သံလက်ဝါး မဖဲဝါ ( စ / ဆုံး)

သံလက်ဝါး မဖဲဝါ ( စ / ဆုံး)

မူရင်းရေးသူ_ တာတေ

https://tuckerclassesjackal.com/jhzugzkf?key=cd6690b717e62dde5db9c35d34345ebe

ကျုပ်အနေနဲ့ မဖဲဝါကို ပထမဆုံး စသိခဲ့တာက ခုနှစ်တန်း ကျောင်းသားတုန်းကလေဗျာ။ ဟိုကောင်ဘထစ် ဟားတိုက်တော့ တလွဲတချော်တွေ ဖြစ်လို့ မဖဲဝါကို ခေါ်ပြီး အကူအညီတောင်းရတုန်းကပေါ့။ မဖဲဝါကို စပြီး မြင်ဖူးတာဗျ။ဒုတိယတစ်ကြိမ် မြင်ရတာက ကျုပ်ရှစ်တန်းနှစ်မှာဗျ။ အဲဒါလည်း ဘထစ်ပဲဗျာ။ဒီကောင်ခေါ်လို့ ကျုပ် ပါသွားတာလေ။ ကျုပ် ဒီနေရာမှာ တစ်ခုတော့ ပြောရဦးမယ်။ ကျုပ်သူငယ်ချင်း ဘထစ် ဘယ်လောက် စကားထစ်တယ်ဆိုတာကို ‘သင်္ချိုင်းတစ်ရာ မဖဲဝါ’မှာ ကျုပ် ပြောခဲ့ပြီးပြီမို့လား။ ဒီမှာတော့ ဘထစ်ရဲ့ ထစ်တဲ့ လေသံနဲ့ ကျုပ်ရေးမပြတော့ဘူး။ ပုံမှန်လေသံနဲ့ပဲရေးပြတော့မယ် ။ ဒါပေမဲ့ ဘထစ်က (ထစ် ထစ် ထစ် ထစ်)နဲ့ ပြောတယ်ဆိုတာကိုဆိုတော့ အားလုံးသိပြီးသားပဲဗျာ။ အဲဒီနေ့က ကျောင်းက မုန့်စားဆင်းတဲ့ချိန်မှာ ဘထစ် ကျုပ်ဆီ ရောက်လာတယ်။ “ဟေ့ကောင် တာတေ၊ မင်း ဒီည ငါတို့ သုသာန်ကျောင်းမှာ လာအိပ်ပါလားကွ” “ဟေ ဘာဖြစ်လို့လဲ ဘထစ်ရ၊ မင်းတို့ ကျောင်းမှာ အလှူရှိလို့လား ” “မဟုတ်ဘူးကွ၊ အလှူမဟုတ်ဘူး၊ အရမ်းစိတ်ဝင်စားဖို့ ကောင်းတဲ့ကိစ္စကြီးကွ” ဘထစ်က ဘေးကိုလည်း တစ်ချက်လှည့်ကြည့်လိုက် သေးတယ်ဗျ။ သူများ မကြားအောင် လေသံကလည်း ခပ်တိုးတိုး ပြောတာဗျ။

ဘထစ် အမူအယာကိုကြည့်ပြီး နည်းနည်းစိတ်ဝင်စားလာရောဗျို့။ “ဟေ့ကောင် ဘထစ်၊ မင်း ဘာမဟုတ်တာ လုပ်ဦးမလို့တုံး” “ငါ မလုပ်ပါဘူးကွ၊ လူကြီးတွေ လုပ်ကြမှာပါ” ကျုပ် အံ့သြပြီး မေးလိုက်မိတယ်။ ဘထစ်က ကျုပ်ကို မျက်မှောက်ကြီး ကျုတ်ပြီး ကြည့်နေတယ်ဗျ။ “ဟေ့ကောင် တာတေ၊ မင်း သူများတွေ ပြောတာဆိုလာ နည်းနည်းမှ မကြားဘူးလား ” ” ဟင် …မကြားဘူးကွ၊ ဘာကိစ္စကို ပြောတာတုံး” “အ,ပါ့ တာတေရာ။ မြို့ထဲမှာ လူတွေ ပြောဆို နေတာ မင်း မကြားဘူးလားကွ” “ဟေအေး ငါ တကယ်မကြားတာပါ၊ ဘထစ်ရာ” “ဒီလိုကွ တာတေရာ၊ အခု ဒီမြို့က တဖြည်းဖြည်း ချဲ့သွားတော့ သင်္ချိုင်းက မြို့လယ်မှာလို့ ဖြစ်နေတယ်မို့လား” “အေး ဟုတ်တယ်ကွ” “အဲဒါ သင်္ချိုင်းကြီး ရွှေ့တော့မှာကွ” “ဟာ ဟုတ်လား၊ ဘယ်ကိုရွှေ့မှာတုံးကွ။ဘထစ်ရ” “မြို့အနောက်ဘက်က ကညင်ပင်ကြီးနှစ်ပင်ရှိတဲ့ ကုန်းကိုတဲ့ကွ၊ အဲဒီမှာ ဇရပ်တောင် ဆောက်ပြီးပြီတဲ့ကွ” “သြော် ငါ သိပြီ။ ကညင်ပင်အမြင့်ကြီးတွေရှိတဲ့ ကုန်းပေါ့ တော်တော်ကျယ်တာပဲ ဘထစ်ရ” “အေး အဲဒါ ဒီည ပြောင်းမှာတဲ့ကွ” “ဟေ ဒီည ပြောင်းမှာ၊ ဘယ်လိုတုံး ဘထစ်ရ၊ သင်္ချိုင်းပြောင်းတာက ဘာတွေ သယ်စရာ ရှိနေလို့တုံး” ကျုပ်စကားကို ကြားတော့ ဘထစ်က ကျုပ်ကို စိတ်မရှည်တဲ့ပုံနဲ့ ကြည့်တယ်ဗျ။ “ဟေ့ကောင် တာတေ၊ သင်္ချိုင်းပြောင်းတယ်ဆိုတာ အဲဒီသင်္ချိုင်းထဲက နာနာဘာဝတွေကို နေရာသစ်ကို အရင်ပြောင်းပေးရတာကွ၊ အဲဒါပြီးမှ နေရာသစ်မှာ စပြီး သင်္ဂြိုဟ်ရတာ” “သြော် ဒီလိုလား ။ အဲဒါ ဒီည ပြောင်းမှာလား” “အေး ဟုတ်တယ် အဲဒါကြောင့် မင်းကို ငါတို့ကျောင်းမှာ လာအိပ်ပြီး ကြည့်ခိုင်းတာကွ။ ဒါမျိုးဆိုတာ အင်မတန်မှ ကြုံရခဲ့တာ၊ ကြုံတုန်း လာကြည့်ပါလား” “အေးကွ ဘထစ်ရ၊ ငါ တော်တော်စိတ်ဝင်စားသွားပြီ။ ဒီလို လုပ်မယ်ကွာ၊ ငါကျောင်းဆင်းရင် အိမ်ပြန်မယ်။

ပြီးရင် ငါ့ဘကြီးကို ပြောပြီး ငါ စက်ဘီးနဲ့ လာခဲ့မယ်” “ဟာ တာတေကလည်း မင်းဘကြီးကို သွားပြောလို့ကတော့ လွှတ်မလားကွ” ဘထစ်က ကျုပ်ကို အ,ရန်ကော ဆိုတဲ့ အကြည့်နဲ့ ကြည့်ပြီး ပြောတာဗျ။ “ဘထစ်ရာ ငါ အဲဒီလောက်တော့ မအပါဘူးကွာ။ သူငယ်ချင်းတစ်ယောက်အိမ်မှာ သင်္ချာသွားတွက်မယ်၊ အဲဒီသူငယ်ချင်း အိမ်မှာပဲ အိပ်မှာလို့ ပြောရမှာပေါ့ကွ လွှတ်ပါတယ်ကွ၊ ငါ အဆင်ပြေအောင် ပြောပြီး လာခဲ့မယ်ကွာ” “အေး ဒါဆိုလည်း ပြီးရောကွာ ။ မင်း ဆက်ဆက်လာခဲ့။ ငါ စောင့်နေမယ်” “အေး စိတ်ချ” ကျောင်းဆင်းလို့ အိမ်ပြန်ရောက်တော့ ရေမိုးချိုးပြီး ညစာစားတယ်။ ကျုပ်ဘကြီးက လူပျိုကြီးဆိုပေမယ့် ဟင်းချက်က လွှတ်ကောင်းတာဗျ။ အဲဒီညနေက ဘကြီးချက်တဲ့ ဝက်သနီချက်ကလည်း ကောင်းပါ့ဗျာ။ ထမင်းစားရင်းပဲ ဘကြီးကို ကျုပ်ခွင့်တောင်းတယ်။ ဘကြီးကလည်း ကျုပ်ကို သွားဖို့ ခွင့်ပြုပါတယ်” ညမိုးချုပ်စကလေးရောက်တော့ ကျုပ် စက်ဘီး ကလေးစီးပြီး ဘထစ်နေတဲ့ သုဿန်ကျောင်းကို ထွက်လာခဲ့တယ်။ (ဘထစ်အကြောင်းကို သိချင်ရင်တော့ ‘သင်္ချိုင်းတစ်ရာ မဖဲဝါ ‘စာအုပ်မှာ ဖတ်ကြည့်လိုက်ပါ) သုသာန်ကျောင်းကို ရောက်တော့ မိုးတောင်ချုပ်နေပြီဗျ။ ကျောင်းအဝင် နတ်လမ်းဝကနေ ဘထစ်က ကျုပ်လာမယ့် လမ်းကို ထွက်မျှော်နေတာဗျ။ “မင်း လာမှလာပါ့မလားလို့ကွ” “ဟာ ဘထစ်ကလည်း တာတေပါကွ၊ တာတေဆိုတဲ့ ကောင်က ဒါမျိုးကို ဘယ်မှာ လက်လွတ်ခံပါ့မလဲကွာ” “အေး လာ၊ မင်းစက်ဘီးကို တွန်းခဲ့။ ဟိုအုတ်လှေကား ဘေးမှာ သော့ခတ်ထားလိုက်” ကျုပ်ကလည်း ဘထစ်ပြောတဲ့အတိုင်း ဘကြီးဆီက ငှားလာတဲ့ ရက်ပ်လေးစက်ဘီးကလေးကို တွန်းယူလာပြီး ကျောင်းပေါ်တက်တဲ့ အုတ်လှေကားရဲ့ ဘေးဘက်မှာ အသာကပ်ပြီး စက်ဘီးကို သော့ခတ်ထားလိုက်တယ် ပြီးတော့ ဘထစ်ထိုင်နေတဲ့ နတ်လမ်းလေးက အုတ်ထိုင်ခုံမှာ ဝင်ထိုင်လိုက်တယ်။ “ဘယ်လိုလဲကွ ဘထစ်ရဲ့ ၊ ဘာတွေလုပ်နေကြပြီလဲ” “မလုပ်ကြသေးဘူးကွ၊ သင်္ချိုင်းဇရပ်ပေါ်မှာတော့ ကန်တော့ပွဲတွေ ပြင်ထားပြီကွ” “ကန်တော့ပွဲတွေက ဘာအတွက် လုပ်ရတာတုံးကွ” “ဟာ တာတေကလည်း မြို့တစ်မြို့ရဲ့ အဓိကရ သင်္ချိုင်းတစ်ခု နေရာရွှေ့တာ၊ လွယ်လွယ်လုပ်လို့ ဘယ်ရမှာလဲကွ၊ မြို့တော်ရှင်။ နတ်တော်ရှင်တွေကို ကန်တော့ပွဲ ပေးပြီး အသိပေးရတာပေါ့ ။ပြီးတော့ မဖဲဝါအတွက် ပွဲကိုတော့ ဟိုကြီးပင်ကြီးအောက်မှာ စားပွဲခုံနဲ့ သေသေချာချာ ပြင်ထားတယ်။ ပြီးတော့ မဖဲဝါကို စားပွဲသောက်ပွဲတွေလည်း ကျကျနန ပေးထားတာကွ။

ငါ စောစောက တစ်ခေါက် သွားကြည့်ပြီးပြီ” ဘထစ်နဲ့ ကျုပ်နဲ့ အုတ်ခုံကလေးမှာ ထိုင်ပြီး စကားပြောနေလိုက်ကြတာ အချိန်တွေ ကုန်မှန်းတောင် မသိလိုက်ဘူး။ ည (၉)နာရီတောင် ထိုးသွားပြီ။ “ဟော ကားသံတွေကွ၊ လာကြပြီထင်တယ် ” ဘထစ် ပြောလို့ ကျုပ် နားထောင်ကြည့်တယ် ဟုတ်တယ်ဗျို့။ ကားသံတွေ ကြားရတယ်။ ဒီသင်္ချိုင်းဘက်ကို မောင်းလာတဲ့ အသံပဲ။ “ဟေ့ကောင် ဘထစ်၊ နွားလှည်းတွေလည်း ပါတယ်ထင်တယ်ကွ။ ငါ နွားငေါက်သံတွေပါ ကြားနေရတယ် ” ဘထစ်ကလည်း နားကလေးစွင့်ပြီး ခေါင်းညိတ်တယ်ဗျ။ “ဟုတ်တယ် ဟုတ်တယ် တာတေရေ။ နွားလှည်းတွေပါ ပါပုံရတယ်ကွ” ကျုပ်တို့လည်း ထိုင်နေရာက ထထိုင်ပြီး ကျောင်းရှေ့ကို ထွက်လာခဲ့တယ်။ ကျောင်းပေါ်က ဦးပဉ္စင်းတွေရော တခြား ကျောင်းသားတွေပါ ဆင်းလာကြပြီဗျို့။ ကျုပ်နဲ့ ဘထစ်လည်း ကျောင်းထဲကနေ အပြင်ကို ထွက်လာခဲ့တယ်ဗျ။ “ဟဲ့ ကောင်လေး ဘချစ်၊ သင်္ချိုင်းအထိ သွားမကြည့်နဲ့၊ ခပ်ဝေးဝေးကပဲကြည့်၊ ကြားလား” ဦးပဉ္စင်းကြီးတစ်ပါးက ဘထစ်ကို လှမ်းပြောလိုက်တယ်။ ဘထစ်ရဲ့ နာမည်ရင်းက ဘချစ်လေဗျာ။ ဒီကောင် စကားထစ်လို့ ကျုပ်တို့က ဘထစ်လို့ ခေါ်ကြတာ။ “တင့်ပါဘုရား” ဘထစ်က ဦးပဉ္စင်းကြီးကို လက်အုပ်ကလေးချီပြီး ပြန်လျှောက်လိုက်တယ်။ ပြီးတော့မှ ကျုပ်ဘက်ကို လှည့်ပြီး … “လာ တာတေ၊ ငါ ညနေကတည်းက နေရာကောင်းကောင်း ရွေးထားပြီးသားကွ၊ ကြီးပင်ကြီးရဲ့ တောင်ဘက်မှာ လယ်ဝန်ဦးလွင်ဆိုတဲ့ အဘိုးကြီးရဲ့ အုတ်ဂူကြီးက အကြီးကြီးကွ၊ ဘေးမှာလည်း သစ်ပင်တွေ ပေါက်နေတော့ မှောင်ရိပ်လည်း ကျတယ်။ တို့ကို တော်ရုံလူ မြင်မှာ မဟုတ်ဘူး။ လာ ဇရပ်အရှေ့ဘက်က ကွေ့သွားမယ်” “လူကတော့ မမြင်ဘူးပေါ့ ဘထစ်ရဲ့။ သရဲကတော့ တို့ကို မြင်မှာပေါ့ ” ကျုပ်က ကျောထဲမှာ ကြက်သီးတွေ ဖျန်းကနဲ ထသွားတာနဲ့ ပြောလိုက်တယ်။

“မကြောက်ပါနဲ့ကွာ ၊ ငါတစ်ယောက်လုံး ရှိပါတယ်ကွ” ဘထစ်က ကျုပ်ကို အားပေးလိုက်တယ်ဗျ။ “အောင်မယ် မင်းကကော ဘာမို့လို့တုံး” “ဟာ တာတေ ၊ မင်းမေ့သွားပြီလား။ ငါက မဖဲဝါကြီးနဲ့ သိတယ်လေကွာ” “အေး ဟုတ်သားပဲ၊ တို့ကို သရဲတွေ တစ်ခုခုလုပ်ရင် မဖဲဝါကြီးက ကြည့်နေမှာ မဟုတ်ပါဘူး” ဒီတော့မှ ကျုပ်စိတ်ထဲမှာ နည်းနည်းအေးသွားတယ်ဗျ။ ကျုပ်နဲ့ ဘထစ် ဘိစပ်တောကလေးအကွက်ကနေ ဇရပ်ကို ပတ်ပြီး လာခဲ့တယ်။ မြယာပင်ကလေးတွေ ကျိုးတိုးကျဲတဲ ပေါက်နေတဲ့ နားကိုရောက်တော့ ဘထစ်က ပြောတယ်။ “ဟိုရှေ့က ဂူကို ပြောတာကွ၊ မန်ကျည်းပင်တွေ အောက်မှာ တွေ့လား၊ လာ ငါတို့ အဲဒီကို သွားမယ်” ဟုတ်တော့ ဟုတ်သားပဲဗျ၊ တော်တော်ကြီးတာ။ ဘထစ်က အရင်ခုန်တက်တယ်။ ကျုပ်က သူ့နောက်က တက်လိုက်တယ်။ ဟုတ်သားဗျ။ သစ်ပင်အုပ်အုပ် ကလေးတွေရဲ့ အရိပ်အောက်မှာ ကျုပ်တို့ကို တော်ရုံလူတော့ မြင်ရမှာ မဟုတ်ဘူးဗျ။ ကောင်းကင်မှာ လကွေးကွေးကလေးပဲ ရှိတာဆိုတော့ သင်္ချိုင်းတစ်ခုလုံး မှုန်မှုန်ကလေးပဲဗျ။ ကြီးပင်ကြီးအောက်ကို ဘထစ်က လက်ညှိုးထိုးပြတယ်။ ဟုတ်ပါ့ဗျာ။ စားပွဲကြီးတစ်လုံး ချထားပြီး ကန်တော့ပွဲတစ်လုံး ပြင်ထားတယ်ဗျ။ ပြီးတော့ ဇလုံတွေ၊ ပန်းကန်တွေနဲ့ စားပွဲသောက်ပွဲကြီး ခင်းလို့ဗျို့။ “ဒါ မဖဲဝါအတွက်လား” “အေး ဟုတ်တယ် တာတေ၊ သင်္ချိုင်းရွှေ့တဲ့ ကိစ္စက သူ့မပါလို့ မရဘူးလေကွာ၊ သူ့ရဲ့တစ္ဆေ၊ သရဲတွေကို သူ့ အမိန့်ပေးမှ ပြောင်းကြမှာကွ” “ဟာ ဟုတ်လားကွ ဘထစ်ရ” “လာပြီကွ တာတေရ၊ ကားတွေ ဝင်လာပြီ။ တစ်စီး နှစ်စီး သုံးစီး လော်လီကားကြီး သုံးစီးကွ၊ ဟာ နွားလှည်းတွေကတော့ အများကြီးကွ၊ တစ် နှစ် သုံး လေး …” ဘထစ်က လှည်းတွေကို လိုက်ပြီး ရေနေတယ်။

“ဟာ ဆယ့်နှစ်စီးကွ တာတေရ” ဟော ကားပေါ်ကလူတွေ ဆင်းလာပြီဗျို့။ စစ်ဗိုလ်တွေလည်း ပါတယ်ဗျ။ ဟော ဒီလူစု ဘယ်ကိုသွားမှာပါလိမ့်။ ဟာ မဖဲဝါရဲ့ စားပွဲကို သွားတာဗျို့။ ဟော လူစုထဲက လူတစ်ယောက်က ရှေ့ကို ထွက်လာတယ်ဗျ။ အောင်မာ ဒီလူကြီးကို ကြည့်ရတာ သျှောင်ထုံးကြီးနဲ့၊ နှုတ်ခမ်းမွေးကားကြီးနဲ့ဗျ။ဧကန္တတော့ ဒီလူကြီးက အထက်လမ်းဆရာကြီးတစ်ယောက် ထင်တယ်။ ဘထစ် ရွေးထားတဲ့နေရာက တော်တော်ကို ကောင်းတာဗျို့။ ဂူရှေ့မှာ မန်ကျည်းကိုင်းတွေ ညွှတ်ကျနေရုံ မကဘူး။ ဘိစပ်ပင် အရှည်ကြီးတွေက ထိုးထိုးထောင်ထောင် ထွက်နေလို့ ဂူကို ကွယ်နေတာဗျ။ ကျုပ်တို့ကို မြင်ဖို့ မလွယ်ဘူး။ ကျုပ်နဲ့ ဘထစ်လည်း လရောင်မှုန်ဝါးဝါးလေး အောက်က မြင်ကွင်းကို အားစိုက်ပြီး ကြည့်နေတာဗျို့။ “အဟမွး အဟမွး ” ဟော ဟိုဆရာကြီး တစ်ခုခုပြောတော့မယ်ဗျို့။ ချောင်းတွေဘာတွေဟန့်ပြီး လည်ချောင်းရှင်းနေပြီ။ “မဖဲဝါ မဖဲဝါ ကွင်းပိုင်ကြီးရဲ့နှမ မဖဲဝါ။ သင်္ချိုင်းတွေကို အပိုင်စား ရထားပါတဲ့ မဖဲဝါ၊ သင်္ချိုင်းမြေမှာ မှီတွယ်နေထိုင်ကြတဲ့ သရဲ၊ တစ္ဆေ၊ ဖုတ်၊ ပြိတ္တာ၊ ဘီလူး၊ မြေဖုတ်တို့ရဲ့ အရှင်မ မဖဲဝါ ရောက်လေရာအရပ်က ဒီသင်္ချိုင်းမြေကို အမြန်ဆုံး ကြွခဲ့ပါ။ မြို့တော်ရှင် ၊ နယ်တော်ရှင်တို့ရဲ့ ခွင့်ပြုချက်အရ ကျွန်ုပ် အထက်ဆရာ မောင်မြို့သာမှ ဖိတ်ခေါ်ပါသည်။ အမြန်သာ ကြွခဲ့ပါ။ သင်္ချိုင်းရှင်မ မဖဲဝါခင်ဗျာ” သျှောင်တစ်စောင်းနဲ့ အထက်ဆရာ မောင်မြို့သာရဲ့ အသံဝါကြီးနဲ့ ဖိတ်ခေါ်သံက သင်္ချိုင်းမြေတစ်ခုလုံးကို လွှမ်းခြုံနေတော့တာဗျို့။ ဒီဆရာကြီးရဲ့ အသံကြီးက စိတ်ချောက်ချားစရာဗျာ။ စစ်ဗိုလ်ကြီးတွေရော၊ အရပ်သားကြီးတွေပါ အသာရပ်ပြီး ငြိမ်နေကြတာဗျ။ ခဏနေတော့ ဘထစ်က ကျုပ်ကို လက်ကုတ်ပြီး ပြောတယ်ဗျ။

“ဟေ့ကောင် တာတေ၊ မင်း အနံ့ရလား” “ဟေ ဘာနံ့လဲကွ ဘထစ်” “စိမ်းရွှေရွှေ အနံ့ကြီးလေကွာ” ဘထစ်က နှာခေါင်းလေး ပွစိပွစိလုပ်ပြီး ကျုပ်ကို ပြောတယ်ဗျ။ကျုပ်လည်း သူလိုပဲ နှာခေါင်းလေး ပွစိပွစိလုပ်ပြီး အနံ့ခံကြည့်လိုက်တယ်။ “ဟာ …ဟုတ်တယ်ကွ ဘထစ်၊ စိမ်းရွှေရွှေအနံ့ကြီးကွ” “အေး အဲဒါ မဖဲဝါ လာခါနီးရင် အနံ့ကြိုပေးလိုက်တာကွ။ အဲဒီအနံ့ကြီးရရင် သင်္ချိုင်းထဲက သရဲတစ္ဆေတွေ တုပ်တုပ်တောင် မလှုပ်ရဲတော့ဘူးကွ တာတေရ” “ဟင် ဟုတ်လား ဘထစ်၊ မင်း ဘယ်လိုလုပ်ပြီး သိတာတုံး” “ဒါတွေ မေးမနေနဲ့ တာတေ၊ ငါသိလို့ပြောတာ” ကျုပ်လည်း ဘထစ်ကို ဘာမှမပြောတော့ဘူးဗျ။ “သင်္ချိုင်းရှင်မ မဖဲဝါ ၊ ရောက်လာပြီဆိုရင် မဖဲဝါ အတွက် ပေးထားတဲ့ စားပွဲသောက်ပွဲကို သဘောရှိ စားပါ။ သောက်ပါ မဖဲဝါ” ဟော အထက်ဆရာကြီးလည်း ကျုပ်တို့ရတဲ့ အနံ့ကို ရသွားတယ် ထင်တယ်ဗျ။ မဖဲဝါ ရောက်တော့မှာကို သိသွားပုံပဲ။ “ဟာ မဖဲဝါကြီး ရောက်နေပြီ တာတေ၊ စားပွဲတွေကို စိုက်ကြည့်နေတယ်ကွ” ကျုပ်ဖြင့် ကြက်သီးတွေ ထလိုက်တာဗျ။ “ဟေ့ကောင် ဘထစ် ၊ မင်း မြင်နေရလို့လား” “ဟုတ်တယ် တာတေ၊ ငါ မြင်ရတယ်။ ငါက မဖဲဝါတင်မကဘူး၊ တခြားတစ္ဆေ၊ သရဲတွေ အားလုံးကိုပါ မြင်ရတာ” “ဟေ၊ မင်း တကယ်ပြောတာလား၊ မင်း အရင်တုန်းက ငါ့ကို ပြောမဖူးပါဘူး” “ဒီအကြောင်းကို ဘယ်သူမှ မပြောရဘူးလို့ ဘဘုန်းက မှာထားလို့ကွ” “ဘဘုန်းဆိုတာ မင်းရဲ့ ဆရာတော်လား” “မဟုတ်ဘူး တာတေ။ငါရဲ့ ဘဘုန်းက ပျံတော်မူသွားပြီ။ ဒါကြောင့် ငါ့ကို သူ မပျံခင်မှာ ဒီဆရာတော်ဆီကို ပို့ပေးသွားတာ” “သြော် …ဒါထက် မင်းက တစ္ဆေ သရဲတွေကို မွေးကတည်းက မြင်ရတာလား” ကျုပ်က အရမ်းစိတ်ဝင်စားပြီး ဘထစ်ကို မေးလိုက်တယ်။ဘထစ်က ခေါင်းခါပြတယ်ဗျ။ “ဘယ်ဟုတ်ရမှာလဲ တာတေရာ။ မွေးကတည်းက မြင်တာ မဟုတ်ဘူး။

ဘဘုန်းမပျံခင်မှာ ငါ့ကို ဆေးပေါက်ပေးတာကွ။ အဲဒီမှာတင် ဆေးအောင်သွားတယ်လို့ ဘဘုန်းက ပြောတာပဲ၊ တဖြည်းဖြည်းနဲ့ နာနာဘာဝကို ငါ မြင်လာရတာ” “ဆေးပေါက်တယ်ဆိုတာ ဘာလုပ်တာတုံးကွ” “ဟကောင်ရ၊ လူကြီးတွေ ပေါင်မှာ ထိုးကွင်း ထိုးတာ မင်းမြင်ဖူးတယ်မို့လား ၊ ကြေးစုတ်နဲ့ ထိုးတာလေ” “အေး မြင်ဖူးတာပေါ့ကွ” “အဲဒီလို ကြေးစုတ်နဲ့ ဆေးပေါက်တာကို ပြောတာကွ။ ဟောဒီ မျက်ခွံနဲ့ မျက်ခမ်းလေးတွေမှာ ပေါက်တဲ့ ဆေးတွေက စွမ်းသွားတာကွ၊ ဒါကြောင့် ငါ ဒါတွေ မြင်ရတာ” “ဟာ မင်း အဲဒါတွေ မြင်နေရတော့ မကြောက်ဖူးလားကွ” “မြင်ခါစတုန်းကတော့ ကြောက်တာပေါ့ကွ၊ နောက်တော့လည်း ရိုးသွားတာပါပဲကွာ” “ဒီအကြောင်းကို ငါ အခုမှသိတာ။ မင်းကလည်း အင်မတန် ပါးစပ်လုံတဲ့ ကောင်ပဲ” “အခုတောင် မင်းကို ငါ လုပ်ပေးစရာရှိလို့ ဒီအကြောင်းပြောပြတာကွ” “ဟေ ငါ့ကို ဘာလုပ်ပေးမှာတုံး” “မင်း ငါမြင်သလို မြင်ကြည့်ချင်လား။ ကြောက်သလား” “ဟေ အဲဒီလို လုပ်ပေးလို့ရလို့လား ဘထစ်” “ငါမေးတာ မင်းဖြေလေ တာတေရာ၊ မင်း ကြည့်ချင်သလား” “အေး ကောင်းပြီ၊ မင်းလက်ဖဝါးနဲ့ ငါ့လက်ဖဝါးနဲ့ ကပ်ပြီး ဆုပ်လိုက်၊ အေး ဟုတ်ပြီ၊ မင်းမျက်စိ ခဏမှိတ်ထား” ကျုပ်ကလည်း ထူးဆန်းတာမှန်သမျှ သိပ်စမ်းသပ်ချင်တာ ဆိုတော့ ဘထစ် ခိုင်းတဲ့အတိုင်း လုပ်တာပေါ့ဗျာ “ဆေးစောင့်ကြီး၊ ကျုပ် မြင်သလို ကျုပ်သူငယ်ချင်း တာတေက မြင်ချင်လို့တဲ့။ သူ့ကို ဒီတစ်ည မြင်အောင် ကျုပ်ဆီက ဆေးကို ကူးပေးလိုက်ပါဗျာ” ကျုပ်တစ်ကိုယ်လုံး ပူခနဲ့ ဖြစ်သွားတယ်ဗျ။ ပြီးတော့ မျက်လုံးတွေက လှုပ်ခနဲ ဖြစ်သွားတယ်။ ကျုပ် နှာခေါင်းထဲမှာ အနံ့သင်းသင်းကလေး မွှေးသွားတယ်။ ကတိုးနံ့လိုလိုပဲဗျ။

“မွှေးလား တာတေ” “အေး မွှေးတယ်ကွ” “ကဲ ဒါဆိုရင် မင်းမျက်စိကို ဖြည်းဖြည်းဖွင့်၊ မင်း မကြောက်နဲ့နော်၊ ငါ့လက်ကိုလည်းဆုပ်ထား၊ မဖြုတ်လိုက်နဲ့ ” “အေးပါကွ၊ ငါ မကြောက်ပါဘူး ဘထစ်ရ” ကျုပ်က မျက်စိကို ဖြည်းဖြည်းဖွင့်လိုက်တယ်။ “ကြည့် ကြည့်၊ ဟိုလူကြီးတွေဘက်ကို လှမ်းကြည့်” ဘထစ်ပြောတဲ့အတိုင်း ကျုပ်ကြည့်တယ် “ဟာ ဘထစ်၊ ဟိုမှာ စားသောက်နေတာ မဖဲဝါကြီးလားကွ” “အေးလေ၊ အဲဒါ မဖဲဝါကြီးပေါ့ကွ၊ မင်း ကြောက်လား” “ဟာ မကြောက်ပါဘူးကွ” မဖဲဝါက အရပ်အရှည်ကြီးဗျ။ ကျုပ်စိတ်ထင် ဆယ်ပေလောက်ရှိမယ် ထင်တာပဲဗျာ။ ဆံပင်က ဖားလျားကြီး ချထားတယ်ဗျ။ ရှေးခေတ်က အဝတ်အစားမျိုး ဝတ်ထားတာဗျို့။ ခါးထောင် အင်္ကျီဗျ။ ထမီက ထိုင်မသိမ်းထမီ။ မျက်လုံးနီနီကြီးတွေနဲ့ လူတွေကို လိုက်ကြည့်ရင်း ထမင်းတွေ ဟင်းတွေကို စားနေတာဗျို့။ အထက်ဆရာကြီး ဦးမြို့သာကလည်း အကင်းတော့ ပါးသားဗျ။ မဖဲဝါကို သူ မမြင်ရပေမယ့် ထမင်းတွေ ဟင်းတွေ လျော့သွားတာကို သတိထားမိပြီး သူ့ဘေးက စစ်ဗိုလ်ကြီးကို လက်တို့ပြီး အချက်ပေးနေတယ်ဗျ။ ဟော စစ်ဗိုလ်ကြီးကလည်း စာရွက်တစ်ရွက်ကို ကပျာ ကယာဖြန့်ပြီး အသံကျယ်ကျယ်နဲ့ ဖတ်တယ်ဗျို့။ မဖဲဝါကြီးကတော့ စားရင်းသောက်ရင်း နားထောင်နေသဗျ။ “သင်္ချိုင်းစောင့် မဖဲဝါ သိစေရန် ၊ နိုင်ငံတော်ရဲ့ လေထု၊ ရေထု၊ မြေထု ၊ အားလုံးကို ပိုင်ဆိုင်တဲ့ အစိုးရမင်းကနေ ဒီအမိန့်ပြန်တမ်းကို ထုတ်လိုက်တယ်။ ဒီသင်္ချိုင်းမြေဟာ တဖြည်းဖြည်း ကျယ်ပြန့်လာတဲ့ မြို့ရဲ့ အလယ်မှာ ရောက်နေတာကြောင့် သင်္ချိုင်းမြေ ရှိသင့်တဲ့ မြို့စွန် ရွာစွန်သို့ ပြောင်းရွှေ့ရမှာ ဖြစ်တယ်၊ ဒါကြောင့် ဒီသင်္ချိုင်းမြေမှာ မှီတင်းနေထိုင်ကြတဲ့ သရဲ၊ တစ္ဆေ၊ ပြိတ္တာ၊ မြေဖုတ်၊ ဘီလူးမှစပြီးနာနာဘာဝအားလုံး အခုချက်ချင်း သင်္ချိုင်းမြေ အသစ်နေရာကို ပြောင်းနေထိုင်ကြစေ။ အစိုးရမင်းရဲ့ တစ်ချက်လွှတ် အမိန့်တော်။

နာနာဘာဝအားလုံး တစ်ကောင်မကျန် ပြောင်းရွှေ့စေဖို့ သင်္ချိုင်းစောင့် မဖဲဝါက တာဝန်ယူရမယ် ။ အမိန့်တော် ” စစ်ဗိုလ်ကြီးရဲ့ အောင်မြင်တဲ့အသံနဲ့ အမိန့်ပြန်တမ်းကို ဖတ်လိုက်ပြီးတော့ အထက်ဆရာ ဦးမြို့သာက ပြောပြန်တယ်ဗျ။ “သင်္ချိုင်းရှင်မ မဖဲဝါ။ ကျုပ်တို့ကို အကူအညီပေးဖို့ မေတ္တာရပ်ပါတယ်။ စားပါ ။ သောက်ပါ မဖဲဝါ။ အားလုံး အားရပါးရ စားပါဗျာ၊ ကဲ ဗိုလ်ကြီးတို့ ကားတွေ ခေါင်းလှည့်ထားကြ၊ နွားလှည်းတွေရောပေါ့” ဆရာကြီးဦးမြို့သာက သတိပေးလိုက်တော့ စစ်ဗိုလ်တစ်ယောက်နဲ့ အရပ်ဝတ်လူကြီးသုံးလေးယောက် ကားတွေနဲ့ နွားလှည်းတွေကို ခေါင်းလှည့်ဖို့ ပြောကြ၊ ဆိုကြ၊ ကားစက်နှိုးကြနဲ့ သင်္ချိုင်းထဲမှာ ဆူဆူညံညံတွေ ဖြစ်လာရောဗျို့။ ဟော မဖဲဝါကြီးက စားသောက်ပြီး ရေသောက်တယ်။ ပြီးတော့ လက်တွေဘာတွေ ဆေးလို့ဗျ။ ဟာ စားပွဲပေါ်မှာ ထွန်းထားတဲ့ ဖယောင်းတိုင်က မီးတောက်တွေ အမြင့်ကြီး ထတောက်ပြီဗျို့။ မဖဲဝါက ဆံပင် ဖားလျားကြီးနဲ့ ခေါင်းကိုမော့ပြီး ဘာတွေ ပြောနေတယ် မသိဘူးဗျ။ ဆရာဦးမြို့သာကတော့ တော်တော်ကို အကင်းပါးတဲ့သူဗျ။ အခြေအနေကို သူ အကဲခတ်တယ်။ ဖယောင်းတိုင် မီးတောက်ကြီးတွေ အမြင့်ကြီး ထတောက်တာ တွေ့ကတည်းက သူ့လူတွေကို ခေါ်ပြီး အုတ်ဇရပ် ကလေးဘက်ကို ထွက်သွားရောဗျို့။ အို အို ထွက်လာလိုက်ကြတာ။ နည်းနည်းနှောနှောမှ မဟုတ်တာဘဲ။ ဒီသင်္ချိုင်းမှာ တစ္ဆေ၊ သရဲတွေ ဒီလောက်များလိမ့်မယ်လို့ ကျုပ် တစ်ခါမှ တွေးမကြည့်မိပါဘူးဗျာ။ “ဟေ့ကောင် တာတေ၊ တွေ့လား အများကြီးပဲကွ” “အေးလေ၊ ငါ အဲဒါကို အံ့သြနေတာကွ။ ဟာ ဟိုကောင်က ခေါင်းကြီး အကြီးကြီးပါလားကွ။ ဟာ ဟို တစ်ကောင်က နားရွက်ကြီး အကြီးကြီးပဲ ဘထစ်ရ” “အေး ဟုတ်တယ်၊ မင်း ကြည့်နေ။ ကြည့်နေ၊ လျှာကြီးအရှည်ကြီးနဲ့ ပါးစပ်ပြဲပြဲ ကောင်ကြီးတစ်ကောင် ရှိတယ်ကွ။

လာလိမ့်မယ်” “ဟင် ဟုတ်လား ဘထစ်၊ မင်းတွေ့ဖူးတာပေါ့ ဟုတ်လား” “အေး ငါ အဲဒီကောင်ကြီးက ခဏ ခဏ တွေ့ဖူးတယ်ကွ၊ သူ့လျှာက အရှည်ကြီးဆိုတော့ လိပ်တောင်ထားရတာကွ” ကျုပ်ဖြင့် ကြက်သီးတွေ ထလိုက်တာဗျာ။ တဖြန်းဖြန်း ဖြစ်နေတာပဲ။ “အားလုံးဆိုရင် နှစ်ရာလောက်ရှိမယ် ထင်တယ်ကွ ဘထစ်ရ” “ငါ့စိတ်ထင်တော့ မကဘူး ထင်တယ်ကွ။ ကျော်လိမ့်မယ် ထင်တယ်။ ဟာ ကြည့်စမ်း တာတေ၊ မဖဲဝါကြီး ဒေါသဖြစ်နေတဲ့ပုံကွ၊ ဘာကို မကျေနပ်တယ် မသိဘူး” သရဲ၊ တစ္ဆေ၊ ဖုတ် ၊ ပြိတ္တာတွေ နှစ်ရာကျော်လောက် မဖဲဝါကြီးရှေ့က ကွက်မှာ အားလုံးငုတ်တုတ်ကလေးတွေ ထိုင်နေကြတယ်ဗျ။ မျက်လုံးနီနီကြီးတွေနဲ့ ဟိုကြည့် ဒီကြည့် လိုက်ကြည့်နေတယ်ဗျ။မဖဲဝါကြီးက တစ်ကောင်ချင်း လိုက်ကြည့်တယ် “ဝူး ဝူး အီး” ဟာ၊ မဖဲဝါ အော်လိုက်တဲ့ အသံကြီးက တကယ်ကို ကြောက်စရာကြီးဗျ။ ဟိုအကောင်တွေ ငြိမ်ကျသွားရောဗျို့။ တစ်ကောင်မှကို မလှုပ်ရဲတော့ဘူး။ မဖဲဝါက သူ့ခေါင်းကြီးကို တအားခါရမ်းလိုက်တယ်ဗျ။ ဆံပင်ဖားလျားကြီးက ဘေးကို ဝေ့ခနဲ ဝိုက်ခနဲ လွင့်သွားတာပေါ့ဗျာ။ “အီး၊ ဝူး ” ခေါင်းကြီး အပေါ်ကို မော့ပြီး အော်လိုက်တာ ကျုပ်ဖြင့် နားကွဲမတတ်ပါပဲဗျာ။ ဘထစ်ကို ကြည့်လိုက်တော့ အေးအေးဆေးဆေးပဲဗျ။ မဖဲဝါကို ကြည့်နေတယ်။ ဟာ၊ အကောင်ကြီးတွေဗျို့။ နည်းတာကြီးတွေ မဟုတ်ဘူး။ ဘယ်ကရောက်လာတယ် မသိဘူးဗျာ။ ဘွားခနဲ ပေါ်လာတာ။ လေးယောက်ဗျ။ လက်ထဲမှာ တင်းပုတ်ကြီးတွေကိုင်တဲ့ သူက ကိုင်ပြီး ဆူးလိပ်ကြီးတွေ ကိုင်တဲ့သူက ကိုင်ထားတယ်။ “ဝူး ၊ အီး ၊ အီး ‘ မဖဲဝါက ဘာပြောလိုက်သလဲတော့ မသိဘူးဗျ။ ဟိုကောင်ကြီးလေးကောင် သင်္ချိုင်းထဲကို ဝင်သွားတော့တာပဲ။

ခဏနေတော့ … “အား အား ” “အီး အီး ဝူး ဝူး ” ဆိုတဲ့ အော်သံကြီးတွေ သင်္ချိုင်းကြီးထဲက ဆက်လာတော့တာပဲဗျာ မဖဲဝါက ခါးကြီးထောက်ပြီး အသံတွေကို နားထောင်နေတယ်ဗျ ဟော လာပြီဗျို့။ လာပြီ။ လက်စသတ်တော့ သင်္ချိုင်းပြောင်းတာကို မကျေနပ်တဲ့ ကောင်တွေက ထွက်မလာဘဲ ပေနေတာကိုးဗျ။ “ဘုန်း ” “အီး” ဟာ၊ ခုနရောက်လာတဲ့ တင်းပုတ်နဲ့ကောင်ကြီး တစ်ကောင်က ခေါ်ထုတ်လာတာဗျို့ “ဟာ ဘထစ်၊ ဒါ မင်းပြောတဲ့ လျှာလိပ်ကြီး မဟုတ်လားကွ” “အေး ဟုတ်တယ်ကွ တာတေ၊ ဟောဒီ ကောင် လျှာကြီး ဖြည်ချလိုက်ပြီ” “ဟာ ဟုတ်သားပဲကွ၊ လျှာကြီးက မြေကြီး နားထောင်ရောက်တာပဲ။ ကြောက်စရာကြီးပါလား” ခေါ်သွားပြီဗျို့။ တင်းပုတ်နဲ့ကောင်က တင်းပုတ်နဲ့ တဘုန်းဘုန်းထုပြီး မဖဲဝါကြီးရှေ့ကို ခေါ်သွားတယ်ဗျ။ မဖဲဝါကြီးက လျှာလိပ်ကြီးကို မျက်လုံးနီနီကြီးတွေနဲ့ စိုက်ကြည့်နေတယ်။ ဟော မဖဲဝါရဲ့ လက်ကြီးတစ်ဖက်အပေါ်ကို မြောက်တက်သွားပြီဗျို့။ ဟာ ရိုက်ပြီ။ “ဘုန်း ” “အား” လျှာလိပ်ကြီးရဲ့ ကျောကုန်းကို ‘ဘုန်း’ခနဲမြည်အောင် ရိုက်ချလိုက်တာဗျာ။ မဖဲဝါရှေ့မှာ ဒူးမထောက်ဘဲ တောင့်တောင့်ကြီး လုပ်နေတဲ့ လျှာလိပ်ကြီးတော့ ‘အား’ခနဲ အော်ပြီး ဒူးကြီး ထောက်ကျသွားပြီဗျို့။ “ပြင်းလိုက်တဲ့ ရိုက်ချက်ကွာ၊ သံလက်ဝါးကြီးနဲ့ ရိုက်လိုက်သလားလို့တောင် ထင်ရတယ် ဘထစ်ရာ” “ဟုတ်ပါ့ကွာ၊ လျှာလိပ်ကြီးဆိုတာ တစ်ချက်တည်း ဒူးတုပ်ကျသွားတာပဲ၊ ဟာ ဟိုမှာ ဟိုမှာ နောက်တစ်ကောင် ခေါ်လာပြန်ပြီဟေ့” ဘထစ်ပြောတော့မှ ကျုပ် ကပျာကယာ လှမ်းကြည့်မိတယ်ဗျ။ဟာ တစ်ကိုယ်လုံး မည်းနက်နေတဲ့ အကောင်ကြီးဗျို့ အရပ်ကြီးကလည်း အမြင့်ကြီးဗျ။ မဖဲဝါရှေ့ကို ရောက်တာတောင် ဒီမည်းနက်နေတဲ့ ကောင်က ဒူးမထောက်သေးဘူးဗျ။ မဖဲဝါကို စူးစူးကြီး ကြည့်နေတယ်ဗျို့။ “အား အူး ဝူး ” ဟော ဒီကောင်ကြီးက ဒူးမထောက်တဲ့အပြင် မဖဲဝါကိုတောင် ခံအော်လိုက်သေးတယ်ဗျ။ “ဘုန်း ” “အီး အား ” ဟာ မြန်လိုက်တဲ့ ရိုက်ချက်။ တကယ်သံလက်ဝါးကြီးလိုပဲဗျာ။

မည်းမည်းနက်နက်နက်ကောင်ကြီးတော့ မဖဲဝါကြီး ရှေ့မှာ ဒူးကြီးထောက်လျက်ကြီး ငြိမ်သွားပြီဗျို့။ မဖဲဝါက ခါးကြီးထောက်ပြီး သင်္ချိုင်းထဲကို လှမ်းကြည့်နေတယ်ဗျ။ “ဟော လာပြန်ပြီဟေ့၊ ဒီတစ်ခါတော့ ဆံပင် အရှည်ကြီးနဲ့ကွ တာတေရ၊ ဘာကောင်လဲတော့ မသိဘူးကွ၊ ဟာ ဒီကောင်ကြီးကို ငါ မြင်ဖူးတယ်ကွ နားရွက်အကြီးကြီးနဲ့ကွ” “ဟာ ဟုတ်သားပဲကွ ဆံပင်ရှည်ကြီးအောက်မှာ နားရွက်ကြီးကွ။ ဟာ ကြာဖက်ကြီးတစ်ရွက်လောက် ရှိတာကွ။ ဟာ မျက်လုံးကြီးတွေကလည်း ပြူးကျယ်နေတာပဲဟေ့၊ ကြောက်စရာကြီးပါလား ဘထစ်ရာ” “အေး ဟုတ်တယ်၊ ဒီကောင်ကြီးက တော်တော်ကို ကြမ်းတမ်းတဲ့ပုံကွ၊ ဒီသင်္ချိုင်းထဲမှာ ငါ့ သူ့ကို အကြောက်ဆုံးပဲ” “ဒါဆို မင်း ဒီသရဲတွေကို အရင်ကတည်းက တွေ့ဖူးတာပေါ့ ဘထစ် ဟုတ်လား” “သြော် တွေ့ပါတယ်ဆို တာတေရာ။ အခု မင်းကိုတောင် အမြင်ကူးပေးထားလို့ မင်းပါ မြင်နေရတာမို့လား ” “အေး ဒါပေမဲ့ မင်း ငါ့ကို ကိုင်ထားတဲ့လက် လွှတ်လိုက်တာနဲ့ ငါ့အမြင်တွေက ပျောက်သွားမှာကွ။ မင်းကတော့ ဒါတွေကို အမြဲဆက်ပြီး မြင်နေရမှာပေါ့ ဟုတ်လား ဘထစ်” “ဟုတ်တယ် တာတေ ဒါပေမဲ့ ဒီအကြောင်းကို မင်း ဘယ်သူ့ကိုမှ ပြန်မပြောနဲ့နော်” “ဟာ ဒါတော့ စိတ်ချပါ ဘထစ်ရာ၊ ငါ့ ဘယ်သူကိုမှ ပြန်မပြောပါဘူး” “အေး ငါ မင်းကို ယုံပါတယ်ကွာ။ ဟော ဟိုမှာကြည့် တာတေ၊ နားကားကြီးက မဖဲဝါကို ခါးကြီးထောက်ပြီး အာခံနေတာကွ တွေ့လား။ မဖဲဝါ တော်တော် ဒေါသဖြစ်နေပြီကွ” “ဟာ …ဆော်ပြီဟေ့ ” ကျုပ်နဲ့ ဘထစ် ကြည့်နေတုန်းမှာပဲ မဖဲဝါက နားကားကြီးရဲ့ နားရွက်တစ်ဖက်ကို ဆတ်ခနဲဆွဲပြီး နားကားကြီးရဲ့ ကျောကို သူ့ရဲ့သံလိုမာကျောတဲ့ လက်ဝါးကြီးနဲ့ လွှဲရိုက်လိုက်တာဗျို့။

“ဘုန်း ” တစ်ချက်။ “ဘုန်း” နောက်တစ်ချက်။ “ဘုန်း” နောက်တစ်ချက် ။ သုံးချက်တောင် ဆက်တိုက်ရိုက်တာဗျို့။ သွားပြီ။ မဖဲဝါရဲ့ သံလက်ဝါးရိုက်ချက်ကို နားကားကြီး မခံနိုင်တော့ဘူးဗျ။ ဒူးကြီးထောက်ပြီး ခေါင်းကြီး ငိုက်စိုက်ကျသွားပြီ။ “နောက်တစ်ကောင် ကျန်ဦးမယ်ထင်တယ် တာတေရ၊ ဟော ဟုတ်တာပေါ့ကွာ၊ ကြည့်စမ်း ကြည့်စမ်း တင်းပုတ်နဲ့ကောင်ကြီးကို ခံရိုက်နေတာဟေ့။ ဒီကောင်က လက်ဝါးကြီး အကြီးကြီးပဲကွ၊ ဟာ ကြည့်စမ်း တာတေ၊ ဒီကောင်က နဖူးကြီး မောက်ပြီး မျက်လုံးက အလယ်မှာ တစ်လုံးတည်း ပါတာပဲကြ” “ဟာ ဟုတ်သားပဲ ဘထစ်ရ၊ ဒါ ဘာသရဲလဲကွ” “ဒါ သရဲမဟုတ်ဘူး တာတေ။ ဒါ ဘီလူးကွ” “ဟေ ဘီလူး ဟုတ်လား ဘထစ်၊ ဒီမှာ ဘီလူးလည်း ရှိတာပဲလား” “အေး တချို့သင်္ချိုင်းတွေမှာ ဘီလူးရှိတယ်ကွ သင်္ချိုင်းတိုင်းမှာတော့ မရှိဘူး၊ ဒါ ရှားရှားပါးပါး တွေ့ရတဲ့ ဘီလူးပဲ ” ကျုပ်လည်း ဘထစ်ပြောတဲ့ ဘီလူးကို သေသေချာချာ ကြည့်နေမိတယ်။ သူ့ကို ခေါ်လာတဲ့ တင်းပုတ်နဲ့ အကောင်အကြီးကြီး သရဲကြီးကို ဒီဘီလူးက သူ့လက်ဝါးကြီးနဲ့ လှည့်လှည့်ရိုက်နေတာဗျ။ “ဘုန်း ” သရဲကြီးက တင်းပုတ်နဲ့ ထုတယ်။ “ဘမ်း ” ဘီလူးက သူ့လက်ဝါးကြီးနဲ့ တင်းပုတ်သရဲကို လှည့်ရိုက်တယ်။ တစ်ယောက်တစ်ချက် တွယ်ကြရင်းနဲ့ ဘီလူး မဖဲဝါရှေ့ကို ရောက်သွားပြီဗျို့။ ဟာ ရိုက်ပြီဗျို့။ မဖဲဝါကို ဘီလူးက လှမ်းပြီး ရိုက်လိုက်တာဗျ။ “ဝီး ” လျင်လိုက်တဲ့ မဖဲဝါဗျာ။ အသာလေး နောက်ကို တိမ်းပေးလိုက်တာ။ လေကို ရိုက်မိတဲ့ အသံပဲ ကြားလိုက်ရတယ်။ ထပ်ရိုက်ပြန်ပြီဗျို့။ “ဝီး” မဖဲဝါ ရှောင်တယ်။ ထပ်ရိုက်တယ်။ ဒီတစ်ခါ မဖဲဝါကြီးက မရှောင်တော့ဘဲ သူ့ရဲ့ သံမဏိလို မာကျောတဲ့ လက်ဝါးကြီးကို ဖြန့်ပြီး ပေးလိုက်တယ်။

“ဟာ” လက်ဝါးနှစ်ခု ရိုက်မိတဲ့နေရာက မီးတွေတောင် ထတောက်သွားတယ်ဗျို့။ “ဟင် ” မျက်စိတစ်လုံးနဲ့ ဘီလူး ဘာဖြစ်တာလဲ ဆိုတာ ကျုပ်တော့ မသိတော့ဘူးဗျို့။ ဓါတ်လိုက်သလို ကျင်စက်နဲ့ တို့လိုက်သလို တစ်ကိုယ်လုံး တဆတ်ဆတ်တုန်ပြီး အော်တော့တာပဲဗျို့။ “အား၊ဝူး၊ အား၊ အီး” ဆိုတဲ့ အသံကြီးက သင်္ချိုင်းထဲမှာ လွှမ်းသွားတော့တာပဲဗျာ။ ကျုပ်ဖြင့် ကြက်သီးတွေ ထလိုက်တာ မပြောပါနဲ့တော့ဗျာ။ ဘထစ်လည်း့ငြိမ်ပြီးတော့ကို ကြည့်နေတာဗျို့။ ဘီလူး ဒူးထောက်ကျသွားပြီဗျ။ ဒီတော့မှ မဖဲဝါက တင်းပုတ်နဲ့ ကောင်ကြီးတွေကို လက်ပြလိုက်တယ်။ တင်းပုတ်သရဲကြီး လေးကောင်က သရဲတွေ တစ္ဆေတွေကို ထခိုင်းပြီး ခေါ်သွားတယ်။ ကားပေါ်ကို တန်းစီးတက်ခိုင်းတယ်။ ကောင်းကောင်း မတက်တဲ့ကောင်ဆိုရင် တင်းပုတ်စာ ကျွေးသဗျ။ ကားကြီးတွေဆိုတာ ငြိမ့်ခနဲ ငြိမ့်ခနဲကို နေတာဗျို့။ အထက်ဆရာ ဦးမြို့သာကလည်း အကင်းပါးပြီးသားပဲဗျာ။ ကားတွေ ငြိမ့်ခနဲ ငြိမ့်ခနဲ ဖြစ်ကတည်းက ကားတွေကို အဆင်သင့် စက်နှိုးခိုင်းထားတာဗျ။ တင်းပုတ်သရဲကြီးတွေက ကားတွေပြည့်သွားတော့ ကျန်တဲ့ သရဲတွေ၊ သရဲမတွေ၊ ကလေးသရဲကလေးတွေကို နွားလှည်းတွေပေါ် တက်ခိုင်းတယ်ဗျ။ လှည်းဆွဲတဲ့ နွားတွေဆိုတော့ နှာတွေ တဖူးဖူး မှုတ်တော့တာပဲဗျာ။ ထမ်းပိုးကနေ ရုန်းတဲ့နွားက ရုန်းနဲ့ ရုန်းရင်း ဆန်ခတ်တွေ ဖြစ်ကုန်ရောဗျို့။ ဟာ ဆရာဦးမြို့သာက အခြေအနေကို ချက်ချင်း သိသွားပြီဗျ။ ရုန်းနေတဲ့ နွားတွေကို လက်နဲ့ လိုက်ပွတ်ပေးပြီးတော့ ပါးစပ်ကလည်း တတွတ်တွတ် ရွတ်ဖတ်ပေးနေတယ်ဗျ။ ပြီးတော့ သူ့လွယ်အိတ်ထဲက အဆင်သင့်ယူလာတဲ့ စံပယ်ပန်းကုံးလေးတွေကို နွားတွေရဲ့ လည်းပင်မှာ ချိတ်ပေးလိုက်တယ်။ ဟုတ်တော့ ဟုတ်သားဗျို့။ နွားတွေ တဖြည်းဖြည်း ငြိမ်ကျသွားပြီဗျ။ မဖဲဝါက သူ့ရှေ့မှာ ဒူးထောက်နေတဲ့ အကောင်ကြီး လေးကောင်ကို လက်ပြပြီး ထခိုင်းလိုက်တယ်။ တင်းပုတ်သရဲကြီး လေးကောင်က ဘေးကရံလိုက်ပြီး ခေါ်သွားတယ်။ မဖဲဝါက နောက်က ကပ်လိုက်သွားတယ် ဒီတုန်းမှာပဲ မဖဲဝါက သူ့ကို ကျွေးမွေးထားတဲ့ စားပွဲပေါ်က လင်ဗန်းတစ်ချပ်ကို ကောက်ကိုင်လိုက်ပြီး စားပွဲပေါ်ကို ကိုင်ပေါက်လိုက်တယ်ဗျ။

“ချွမ်” ဆိုတဲ့ အသံကြီးက တိတ်နေတဲ့ သင်္ချိုင်းကြီးထဲမှာ ထွက်လာရောဗျို့။ အချိန်က သန်းခေါင်လောက်တော့ ရောက်ပြီ ထင်တယ်။ အကင်းပါးလိုက်တဲ့ ဆရာဦးမြို့သာဗျာ။ ‘ချွမ်’ဆိုတဲ့ အသံကြီးလည်း ကြားရော ရှေ့ဆုံးက ကားကို မောင်းခိုင်းလိုက်ရောဗျို့။ လူကြီးတွေက သူတို့စီးတဲ့ကားက သပ်သပ်ပါလာတာဆိုလို့ သူတို့ ကားပေါ်ကိုတက်ပြီး ရှေ့ဆုံးက ထွက်သွားတယ်။ လော်ရီကားကြီး သုံးစီးက အဲဒီနောက်က။ ပြီးတော့မှ နွားလှည်းတွေပေါ့ဗျာ။ နွားလှည်းတွေရဲ့ နောက်ကမှ မဖဲဝါရယ်၊ တင်းပုတ်သရဲကြီးတွေရယ်၊ သရဲဆိုးကြီး လေးကောင်ရယ် လိုက်သွားတယ်။ သူတို့ သွားရမယ့်လမ်းက မြို့ထဲကို ဖြတ်ရမှာဗျ။ တခြား လမ်းရှိတာ မဟုတ်ဘူး။ ဒါကြောင့် မဖဲဝါကိုယ်တိုင် လိုက်ရတာထင်တယ်။ “ဟေ့ကောင် တာတေ၊ လာ ငါတို့ လိုက်ကြည့်မယ် ဘာတွေထပ်ဖြစ်ဦးမလဲ သိရတာပေါ့ကွ” “အေး သွားမယ်လေကွာ” ပြောပြောဆိုဆိုပဲ ကျုပ်နဲ့ ဘထစ် ဂူပေါ်ကနေ ခုန်ဆင်းလိုက်ကြတယ်။ ပြီးတော့ မဖဲဝါတို့နောက် ခပ်လှမ်းလှမ်းကနေ ကျုပ်တို့နှစ်ယောက် လိုက်ခဲ့ကြတယ်။ သင်္ချိုင်းကထွက်ပြီး မြို့ထဲကို ချိုးခါနီးမှာ မဖဲဝါကြီးက နောက်ကို လှည့်ကြည့်တယ်ဗျ။ ကျုပ်ဖြင့် ကြောက်လိုက်တာဗျာ။ ကြက်သီးတွေ တဖျန်းဖျန်းထကိုသွားတာဗျို့။ ဘထစ်ကို ကြည့်လိုက်တော့ ခပ်တည်တည်ပဲဗျ။ မဖဲဝါကြီးက ဘထစ်ကို ကောင်းကောင်း မှတ်မိတယ်လို့ ကျုပ်ထင်တယ်။

ရှေ့ကို ပြန်လှည့်ပြီး ဆက်လျှောက်သွားတယ်။ ကျုပ်တို့လည်း နောက်က ဆက်လိုက်ခဲ့တယ်။ သြော် ပြောရဦးမယ်ဗျ။ ကျုပ်တို့ ဂူပေါ်က ခုန်ချကာနီးမှ ဘထစ်က ကျုပ်ကို ပြောတယ်ဗျ။ “ဟေ့ကောင် တာတေ၊ လက်ပြုတ်မသွားစေနဲ့၊ ပြိုင်တူ ခုန်ချမယ်၊ ဒီလက်ပြုတ်သွားရင်း မင်း ဘာမှမြင်ရမှာ မဟုတ်ဘူး” “အေးပါကွ” လို့ ကျုပ်က ပြန်ပြောပြီး သူ့လက်ကို ကျစ်ကျစ်ပါအောင် ဆုပ်ထားရတာပေါ့ဗျာ။ အခုထိ လက်တွဲမပြုတ်အောင် ဆုပ်ထားရတာ။ မဟုတ်ရင် ကျုပ် ဘယ်မြင်ရတော့မှာလဲ။ ဘထစ်နဲ့ ကျုပ်နဲ့ တစ်ယောက်လက်ကို တစ်ယောက် ဆုပ်ပြီး ဆက်လျှောက်ခဲ့ကြတယ်။ “ဝူး ဝူး ဝူး ဝု ဝု” ့မြို့ထဲက ခွေးတွေဆိုတာ အူလိုက်တာ မပြောနဲ့တော့ဗျာ။ ဒါပေမဲ့ ကားတန်းကြီး ဖြတ်သွားတဲ့နေရာက ခွေးတွေကတော့ အူဖို့ နေနေသာသာ အိမ်အောက်တွေ ဝင်ပြေးပြီး ‘အီ၊ အီ၊ အီ၊ အိ၊ အိ နဲ့ ကြောက်ပြီး အော်နေကြတာဗျို့။ “တွေ့လား တာတေ၊ ခွေးတွေ တအားကြောက်နေတာ၊ ခွေးတွေက သရဲကို မြင်ရတယ်ကွ၊ ဒါကြောင့် ဒီကောင်တွေ ကြောက်နေတာ” “ဘုန်း ” ဟာ ကျုပ်တို့နှစ်ယောက် စကားပြောနေတုန်း ရှေ့ကသွားနေတဲ့ သရဲကြီးလေးကောင်ထဲက မျက်လုံးတစ်လုံးနဲ့ ဘီလူးဆိုတဲ့ကောင် ဘာလုပ်လိုက်လို့လဲတော့ မသိဘူးဗျ။ မဖဲဝါကြီးက သူ့ရဲ့သံလက်ဝါးကြီးနဲ့ ရိုက်ထည့်လိုက်တာ တွေ့လိုက်ရတယ်ဗျို့။ ကားကြီးတွေကလည်း သိပ်အမြန်မမောင်းဘူးဗျ။ နွားလှည်းတွေကို စောင့်ပြီး ခပ်မှန်မှန်လောက်ပဲ မောင်းကြတာ။ “ဟာ တာတေ ကြည့်စမ်း သစ်ပင်ပေါ်က သရဲတွေရော၊ သရဲမတွေရော၊ သစ်ပင်ပေါ်က ပြေးဆင်းလာကြတာ တွေ့လား” “အေးကွ၊ ဘထစ်ရ၊ ဒီကောင်တွေ ရန်မူချင်လို့လား မသိဘူးကြ” “ဒီလိုတော့ ဟုတ်မယ် မထင်ပါဘူးကွာ” ဟော သရဲတွေက မြေပြင်မှာ ဒူးတုပ်ပြီး ခေါင်းငုံ့ထားကြတယ်ဗျို့။ သြော် လက်စသတ်တော့ မဖဲဝါကို အရိုအသေ ပေးကြတာကိုး။

“ဟေ့ကောင် ဘထစ် ငါတို့ ဆက်လိုက်လို့ ဖြစ်ပါ့မလား” “ဟေ ဘာဖြစ်လို့တုံး တာတေ” “မြေပြင်မှာ ဒူးထောက်နေတဲ့ သရဲတွေရှေ့က ငါတို့ဖြတ်လျှောက်ရင် တစ်ခုခု လှမ်းလိုက်ရင် ဘယ့်နှယ့်လုပ်မလဲကွ” “ဟာ မလုပ်ပါဘူးကွ၊ လူကို သူတို့ ဘာမှမလုပ်ပါဘူးကွ။ လုပ်လည်း မဖဲဝါကြီး ရှိနေတာပဲကွ” “ဟိုမှာကြည့် တာတေ၊ ဟိုသရဲကြီးတစ်ကောင်က ဒူးမထောက်ဘဲ ခါးထောက်ပြီး ကြည့်နေတာပါလားကွ” “ဘုန်း” “အင့် ” မြန်လိုက်တဲ့ မဖဲဝါကြီးဗျာ။ လှစ်ခနဲ ဆိုပြီး အနားကို ရောက်သွားတာဗျို့။ ခါးကြီးထောက်ရပ်နေတဲ့ သရဲကြီးကို ဖြတ်ရိုက်ချလိုက်တော့ သူ့ရဲ့ သံလက်ဝါး ရိုက်ချက်ကြီးကို ဘယ်သူမှ မခံနိုင်ပါဘူးဗျာ။ သရဲကောင်ကြီး ဒူးထောက်ပြီး မြေပေါ်ကို ပြုတ်ကျသွားတယ်ဗျို့။ ခေါင်းကြီးပါ ငိုက်စိုက်ကျသွားတာဗျ။ တဖြည်းဖြည်းနဲ့ မြို့ပြင်ကို ပြန်ထွက်လာပြီဗျ။ မြို့ထဲကို ဖြတ်ထွက်လာပြီဗျာ။ “ဟာ တာတေ ဟိုရှေ့မှာ ကြည့်စမ်း၊ အကောင်ကြီး အကြီးကြီးပဲကွ၊ ဓါတ်တိုင်ထက်တောင် မြင့်မယ်ထင်တယ်၊ လမ်းကို ပိတ်ရပ်နေတာကွ၊ တားနေတာထင်တယ်၊ ဒါ သူနေတဲ့ နယ်ထင်တယ်” “ဟာ ဟုတ်ပါရဲ့ကွာ၊ ဟော မဖဲဝါကြီး လေထဲကို မြောက်တက်ပြီး ပျံထွက်သွားပြီဟေ့။ ဟာ ဟိုကောင်ကြီးက မဖဲဝါကြီးကို ခံတွယ်နေပါလားကွ၊ မဖဲဝါတောင် မနည်းရှောင်ပေးနေရတယ်ဟေ့ ” “ဟာ တင်းပုတ်နဲ့ ကောင်ကြီးတစ်ကောင် လိုက်သွားပြီကွ၊ ဟ သူ့လက်ထဲက တင်းပုတ်က ဆူးချွန်ကြီးတွေ ထွက်လာတာဟေ့။ ဟာ ဝင်ရိုက်ပြီဟေ့၊ မျက်နှာကို ခုန်ရိုက်တာကွ။ ဟာ ဟိုကောင်ကြီး နောက်ဆုတ် နောက်ဆုတ်နဲ့ ဆုတ်သွားပြီး ။

ဟာ မဖဲဝါက သူကိုယ်သူ အကြီးကြီးဖြစ်အောင် လုပ်နိုင်တာပဲကွ၊ ကြည့်စမ်း ကြည့်စမ်း၊ ဟိုသရဲကြီးထက် နှစ်ဆလောက်ကို ကြီးသွားတာကွ၊ ဟာ ရိုက်ပြီဟေ့ ” “ဘုန်း၊ ဘုန်း၊ ဘုန်း၊ ဘုန်း ” သွယ်လိုက်တဲ့ ရိုက်ချက်ကွာ သုံးချက်ရိုက်လိုက်တာ တစ်ချက်တည်းလားတောင် ထင်လိုက်ရတယ်ဗျ။ သွားပြီ။ အကောင်ကြီး ဒူးတုပ်ကျသွားပြီဗျို့။ “ဖုန်း ဖုန်း ဖုန်း” တင်းပုတ်သရဲကြီးက အဆက်မပြတ်လို ရိုက်တော့တာဗျို့။ သရဲကြီး ဒူးထောက်ကျနေရာကနေ ကုန်းထပြီး မှောင်မည်းနေတဲ့ လယ်ကွင်းကြီးတွေ ဘက်ကို ထွက်ပြေးသွားတော့တာပဲဗျာ။ ဟော မဖဲဝါကြီးနဲ့ တင်းပုတ်သရဲကြီး ကျုပ်တို့ရှေ့ကို ပြန်ရောက်နေပြီဗျ။ ပုံမှန်အရွယ်တွေ ပြန်ဖြစ်သွားပြီလေ။ ကားတန်းကြီးနဲ့ လှည်းတန်းကြီးကတော့ ဘာမှမသိတော့ မောင်းမြဲမောင်းနေကြတာပေါ့ဗျာ။ သင်္ချိုင်းကြီး တစ်ခုပြောင်းရင် မဖဲဝါကြီးမှာ ဘယ်လောက်အလုပ်များတယ် ဆိုတာကို မျက်မြင်ကိုယ်တွေ့ သိလိုက်ကြတာကတော့ဘထစ်နဲ့ ကျုပ်နဲ့ပဲ ရှိတာပေါ့ဗျာ။ တခြားဘယ်သူမှ မသိကြပါဘူး။ အဲ အခုတော့ ခင်ဗျားလည်း သိသွားပြီပေါ့ဗျာ။

ပြီးပါပြီ။ စာဖတ်ပရိတ်သတ်များအားလုံးပဲ စိတ်ရွှင်လန်းပါစေခဗျာ။

Leave a Reply

Your email address will not be published. Required fields are marked *