” “အခု ဒီခေါင်းကြီးက ခင်ဗျားတို့ ဝိုင်းထဲမှာလား” “ဟာ တာတေကလည်း ဒီလောက်ကျက်သရေမရှိတဲ့ ခေါင်းကြီးကို ဘယ်သူက ဝိုင်းထဲသွင်းထားမှာတုံးကွ၊ ငါတို့ဝိုင်းအပြင်မှာပဲပေါ့ကွ၊ ဒါပေမဲ့ ဘထွေးချစ်ထွန်းနဲ့ ငါနဲ့ မ,ပြီး ခြံစည်းရိုးနားတော့ ကပ်ထားတာပေါ့ကွ၊ အစက ဝိုင်းဝတည့်တည့်ကြီးမှ ချထားတာကွ” “ဟာ ဒါဆိုရင် ဘန့်ဘွေးကုန်းသားတွေ လာကြည့်နေကြရောပေါ့ဗျ” “အို ကြည့်လိုက်ကြတာမှကွာ၊ ရွှေမန်းတင်မောင်နဲ့ ပြိုင်ပြီး ရုံသွင်းရင်တောင် ရွှေမန်းတင်မောင်း ရှုံးလောက်တယ်ဟေ့၊ဒါပေမဲ့ ခပ်လှမ်းလှမ်းကပဲ အုံကြည့်နေတာကွ၊အနားတော့ တစ်ယောက်မှ မကပ်ရဲကြဘူး” “ကဲဒါဆိုရင် ကိုကြီးစိန်သောင်း ပြန်ချင်ရင် ပြန်နှင့် အဘနဲ့ အမေ ဘုန်းကြီးကျောင်းက ပြန်လာတော့မှ ကျုပ်လာခဲ့မယ်” “ဟာ မပြန်ပါဘူးကွာ၊ ဘိုးဥာဏ်တို့ ပြန်လာမှ မင်းနဲ့ ငါ အတူတူ သွားကြတာပေါ့ တာတေရာ” ကျုပ်လည်း ကိုကြီးစိန်သောင်းနဲ့ စကားပြောရင်း စဉ်းစားကြည့်တာပဲဗျ။ ဒါ ဘာဖြစ်တာတုံးဆိုတာ ကျုပ်ဖြင့် နားကို မလည်းဘူးဗျ။ ခေါင်းပေါ်မှာ မဖဲဝါ အသက်(၄၄)နှစ်လို့ ထွင်းထားတာက ဘာသဘောတုံး။ မဖဲဝါ သေတုန်းက ထည့်ပြီးမြှုပ်တဲ့ ခေါင်းဆိုရင်လည်း ကြာလှပြီပဲ၊ ရှိပါဦးမလား။ မြေကြီးထဲမှာ ဆွေးသွားမှာပေါ့ဗျ။ တစ်ယောက်ယောက် နောက်တာလား။ ဒါတော့ မဖြစ်နိုင်ဘူးဗျ။ ခဏနေတော့ အဘနဲ့ အမေ ပြန်ရောက်လာကြတယ်။ “ဟဲ့ ဒါ ဘန့်ဘွေးကုန်းက လုံးကြည်ရဲ့သား စိန်သောင်းမို့လား” အမေက မျက်လုံးပေါ်မှာ လက်ကလေးကာပြီး မေးသဗျ။ “ဟုတ်တယ်လေ အရီး ၊ ဘိုးဥာဏ် နေကောင်းရဲ့လား” ကိုကြီးစိန်သောင်းက အဘကိုလည်း နှုတ်ဆက်တယ်ဗျ။
“ဟကောင် စိန်သောင်း၊ မင်း အခုထိ အိမ်ထောင်မပြုသေးဘူးလား။ လူဆိုတာ အသက်ကြီးလာရင် ဆေးပေးမီးယူဆိုတာ လိုတယ်နော်” “ဟာ ဘိုးဥာဏ်ရာ၊ ဆေးပေးမီးယူတွေ မရှိရင်လည်း နေပါစေဗျာ၊ ကျုပ်ဖြင့် အိမ်ထောင်ပြုချင်စိတ်ကို မရှိပါဘူးဗျာ” “နို့ နင် အခု ဘယ်ကလှည့်လာတုံး စိန်သောင်းရဲ့ ” “ဘယ်ကမှ လှည့်မလာဘူး အရီးရေ၊ တာတေ့ဆီကိုပဲ တန်းလာတာဗျ” ကိုကြီးစိန်သောင်းက အဖြစ်အပျက်ကို တစ်ခါ ထပ်ပြီး ပြောပြတယ်။ အဘရော အမေရော အံ့သြကြတာပေါ့ဗျာ။ ကျုပ်လည်း နဂါးဆေးပေါ့လိပ်ကလေး ဖွာရင်း ကိုဈိနျသောငျး ပြောတာကို တစ်ခါပြန်ပြီး နားထောင်တယ်။ ဒါပေမဲ့ ကျုပ် ဘာမှမသိပါဘူးဗျာ။ အမေက ထမင်းပွဲပြင်ပြီး ကိုစိန်သောင်းကိုပါ ကျွေးတယ်။ ဒါ ကျုပ်တို့အညာဓလေ့လေဗျာ။ အိမ်မှာ ထူးထူးခြားခြား ဟင်းကောင်းလေး ဘာလေး ချက်တဲ့နေ့ဆိုရင် ဧည့်သည်မျှော်ကြတာဗျ။ ကိုယ့်အိမ်ရောက်လာတဲ့လူကို ကျွေးချင် မွေးချင်လွန်းလို့လေဗျာ။ ကျောက်ခဲတို့ သံမဏိတို့ဆိုတာ ကျုပ်တို့အိမ်မှာ စားနေကြ သောက်နေကြ ကောင်တွေပေါ့ဗျာ။ ဟင်းကောင်းချက်တဲ့နေ့မျိုးမှာ ဘယ်သူမှ မလာရင် အမေနဲ့ အဘက ကျုပ်ကို လွှတ်ပြီး ကျောက်ခဲနဲ့ သံမဏိကို ခေါ်ခိုင်းတာဗျ။ အမေ့လက်ရာ ဝက်သားဟင်း သုံးမျိုးကို စားရတဲ့ ကိုကြီးစိန်သောင်းဆိုတာ ခေါင်းတောင် မဖော်နိုင်တော့ဘူးဗျို့။ ထမင်းစားပြီးတာနဲ့ ကျုပ်နဲ့ ကိုကြီးစိန်သောင်းလည်း ဘန့်ဘွေးကုန်းကို ထွက်လာခဲ့ကြရောဗျ။ ဟုတ်ပါ့ဗျာ။ ဘန့်ဘွေးကုန်းရောက်တော့ ကိုကြီးစိန်သောင်းတို့ ဝိုင်းရှေ့က မန်ကျည်းပင်အောက်မှာ ချထားတဲ့ ညိုမဲမဲခေါင်းကြီးကို တွေ့ရတယ်။ လူတွေကလည်း အုံကြည့်နေကြတုန်းပဲဗျ။ ခေါင်းပျဉ်ပေါ်မှာ စာလုံးတွေ ထွင်းထားတာဗျ။
မဖဲဝါ အသက်(၄၄)နှစ်တဲ့ဗျို့။ ခေါင်းပျဉ်ပေါ်မှာ နာမည်ထွင်းတာ ဒီဘက် ခေတ်မှာ မရှိတော့ပါဘူးဗျာ။ စက္ကူပေါ်မှာ စာရေးပြီး ခေါင်းမှာ ကပ်ကြတာပါပဲ။ ဒီဓလေ့နဲ့ ခေါင်းပေါ်မှာ ထွင်းထားတဲ့ စာလုံးတွေရဲ့ ရေးဟန်ပုံစံကို ကြည့်ရတာတော့ တော်တော်ကို ရှေးကျတဲ့အချိန်ဆိုတာ ကျုပ် မှန်းမိတယ်။ ကျုပ်က ခေါင်းကို သေသေချာချာ ကြည့်တယ်။ ရွှံ့တွေ ဘာတွေ ပေနေတာ ဘာမှမရှိဘူးဗျ။ အမြဲတမ်းကို တိုက်ချွတ်ပြီး သန့်ရှင်းထားတဲ့ပုံပဲဗျ။ ကျုပ်က ခေါင်းဖုံးကို ဖွင့်ကြည့်တယ်။ လေတော်တော်လုံတာဗျို့။ စရွေးကို ကိုက်နေတာဗျ။ တော်တော်ကို တော်တဲ့လက်သမားကောင်းတစ်ယောက် လုပ်ထားတဲ့ လက်ရာဗျ။ “တာတေ ၊ မင်းကို အရီးမယ်ဆိုးက တွေ့ချင်လို့တဲ့” ခေါင်းကို တိုင်းကြည်နေတဲ့ ကျုပ်ကို ကိုကြီးစိန်သောင်းကလာပြောတာဗျ၊ ကျုပ်လက်နဲ့ တိုင်းကြည့်တာ ခေါင်းအရှည်က ခြောက်တောင်ရှိတယ်၊ ဒီခေါင်းဟာ ရှေးခေတ်ကခေါင်းဆိုတာ သေချာတာပေါ့ဗျာ။ ရှေးခေတ်လူတွေက အရပ်ရှည်ကြတော့ ခေါင်းကို အခုလို ခုနှစ်ပေ ၊ ရှစ်ပေ လုပ်ကြတာ ဖြစ်မှာပေါ့ဗျာ။ အရီးမယ်ဆိုးဆိုတဲ့ ဘွားတော်ကြီးက ဒီဘန့်ဘွေးကုန်းမှာတော့ အသက်ကြီးဆုံးဗျ။ အသက် ၉၀ ကျော်ပြီ။ ဒါပေမဲ့ သန်လိုက် မြန်လိုက်တာတော့ ပြောမနေနဲ့ဗျို့ ။ အခုထိကို သွက်သွက်သွက်သွက် ဖြစ်နေတဲ့ ဘွားတော်ကြီးဗျ။ ပြီးတော့ အရီးမယ်ဆိုးက ဒီအရပ်သူလည်း မဟုတ်ဘူး။ အောက်သူဗျ။ အညာသားနဲ့ အိမ်ထောင်ကျပြီး လိုက်လာတာ။
ဒီမှာနေကြာလို့သာ အညာသူ ဖြစ်သွားတာ။ ဘန့်ဘွေးကုန်းမှာတော့ အလှူအတန်းတွေ မင်္ဂလာဆောင်တွေရှိရင် ဘွားတော်ကြီး အရီးမယ်ဆိုးကို ဘာမဆို တိုင်ပင်ပြီးမှ လုပ်ကြတာလေဗျာ။ ဘွားတော်ကြီးကလည်း မယ်ဆိုးသာဆိုတာ၊ လွှတ်စိတ်ကောင်းရှိတာဗျ၊ စိတ်စေတနာကလည်း လွှတ်ကောင်းတဲ့ ဘွားတော်ကြီးပါဗျာ။ ကျုပ်က ကိုကြီးစိန်သောင်းတို့ အိမ်ပေါ်ကို တက်လိုက်သွားတယ်။ ဘုရားခန်းမှာ အရီးမယ်ဆိုးက ထိုင်လို့ဗျ။ ဖွေးနေတဲ့ ဆံပင်တွေကို ခေါင်းမှာ ဆံထုံးလေး ထုံးလို့၊ ပခုံးပေါ်မှာ ယောဂီတဘက်ကလေး တစ်ထည်ကလည်း တင်ထားသေးတယ်။ လက်ကောက်ဝတ်မှာတော့ စိတ်ပုတီးလေးတစ်ကုံး ပတ်ထားတယ်။ “လာကွဲ့၊ ထိုင် လူလေး မောင်တာတေ” “ဟုတ်ကဲ့ အဘွား” ကျုပ်က ပြောပြောဆိုဆိုနဲ့ ဘွားတော်ကြီးရှေ့ မလှမ်းမကမ်းမှာ ဝင်ထိုင်လိုက်တယ်ဗျ။ “အေး မောင်တာတေရေ၊ အဘွားက မင်းလာမယ်ဆိုလို့ မျှော်နေတာကွဲ့၊ တော်တော်နဲ့ ရောက်မလာလို့တောင် စိတ်ထဲ ပူမိသေးတယ်” “ကိုကြီးစိန်သောင်း ရောက်လာတော့ ကျုပ်အဘနဲ့ အမေတို့က ဆရာတော့်ကျောင်းကို ဆွမ်းပို့သွားနေလို့ စောင့်နေရတာ အဘွားရဲ့၊ အမေတို့ ပြန်လာတော့ ထမင်းစားပြီးမှ သွားကြလို့ ပြောလို့ ကိုကြီးစိန်သောင်းရော ကျုပ်ရော ထမင်းစားနေရတာ အဘွားရဲ့ ” “သြော် ဒါကြောင့် မင်းတို့ ကြာနေတာကိုး၊ အေး ၊ ဒီလိုကွဲ့ မောင်တာတေရဲ့၊ အခု ဝိုင်းရှေ့မှာ ရောက်နေတဲ့ ခေါင်းက မဖဲဝါ သေတုန်းက ထည့်ပြီးမြှုပ်တဲ့ ခေါင်းအစစ်ပဲ လူကလေး” “ဗျာ အဘွား သိတယ် ဟုတ်လား” “အေး အဘွား သိတယ်ကွဲ့၊ ဒါပေမဲ့ အဘွားကိုယ်တိုင် မီခဲ့တာတော့ မဟုတ်ဘူး၊ အဘွားတို့ ဘိုးဘွားတွေ အစဉ်အဆက် ပြောခဲ့ကြလို့ သိတာ” ခင်ဗျားလည်း သိတာပဲဗျာ၊ တာတေဆိုတဲ့ ကျုပ်က ဒါမျိုးဆိုရင် လွှတ်စိတ်ဝင်စားတဲ့ကောင်ဗျ။
“ဟာ ပြောပြပါ၊ အဘွားရယ်၊ ကျုပ်စိတ်ဝင်စားလို့ပါဗျာ” “မဖဲဝါတို့ မောင်နှမ ပိုင်ခဲ့တဲ့ အင်းကြီးက အဘွားတို့ ဘိုးဘွားတွေနေတဲ့ နယ်ထဲမှာပဲကွဲ့၊ မဖဲဝါရဲ့အစ်ကို ဦးစံမဲ့ကြီး အရှင်လတ်လတ်ကနေ သရဲကြီး ဖြစ်သွားတာတော့ မောင်တာတေ ကြားဖူးတယ်မို့လား” “ဟုတ်ကဲ့ အဘွား၊ ကျုပ် ကြားဖူးပါတယ်” “အေး သူ့အစ်ကိုက အရှင်လတ်လတ်က သရဲကြီးဖြစ်ပြီး ပျောက်သွားတဲ့ အခါကျတော့ မဖဲဝါဟာ တော်တော်ကြောက်သွားတာတဲ့၊ ဒါနဲ့ အင်းလုပ်ငန်းတွေလည်း ရပ်ပစ်လိုက်ပြီး သူတို့ ချမ်းသာသမျှကို လှူတန်းလုပ်တော့တာပဲတဲ့ကွယ်။ ဒါပေမဲ့ သိပ်နောက်ကျသွားပြီလေ၊ သူတို့မောင်နှမ နှစ်ယောက် လုပ်ခဲ့တဲ့ အကုသိုလ် နည်းတာမှ မဟုတ်တာ၊ တိုတိုပြောကြပါစို့ကွယ်၊ သူ့အစ်ကိုအတွက် စိတ်မကောင်းဖြစ်တဲ့စိတ်၊ သူတို့လုပ်ခဲ့တဲ့ အကုသိုလ် အလုပ်တွေအတွက် စိတ်မကောင်းမဖြစ်တဲ့စိတ်တွေနဲ့ ဦးစံမဲ့ မရှိတဲ့နောက် သိပ်မကြာဘူးတဲ့ အိပ်ရာထဲမှာ ဘုန်းဘုန်းလဲတော့တာဆိုပဲ။ ဆေးဆရာတွေပင့်ပြီး ကုပေမယ့် အကုသိုလ်တွေ ဖိစီးနေတော့ ဆေးက မတိုးဘူးပေါ့ကွယ်၊ ဒါနဲ့ပဲ အသက် (၄၄)နှစ်မှာ မဖဲဝါ သေခဲ့တာ” “အသက် သိပ်မကြီးသေးဘူးနော် အဘွား” ကျုပ်က ဘွားတော် ဒေါ်မယ်ဆိုးကို ပြောလိုက်တာဗျ။ “အေးပေါ့ လူကလေးရဲ့ ၊ ၄၄ နှစ်ဆိုတဲ့ အသက်ဟာ ဘာကြီးလို့တုံး ” “ဟုတ်ကဲ့ အဘွား ဆက်ပြောပါဦးဗျ” “အေး အေး ၊ အဘွားပြောပြပါမယ်၊မဖဲဝါက အင်းသူကြီး ဦးစံမဲ့ရဲ့ နှမပဲကွယ် ၊ချမ်းသာတာပေါ့၊ ဒီတော့ ခေါင်းစပ်တာတောင် ကျွန်းပျဉ်အကောင်းစားနဲ့ စပ်ပြီး ခေါင်းမှာလည်း မဖဲဝါ အသက်(၄၄)နှစ်ဆိုပြီး ကမ္မည်းသေသေချာချာ ထိုးပြီးမှ မြေမြုပ်သင်္ဂြိုဟ်တာဆိုပဲ။ ဒါပေမဲ့ ရက်လည်တဲ့ နေ့မှာပဲ တစ်နယ်လုံး အုတ်အော်သောင်းနင်း ဖြစ်ခဲ့ရတယ်တဲ့ဟေ့” “ဟင် ဘာဖြစ်လို့တုန်း အဘွားရဲ့ ” “မဖဲဝါကို မြှုပ်ထားတဲ့ နေရာမှာ မြေပုံပွင့်ထွက်သွားပြီး ခေါင်းရော အလောင်းရော ပျောက်သွားလို့တဲ့ဟေ့” “ဟာ ဟုတ်လား အဘွား ” “ဟုတ်တယ် မောင်တာတေ ။
ညဘက်ဆိုရင် ဟိုရွာ ဒီရွာတွေမှာ ဆံပင်ဖားလျားကြီးချလို့ ခေါင်းကြီးတစ်လုံး ပခုံးမှာ ထမ်းသွားနေတဲ့ မဖဲဝါကို တွေ့လိုက်ကြတယ်ဆိုပြီး သတင်းတွေ ထွက်လာတော့ တစ်နယ်လုံး အုတ်အော်သောင်းနင်း ဖြစ်ကြတော့တာပေါ့ကွယ်” “မြှုပ်ထားတဲ့ မြေပုံကို တစ်ယောက်ယောက်ကလာပြီး တူးသွားတာလားမှ မသိတာ အဘွားရဲ့ ” “မဟုတ်ဘူးတဲ့ကွဲ့၊ မြေပုံက သူ့အလိုလိုကို ပွင့်ထွက်သွားတာတဲ့ မောင်တာတေ” “ဟာ ဟုတ်လား အဘွား၊ ဒါဆိုရင် မဖဲဝါလည်း သူအစ်ကို ဦးစံမဲ့လိုပဲ လူစစ်စစ်ကနေ သရဲဖြစ်နေသွားတာ ထင်တယ်ဗျ” “လူတိုင်းက ဒီလိုပဲ ပြောကြတာတဲ့ မောင်တာတေ၊ အဲဒီမှာတင် မဖဲဝါ သောင်းကျန်းတော့တာတဲ့ဟေ့ ” ” ဟင် ဟုတ်လား အဘွား ၊ ဘယ်လိုများ သောင်းကျန်းတာတုံးဗျ” “ဒီလိုဟေ့ ၊ ညဆိုရင် ရွာထဲဝင်ပြီး ဝိုင်းတစ်ဝိုင်းရှေ့မှာ အခုလိုပဲ မြေမြှုပ်တဲ့ခေါင်းကြီး ချထားရောတဲ့၊ အဲဒီမှာတင် ဝိုင်းပိုင်ရှင်က အမဲသားရရ ကြက်သားရရ သေသေချာချာ ချက်ပြုတ်ပြီး ထမင်းထုပ် ထုပ်ရသတဲ့၊ ပြီးရင် ခေါင်းကို ရွာပြင်က သုသာန်မှာ သွားထားပေးရတာတဲ့။ အဲဒီလို ထည့်မပေးဘဲ ခေါင်းကြီးပဲ သွားထားလို့ကတော့ တစ်ရက် နှစ်ရက် အတွင်းမှာကို အဲဒီအိမ်က လူတစ်ယောက် သေရောတဲ့ဟေ့ ” “ဟာ ဟုတ်လား အဘွား၊ မဖဲဝါ တော်တော်ကြမ်းခဲ့တာကိုး” “အေး ဟုတ်တယ် ၊ သူ အစာစားချင်လာရင် ခေါင်းကြီးထမ်းပြီး ဟိုရွာ ဒီရွာ လိုက်ချထားတာတဲ့ကွဲ့၊ ဒီတုန်းက ဆိုရင် လူတွေက မဖဲဝါကို တော်တော်ကြောက်ကြတာဆိုပဲ။
ရွာထဲမှာ ပရိတ်တွေရွတ်လည်း မရဘူးတဲ့။ ညသန်းခေါင်လောက်မှာ ဆံပင် ဖားလျားကြီးချပြီး ခေါင်းကြီးထမ်းသွားနေတဲ့ မဖဲဝါကို ဟိုလူကတွေ့ ဒီလူကလေတွေ့နဲ့ဆိုတော့ ကြောက်တော့တာပေါ့ကွယ်” “ဟာ ဒါဆိုရင် အခုလည်း အဲဒီလို ပြန်လုပ်ပြန်ပြီ ထင်တယ် အဘွားရဲ့ ” “အေး အဘွားလည်း အဲဒီလို စဉ်းစားနေတာ မောင်တာတေရဲ့၊ မဖဲဝါကို အဲဒီလို မလုပ်ရဘူးဆိုပြီး အထက်ပုဂ္ဂိုလ်ကြီးတွေက ဒဏ်ထမ်းခိုင်းခဲ့လို့ ဒီနေ့အထိ မြို့တွေ ရွာတွေထဲကိုတောင် မဝင်ရတော့ဘူးလို့ အဘွား ကြားဖူးတာကွဲ့၊ အခု ခေါင်းကြီး လုံးကြည်တို့ ဝျိုငျးရှေ့ ရောက်နေတော့ စဉ်းစာရ တော်တော် ခက်သွားတာကွဲ့၊ အဘွားလည်း အိမ်ပေါ်မတက်ခင် ခေါင်းကို သေသေချာချာ ကြည့်တယ်ကွဲ့၊ အဘွားတို့ ဘိုးဘွားတွေ အစဉ်အဆက်ပြောခဲ့တဲ့ အဖြစ်အပျက်ထဲက ခေါင်းက ဒီခေါင်းပဲကွဲ့ မောင်တာတေရဲ့၊ မင်းကတော့ မဖဲဝါအကြောင်းကို တော်တော်လေး သိလိမ့်မယ်ထင်တယ်။ မဖဲဝါဟာ နှစ်ပေါင်းများစွာ မလုပ်တော့တဲ့၊ ဒီအလုပ်ကို အခုလို ပြန်လုပ်တာ ဘာသဘောလို့ ထင်တုံး မောင်တာတေ” “ကျုပ်လည်း မထင်တတ်ဘူး အဘွားရဲ့၊ ဒါပေမဲ့ ကျုပ်စိတ်ထင်တော့ မဖဲဝါဟာ ဒီလို စားမယ့်သောက်မယ့်ပုံ မရှိပါဘူးဗျ။ ဒါပေမဲ့ အရီးလုံးကြည်တို့ ဝိုင်းရှေ့မှာကလည်း ခေါင်းကြီးရောက်နေတော့ ခက်သားလားဗျာ” “မောင်တာတေ စဉ်းစားပေါ့ကွယ်၊ အဘွားတို့ ဘာလုပ်ရင်ကောင်းမတုံး” ကျုပ်က စဉ်းစားကြည့်တယ်။ မဖဲဝါအဆင့်ဟာ ဒီလိုလုပ်ရမယ့်အဆင့် မဟုတ်ဘူးလို့ ကျုပ်ထင်တယ်၊ ဒါပေမဲ့လည်း အရီးလုံးကြည်ဝိုင်းရှေ့မှာ ရောက်နေတဲ့ ခေါင်းကြီးကလည်း မဖဲဝါရဲ့ ခေါင်းလို့ ဘွားတော် ဒေါ်မယ်ဆိုးက ပြောနေပြန်ရောဗျ။ နောက်တော့ ကျုပ် အကြံရသွားတယ်ဗျို့။
“ကျုပ် အကြံရပြီး အဘွား ” “အေး ပြော မောင်တာတေ၊ ဒီခေါင်းကို ဘန့်ဘွေးကုန်း သင်္ချိုင်းမှာ သွားထားမယ်၊ ပြီးတော့ ကျုပ်က မဖဲဝါကို သပ်သပ်စားပွဲပေးပြီး ပင့်မယ်။ မဖဲဝါ ကြွလာရင် ဒီကိစ္စကို ပြောပြမယ်၊ ပြီးတော့ ဒီခေါင်းကို ပြလိုက်မယ်” “ဟာ တယ်ကောင်းတဲ့ အကြံပါလား မောင်တာတေ၊ နို့ မဖဲဝါက မောင်တာတေ ပင့်လို့ လာပါ့မလား” “လာပါတယ် အဘွားရဲ့၊ နတ်ဝင်သည် တစ်ယောက်တော့ လိုတာပေါ့ဗျာ” “နတ်ဝင်သည် ဟုတ်လား၊ မနေ့ကတော့ မြို့က နတ်ဝင်သည်တစ်ယောက် ရောက်နေတယ်လို့ ပြောသံကြားတာပဲ။ ခုတော့ ပြန်သွားပြီလား မသိဘူး၊ ဟဲ့ လုံးကြည် ၊ မိစိန်တို့အိမ်မှာ ရောက်နေတဲ့ နတ်ဝင်သည် ရှိသေးလား ၊ ဒီမှာ မောင်တာတေက နတ်ဝင်သည် လိုတယ်လို့ ပြောလို့ ” “မပြန်သေးဘူး ဘွားတော်ရေ၊ အဲဒါ ကျုပ်ခေါ်လာတာတော့” “ဟဲ့ ဒါ ဘယ်သူတုံး၊ လာလေ ဒီရှေ့ကို” ဘွားတော် ဒေါ်မယ်ဆိုးက ခပ်ငေါက်ငေါက် ခေါ်လိုက်တော့ စုထိုင်နေကြတဲ့ မိန်းမတွေထဲက အသက်သုံးဆယ်လောက် ရှိတဲ့ ခပ်ဝဝမိန်းမတစ်ယောက် ထွက်လာပြီး ဘွားတော်ရှေ့မှာ သွားထိုင်တယ်ဗျ။ “ဟဲ့ ဒါ မြောက်ပိုင်းက စိန်ရင့်သမီး လုံးတင်မို့လား၊ မြို့က နတ်ကတော်ကို ညည်းခေါ်လာတာလား” “ဟုတ်တယ် ဘွားတော်ရဲ့ မေးချင်စမ်းချင်တဲ့သူတွေ မေးရအောင်ဆိုပြီး ခေါ်လာတာတော” “အေးပါ အေးပါ၊ နို့ အဲဒီနတ်ကတော်ရောဟဲ့ လုံးတင်ရဲ့” “ကျုပ်တို့အိမ်မှာတော့် ၊နတ်ဟောနေတယ်” “မလုံးတင် ခင်ဗျာ နတ်ကတော်ကို အကူအညီတောင်းပေးပါဗျာ၊ ကျုပ် ဒီည မဖဲဝါကို ပင့်မလို့ အဲဒါကူညီပေးပါလို့ ” “ရပါတယ် တာတေရ။ ငါပြောလိုက်မယ်” “ဟဲ့ လုံးတင်၊ နတ်ကတော့်က နာမည်ဘယ်သူတုံး၊ အသက်အရွယ် ရှိပြီလဲဟဲ့ ” “ဘွားတော်ရေ၊ နာမည်က ဒေါ်တောက် ၊ အသက်က ငါးဆယ်လောက် ရှိပြီတော့ ” “သြော် အေး ၊ ကောင်းတယ်၊ ဒီအရွယ်ဆိုတော့ အတွေ့အကြုံ ရှိတာပေါ့ဟယ်၊ ငယ်ငယ်ရွယ်ရွယ်ဆိုရင် မဖဲဝါ ဝင်ပူးမှာ့ကို ဘွားတော်က စိတ်မချလို့ပေါ့အေ။ ကဲ မောင်တာတေရေ၊ အားလုံးအဆင်ပြေပြီဟေ့၊ မင်းလုပ်စရာတွေ လုပ်ပေတော့ ” “ဟုတ်ကဲ့ အဘွား” ကျုပ်နဲ့ ကိုကြီးစိန်သောင်းက ရွာထဲထွက်ပြီး ကြက်ဝယ်ဖို့ စုံစမ်းကြတယ်၊ ဒီမှာတင် ကိုအော်ဘော်နဲ့ တွေ့လို့ သတင်းတစ်ခု ရရောဗျ။
“တာတေ၊ အမဲသားရရင် ယူမလား” လို့ ကိုအောင်ဘော်က ကျုပ်ကို မေးတယ်။ “ဟာ ကိုအော်ဘော်ကဗျာ၊ ရရင် ပိုကောင်းတာပေါ့၊ ဒါပေမဲ့ အမဲသားက မြို့သွားမှ ရမှာလေး ဘယ်မီတော့မှာတုံး” “မြို့မသွားရဘူးကွ၊ တာတေရ၊ ဒီရွာမှာတင် ရမှာ။ ထိန်ကုန်းက ငပေတို့ အမဲပေါ်လို့ တိတ်တိတ်လာပို့ထားတာ။ မြောက်ပိုင်းက ကိုဝက်ကြီးအိမ်မှာ ရှိတယ်၊ စောစောကတော့ နှစ်တွဲ ကျန်သေးတယ်၊ နှစ်ပိဿာကွာ၊ ငါသွားပေးမယ်။ စိန်သောင်း ၊ ငါ့ကို ပိုက်ဆံသာ ပေးလိုက်” “ဘယ်စျေးတဲ့တုံး” ကိုကြီးစိန်သောင်းက မေးတာဗျ။ “တစ်ဆယ်စျေးလို့ ပြောတယ်ကွ စိန်သောင်းရ” ကိုကြီးစိန်သောင်းက ကိုအောင်ဘော်ကို ငွေနှစ်ဆယ် ထုပ်ပေးလိုက်တယ်။ ခဏကြာတော့ ငှက်ပျောဖက်နဲ့ ထုပ်ထားတဲ့ အထုပ်တစ်ထုပ်မ,ပြီး ကိုအော်ဘော် ပြန်ရောက်လာတယ်။ အရီးလုံးကြည်အိမ်မှာက လူသိပ်များနေလို့ ကိုအော်ဘော်တို့ အိမ်မှာပဲ ထမင်းဟင်တွေ ချက်ကြတယ်။ ညကိုးနာရီထိုးတော့ ကျုပ်ရယ် ၊ ကိုစိန်သောင်းရယ်၊ ကိုအော်ဘော်ရယ် ၊ရွာထဲက ကာလသားတွေရယ်၊ နတ်ကတော် ဒေါ်တောက်ရယ်ဘန့်ဘွေးကုန်းသင်္ချိုင်းထဲကို ရောက်လာကြတယ်။ ထမင်းတောင်း ထမ်းတဲ့လူကထမ်း၊ မဖဲဝါရဲ့ခေါင်းကြီးကို ဝိုင်းပြီးထမ်တဲ့လူက ထမ်းပေါ့ဗျာ။ အမှတ်တမဲ့ မြင်လိုက်ရတော့ ကျုပ်တို့ အသုဘချ လာတယ်လို့ ထင်မှာပေါ့ဗျာ။ သင်္ချိုင်းထဲရောက်တော့ မျက်နှာပြင်ညီတဲ့ ဂူကြီး တစ်ခုလုံးကို ကျုပ်က ရွေးလိုက်တယ်။ ဂူကတော့ တော်တော်ဟောင်းနေပါပြီ။ ဂူပေါ်မှာ ကျုပ်က ထမင်းထုပ်ဖြည်ပြီး တင်လိုက်တယ်။ တစ်နေ့ကုန် ချက်ထားတော့ အမဲသားက နူးအိပြီး မွှေးကြိုင်နေတာဗျ၊ ဂူပေါ်မှာ ရေဖလားနဲ့ ရေတစ်ခွက် ချထားတယ်၊ ဖယောင်းတိုင် တစ်တိုင်လည်း ထွန်းလိုက်တယ်။ နတ်ကတော် ဒေါ်တောက်ကတော့ ဆံပင်တွေကိုဖြည်ပြီး ဖားလျားချလိုက်တယ်၊ လက်အုပ်ချီပြီး သူ့လိပ်ပြာကို သိပ်နေပုံပဲဗျ။
“အရှေ့နေထွက် ၊ အနောက်နေဝင် ၊ တောင်တံငါ့ကွန်၊ မြောက်ဓူဝံအတွင်း ရောက်ရာအရပ်က ရှိရာအရပ်ကနေ သင်္ချိုင်းရှင်မ မဖဲဝါ ဒီနေရာ ဒီဌာနသို့ မြန်မကြာ လှမ်းကာကြွခဲ့ပါခင်ဗျာ။ ထနောင်းကုန်းက တာတေ စားပွဲဖြင့် ကြိုဆိုပါတယ် မဖဲဝါ ကြွပါ ၊ ကြွပါ၊ ကြွပါ” ကျုပ်က မျက်ကွင်းဆေး ကွင်းပြီးသားဗျ။ ပတ်ဝန်းကျင်ကို ကြည့်တယ်။ ဘာမှ ထူးထူးခြားခြား မတွေ့ရဘူး ဝူး ၊ ဝူး ၊ ဝူး ၊ ဝူး၊ အီ ၊အီ ၊ အီ” ဟော နီးလာပြီဗျို့၊ နက်ကျော်ကြီးအသံ တဖြည်ဖြည်း နီးလာပြိဗျို့။ နက်ကျော်ကြီး အကြောင်းကို ကျုပ် ရေးခဲ့ဖူးပါတယ်၊ နွားပေါက်တစ်ကောင်လောက်ရှိတဲ့ ခွေးနက်ကြီးလေဗျာ။ ‘မဖဲဝါ စီးတဲ့ကျား ‘တို့ ‘ငရဲဂူက တစ္ဆေထောင်’တို့မှာ နက်ကျော်ကြီး အကြောင်းကို ကျုပ်ရေးခဲ့တယ်လေဗျာ။ ဟော လာပြီဗျို့။ မဖဲဝါ လာပြီ၊ သင်္ချိုင်းဂူတွေအပေါ်က ကျော်ပြီး ရွေ့လာတာဗျို့။ အရပ်ကြီး ဆယ်ပေကျော်လောက် ရှိတယ်ဗျ၊ ဆံပင် ဖားလျားကြီးချလို့ ၊ မျက်လုံးနီနီကြီးတွေက အကြမ်းပန်းကန်လုံးလောက်ကို ရှိတာဗျာ။ ဟော ၊ ကျုပ် စားပွဲပြင်ထားတဲ့နေရာကို လှမ်းကြည့်နေတယ်ဗျ။ ဟော ပြေးလာပြီဗျို့။ ရိပ်ကနဲ ဝင်ကပ်လိုက်ပြီ။ ဒေါ်တောက်ဆီကို ဝင်ကပ်လိုက်ပြီ။ “ဝူး ဝူး ဝူး အီ အီ အီ” အကောင် မမြင်ရဘဲ အသံပဲ ကြားလိုက်ရတဲ့ မဖဲဝါရဲ့ ခွေးနက်ကြီးအူသံကြောင့် ကိုကြီးစိန်သောင်းရော ရွာကလိုက်လာတဲ့ ကာလသားတွေရော နောက်ကို တော်တော်ဝေးဝေးအထိ ဆုတ်သွားကြတယ်။ ကျုပ်ကတော့ ခွေးနက်ကြီးကို မြင်နေရတာပေါ့ဗျာ။ စားပွဲပြင်ထားတဲ့ ဂူနဲ့ မလှမ်းမကမ်းမှာ ထိုင်နေတာဗျ။
ဒေါ်တောက်က လက်တွေ ခြေတွေ ကွေးကောက်ပြီး ကို့ရိုကားရားကြီးနဲ့ ဂူပေါ်ကို လွှားကနဲ ခုန်တက်သွားတယ်။ “ဟာ ” ဘန့်ဘွေးကုန်းက ကာလသားတွေ လန့်ပြီး အော်လိုက်ကြတာဗျ။ ကျုပ်က နောက်လှည်ပြီး လက်ကာပြတယ်။ မဖဲဝါက ဂူပေါ်မှာ ဒူးကြီးတစ်ဖက်ထောင်ပြီး ထိုင်ချလိုက်တယ် ဟော စားပြီဗျို့။ စားပြီး ။ အမဲသားတုံးတွေကို အားရပါးရကို စားတာဗျ။ သူစားလို့ ဝတော့မှ ကျန်တဲ့ထမင်းတွေ ဟင်းတွေကို ငှက်ပျောဖက်ပါယူပြီး ခွေးနက်ကြီးဘက်ကို ပစ်ချလိုက်တယ်။ ဟာ စားပြီဗျို့။ နက်ကျော်ကြီးလည်း အမဲသားတွေ စားနေပြီဗျ။ မဖဲဝါက ရေသောက်ရင်း ကျုပ်ကို လှမ်းကြည့်တယ်။ ” ဒီလိုပါ မဖဲဝါ ၊ ဘန့်ဘွေးကုန်းက အရီးမလုံးကြည်တို့ အိမ်ဝိုင်းရှေ့မှာ ဟောဒီခေါင်းကြီး ရောက်နေလို့ပါ၊ ရွာထဲကလူတွေလည်း ကြောက်နေကြပါတယ် မဖဲဝါ” ကျုပ်က မြက်ခင်းထဲမှာ ချထားတဲ့ ခေါင်းကို လက်ညှိုးထိုးပြလိုက်တယ်။ ဒီတော့မှ မဖဲဝါက ခေါင်းကြီးကို မြင်သွားတာဗျ။ ခေါင်းကို မျက်လုံးပြူးကြီးနဲ့ ကြည့်နေတယ်။ “အီး..အား၊ အီး.” မဖဲဝါ အော်လိုက်တဲ့ အသံကြီးက သင်္ချိုင်းတစ်ခုလုံး ကျော်ထွက်သွားတယ်ဗျ။ မဖဲဝါ တော်တော်ကို ဒေါသဖြစ်သွားတဲ့ ပုံပဲဗျို့။ ဟော မဖဲဝါ သင်္ချိုင်းအနောက်ဘက်ကို လှမ်းကြည့်နေတယ်ဗျ။ ကျုပ်လည်း မဖဲဝါ ကြည့်တဲ့ဘက်ကို လိုက်ကြည့်လိုက်မိတာပေါ့ဗျာ။ ဟာ ၊ လာပြီဗျို့။ လာပြီ။ မည်းမည်းအကောင်ကြီးဗျာ။ နည်းတဲ့အကောင်ကြီး မဟုတ်ဘူးဗျ။ ကျုပ်လည်း ကိုကြီးစိန်သောင်းတို့ လူစုဘက်ကို ခပ်သုတ်သုတ်ပြေးပြီး ကပ်လိုက်ရတာပေါ့ဗျာ။ ဟော မဖဲဝါ ဒေါ်တောက်ကိုယ်ထဲကနေ ထွက်လာပြီဗျို့။ ဟာ အရပ်ဆယ်ပေကျော်လောက်ကြီး ပြန်ဖြစ်သွားပြီဗျာ။ သင်္ချိုင်း အနောက်ဘက်က ဝင်လာတဲ့ မည်းမည်းအကောင်ကြီးက ဆံပင် ဖားလျားကြီးနဲ့ဗျို့။ တစ်ကိုယ်လုံး အမွေးမည်မည်းကြီးတွေ ဖုံးနေတာဗျာ၊ မျက်လုံးနီနီကြီးတွေနဲ့ ကျုပ်ကို တစ်ချက်လှမ်းကြည့်တယ်။ “အီး အား အီး” မဖဲဝါက ဒေါသတကြီးနဲ့ အော်ပြန်ရောဗျာ။ ဒီတစ်ခါ အော်တာကိုတော့ ဘန့်ဘွေးကုန်းသားတွေ မကြားတော့ဘူးပေါ့ဗျာ။
ကျုပ်ကတော့ မျက်ကွင်းဆေး ကွင်းပြီး ကျန်တာကို နားနှစ်ဖက်ပါ ပွတ်ထားတော့ ဒိဗ္ဗသောတလို့ ခေါ်တဲ့ အကြားအရုံပါ ရတာပေါ့ဗျာ။ “ဟဲ့ ငမဲ၊ နင် ဘာလုပ်တာတုံး၊ နင့်ကို ယုံကြည်လို့ မဖဲဝါရဲ့ တလားစောင့်တာဝန် ပေးထားတာ၊ ဒီတလားသာ မသမာသူလက်ထဲ ရောက်သွားရင် ငါ ဘာဖြစ်မယ်ဆိုတာ နင်သိရက်သားနဲ့ အခု ဘာလုပ်တာတုံး” “စား၊ စား၊စား၊စား” ငမဲက စကားမပြောနိုင်ဘူးဗျ။လက်ကို အစာစားသလို လုပ်ပြပြီး စား၊စား၊ စားလို့ပဲ ပြောတာဗျ။ “နင့်အကုသိုလ်ကြောင့် နင်အစာ မစားရတာကို၊ နင် ဒီလိုလုပ်လို့ ရမလား ငမဲ” မြန်လိုက်တဲ့ မဖဲဝါဗျာ၊ စကားဆုံးတာနဲ့ လေထဲမှာ ရိပ်ကနဲ ရွေ့သွားပြီး လက်ဝါးကြီး လေထဲမြောက်တက်သွားတယ်ဗျို့။ “ဘုန်း ၊ ဘုန်း ၊ ဘုန်း ၊ ဘုန်း ” “အီး ” ငမဲကြီးရဲ့ ကျောကုန်းကို မဖဲဝါက သူ့လက်ဝါးကြီးနဲ့ ဆက်တိုက်ရိုက်ချလိုက်တယ်။ ‘အီး’ဆိုတာက ငမဲကြီး မချိမဆံအော်တဲ့ အသံကြီးပေါ့ဗျာ။ “နင် အခုချက်ချင်း ထွက်သွား၊သင်္ချိုင်းရှင်မရဲ့ တလားစောင့်တာဝန်ဟာ နင်နဲ့ မတန်ဘူး၊သွား” ငမဲကြီး ပြေးတော့တာပဲဗျို့။ မဖဲဝါက သူ့ရဲ့ ခေါင်းကြီးကို ကောက်ယူပြီး သူ့ပခုံးမှာ ထမ်းလိုက်တယ်။ ကျုပ်ကို တစ်ချက် လှည့်ကြည့်ပြီးတော့ ဂူတွေပေါ်ကနေ ရိပ်ကနဲ ရိပ်ကနဲ ရွေ့ပြီး ထွက်သွားရောဗျို့။ “ဝူး ၊ ဝူး ၊ ဝူး ၊ ဝူး၊ အီ အီ အီ” မဖဲဝါရဲ့ ခွေးနက်ကြီးကလည်း မဖဲဝါရဲ့နောက်ကနေ အပြေးအလွှား လိုက်သွားလေရဲ့။ ဒီတော့မှ ကျုပ်တို့လည်း ဂူပေါ်မှာ သတိလစ်နေတဲ့ ဒေါ်တောက်ကို ရေနဲ့တောက်ပြီး နှိုးရတော့တာပေါ့ဗျာ။ “ဝါး ” ဟော ဒေါ်တောက် သတိရလာပြီ ။ တော်ပါသေးရဲ့ဗျာ။ ကျုပ်က အသင့်ပါလာတဲ့ ရေပုံးထဲကရေနဲ့ ဒေါ်တောက်ကို ပါးစပ်တွေ လက်တွေ ဆေးခိုင်းလိုက်တယ်။ “တာတေ ၊ မဖဲဝါရဲ့ခေါင်းကြီး ဒီနားမှာ ချထားတာ ပျောက်သွားပါရောလား ၊ ဘယ်လိုဖြစ်လို့တုံးကွ” ကိုကြီးစိန်သောင်းက ကျုပ်ကို တအံ့တသြ မေးတာပေါ့ဗျာ။
“မဖဲဝါ သူ့အခေါင်းကို သူပြန်သိမ်းပြီဗျ။ တလားစောင့်တာဝန်ပေးထားတဲ့ ငမဲဆိုတဲ့ သရဲကြီးက စားချင်သောက်ချင်လွန်းလို့ လုပ်လိုက်တာပါ၊ ငမဲကြီးကို မဖဲဝါကိုယ်တိုင် ရိုက်ပြီး ဆုံးမလွှတ်လိုက်တာဗျို့၊ ငမဲကြီးလည်း ပြေးတော့တာပဲဗျာ” “ဟင် မင်း အဲဒါတွေ အကုန်မြင်ရတယ် ဟုတ်လား တာတေ” “ဟာ ၊ ကိုကြီးစိန်သောင်းကလည်း ကျုပ်က မျက်ကွင်းဆေး ကွင်းထားတာလေဗျာ။ အားလုံး မြင်ရ ကြားရတာပေါ့” ကျုပ်တို့တွေ ဘန့်ဘွေးကုန်းကို ပြန်ရောက်တော့ တစ်ရွာလုံး ဘယ်သူမှ မအိပ်ဘဲ စောင့်နေကြတာဗျို့ ကျုပ်က ဘွားတော်ကြီး ဒေါ်မယ်ဆိုးကို အကျိုးအကြောင်းတွေပြောပြပြီးတော့ ထနောင်းကုန်းကို ပြန်လာခဲ့တယ်။ ကိုကြီးစိန်သောင်းနဲ့ ကိုအောင်ဘော်က ကျုပ်ကို လိုက်ပို့ကြတယ်လေဗျာ၊ ကျုပ် ထနောင်းကုန် ပြန်ရောက်တော့ သန်းခေါင်ကြက်တောင်တွန်နေပြီဗျ။
ပြီးပါပြီခဗျာ
စာဖတျပရိတ်သတ်များအားလုံးပဲ စိတ်ရွှင်လန်းပါစေခဗျာ ဤဝတ္တုလေး အား ကြိုက်နှစ်သက်တယ်ဆိုရင် like and share လေး လုပ်ပေးသွားပါအုံးဗျာ။








