အောင်မြတ်သာနှင့်သိုက်ဆက်သာသနာ
+++++++++++++++++++++++++++
“ ငအောင် ဘုန်းကြီးဝတ်ပြီ” ဆိုတဲ့စကားက မရမ်းချောင်ရွာတစ်ရွာလုံး နေ့ချင်းပြန့်နှံ့သွားခဲ့တယ်။
အချို့က ရက်ပိုင်းပဲဝတ်မှာလို့ ပြောသလို၊ အချို့ကျတော့လဲ လူကြားအောင်အောင် ဟန်ပြလုပ်တာပါဆိုပြီး ပြောနေခဲ့ကြတယ်။
ငအောင်ကတော့ ဘုန်းကြီးဝတ်မယ်လို့ ဆုံးဖြတ်ချက်ချပြီးတဲ့နေ့ကစပြီး အရက်သောက်ခြင်းကို ယတိပြတ် ဖျက်ချလိုက်ပါတော့တယ်။
နှစ်ပေါင်းများစွာ သောက်လာတဲ့ အစွဲက အရက်ဖြတ်တဲ့နေ့မှာပဲ အစွမ်းပြလာသလို လူကလဲ ဂယောင်ချောက်ချားတွေဖြစ်လာခဲ့တယ်။
“ အစ်မ… အစ်မ”
ရဟန်းခံပွဲအတွက်အလုပ်များနေတဲ့ မကြီးက ငအောင်ရဲ့ခေါ်သံကြောင့် ကန်တော့ပွဲပြင်နေတာကို ချပြီး အိမ်ထဲကိုဝင်လာခဲ့လိုက်တယ်။
“ ငအောင်… နင် နေလို့အဆင်မပြေဘူးလား”
“ ဟုတ်တယ် မကြီး… စိတ်ထဲကလဲနေလို့ အဆင်မပြေဘူး”
“ မနက်ဖြန်ပဲ ရဟန်းခံတော့မှာဆိုတော့ အတတ်နိုင်ဆုံးတော့ ထိန်းကြည့်ပါ မောင်လေးရယ်၊ စိတ်ထဲကနေ သရဏဂုံသုံးပါးရွတ်ပြီး အိပ်ကြည့်ပါလား”
“ အင်းပါ… အတတ်နိုင်ဆုံးတော့ ကြိုးစားအိပ်ကြည့်ပါမယ်”
ငအောင်က မကြီးနဲ့စကားဖြတ်လိုက်ပြီး သရဏဂုံသုံးပါးကို ရွတ်ကာ အိပ်ယာပေါ်လှဲချလိုက်တယ်။ ဒါပေမယ့် စိတ်ကို ချုက်တည်းမနိုင်တာကြောင့် ခေါင်းကိုခါယမ်းလိုက်ပြီး ဆတ်ခနဲကောက်ထိုင် လိုက်တဲ့အချိန် အိပ်ယာခြေရင်းမှာ တင်ပလ္လင်ခွေ ထိုင်ပြီး သူ့ကိုစိုက်ကြည့်နေတဲ့ အဖိုးအိုတစ်ယောက်ကို မြင်လိုက်ရတယ်။
“ ခင်ဗျား ဘယ်သူလဲ… ကျုပ် အိမ်ထဲဘယ်လိုရောက်နေတာလဲ”
“ မင်း ခံစားနေရတာကို မကြည့်ရက်လို့ ဆေးမြစ်တုံးလေးလာပေးတာ”
အဖိုးအိုက အိပ်ယာပေါ်မှာ လက်တစ်ဆစ်သာသာရှိတဲ့ အနီရောင် ဆေးမြစ်တစ်ခုကိုချပေးပြီး မျက်စိရှေ့မှာတင် ပျောက်ကွယ်သွားခဲ့တယ်။
ငအောင်လဲ အရှေ့မှာရှိနေတဲ့ ဆေးမြစ်ကိုကောက်ကိုင်လိုက်ပြီး နမ်းကြည့်လိုက်တဲ့အချိန်
“ ပါးစပ်ထဲငုံထားလိုက် လူလေး” ဆိုတဲ့အသံက အိမ်ခေါင်မိုးအပေါ်ကနေ ထွက်လာခဲ့တယ်။
ငအောင်လဲ အသံကြားတဲ့အတိုင်း ဆေးမြစ်ကိုပါးစပ်ထဲငုံထားလိုက်ရာ ပျို့တက်နေတဲ့ ခံစားချက်တွေပျောက်ကွယ်သွားပြီး လူကလဲ နေသာထိုင်သာရှိသွားခဲ့တယ်။
ဆေးမြစ်ကိုငုံထားရင်း လူက နံရံကိုမှီထားတဲ့အချိန် မျက်စိက တစ်ဖြေးဖြေးမှေးစင်းလာပြီး ခန္ဓာကိုယ်မှာရှိတဲ့ အကြောအချင်တွေပြောလျော့ကာ အိပ်မောကျသွားပါတော့တယ်။
မနက်မိုးလင်း အိပ်ယာကနိုးတော့ ပါးစပ်ထဲငုံထားတဲ့ ဆေးမြစ်မရှိတော့ပဲ လျာပေါ်မှာ အနီရောင်အစက်အချို့သာကျန်ရှိနေခဲ့တာကို ထူးဆန်းစွာမြင်တွေ့လိုက်ရတယ်။
ဒီလိုနဲ့ ညနေစောင်းအချိန်မှာတော့
ငအောင်ရဲ့ ရဟန်းခံပွဲက အောင်မြင်စွာပြီးဆုံးသွားခဲ့ပြီး ငအောင်ဆိုတဲ့နာမည်ကနေ ဉူးအာစာရအဖြစ်ကို ကူးပြောင်းသွားပါတော့တယ်။
ရဟန်းအဖြစ်ကိုခံယူပြီး တစ်ပတ်အကြာမှာတော့ ဉူးဇင်းအာစာရတစ်ယောက် တောင်ပေါ်ကို တက်ချင်တဲ့စိတ်တွေ တားမနိုင်ဖြစ်လာခဲ့တယ်။
ဒါကြောင့် နေ့ဆွမ်းဘုန်းပြီးတဲ့အချိန် တောင်ပေါ်ကို တစ်ပါးထဲတက်လာခဲ့ရာ တောင်ရဲ့ခါးအလယ်လောက်အရောက်မှာတော့ ခြင်းတောင်းတစ်လုံးကိုလွယ်ထားတဲ့ ကရင်အဖိုးကြီးတစ်ယောက် ဆေးလိပ်ထိုင်ဖွာနေတာ မြင်လိုက်ရတယ်။
ဉူးဇင်းအာစာရလဲ ကရင်အဖိုးကြီးကိုမြင်ပေမယ့် ဒီတိုင်းထင်းလာခုတ်တဲ့သူလို့ တွေးမှတ်ပြီး တောင်ပေါ်ကိုဆက်တက်ဖို့အလုပ်
“ ဉူးဇင်းလေး… အခုက တောင်ပေါ်ကို တက်ရမယ့်အချိန်မဟုတ်ဘူးဝေ့” လို့ပြောပြီး ထိုင်နေရာကနေ မတ်တပ်ထရပ်လိုက်ရာ အရပ်က ခုနှစ်ပေလောက်ထိမြင့်တက်သွားတာကို မြင်လိုက်ရတယ်။
ဉူးဇင်းအာစာရလဲ နေ့ခင်းကြောင်တောင် အခုလိုမြင်လိုက်ရတာကြောင့် ကြက်သီးမွှေးညှင်းတွေထလာပြီး စိတ်ထဲမှာလဲ ကြောက်စိတ်တွေဝင်လာခဲ့တယ်။ ဒါကြောင့် တောင်ပေါ်ကိုဆက်မတက်ပဲ အောက်ကိုဆင်းဖို့ လှည့်လိုက်ရာ အဆင်းတောလမ်းရဲ့ အလယ်မှာ လက်ပိုက်ပြီး ရပ်နေတဲ့ ယောဂီဝတ်လူတစ်ယောက်ကိုမြင်လိုက်ရတယ်။
“ ဉူးဇင်းလေး… ကြောက်စိတ်တွေ ဖြစ်နေတယ်နဲ့တူတယ်”
ရပ်နေတဲ့လူက ချိုသာတဲ့မျက်နှာထားနဲ့ပြောလိုက်ပြီး အနားကိုတက်လာချိန်မှာတော့ ခုနက ဖြစ်ပေါ်နေတဲ့ ကြောက်စိတ်တွေ ချက်ချင်းဆိုသလို ပျောက်ကွယ်သွားတာ ခံစားမိခဲ့တယ်။
“ ဒကာကြီးက ဘယ်သူပါလဲ… လူတော့ ဟုတ်ပါတယ်နော်”
“ လူမှ လူအစစ်ပါ ဉူးဇင်း… မယုံရင် ကျုပ်လက်မောင်းကိုကိုင်ကြည့်ပါ”
ယောဂီဝတ်လူက လက်ကိုထိုးပေးတာကြောင့် မဝံ့မရဲနဲ့ကိုင်ကြည့်ရာ သာမန်လူတွေလို အသားအရည်ဖြစ်နေတာကို သိလိုက်ရတယ်။
“ သင်က သာမန်လူဆိုတာ လက်ခံပါပြီ၊ ဟိုမှာရပ်နေတဲ့သူက သာမန်လူမဟုတ်ဘူးထင်တယ်နော်”
“ သူက ဉူးဇင်းလေးကို အန္တရာယ်ပေးမယ့်သူမဟုတ်ပါဘူး၊ တစ်ခုခုကို ပြချင်လို့ ခေါ်တာနေမှာပါ”
“ အေး… အေး… ဒီဉူးဇင်းက အခုမှ လာကြောက်နေတယ်ကွယ်၊ ဟက်ဟက်”
အရပ်မြင့်မြင့်နဲ့ကရင်အဖိုးကြီးက ခနဲ့တဲ့တဲ့ ရယ်လိုက်ပြီး လူတစ်ကိုယ်သွားလို့ရတဲ့ လျှိုလေးထဲကို ဆင်းသွားခဲ့တယ်။
“ ဒကာကြီးကို ဒီမှာအရင်ကမမြင်ဖူးဖူးနော်”
“ ကျုပ်က တောင်ပေါ်မှာ အဓိဌာန်ဝင်နေတာဆိုတော့ ဉူးဇင်းလေး မတွေ့မိတာဖြစ်မှာပါ၊ ဉူးဇင်းလေးကို လာပင့်တဲ့သူနောက်ကို လိုက်သွားကြရအောင်”
ယောဂီဝတ်လူက ဉူးဇင်းအာစာရရဲ့ လက်ကိုဆတ်ခနဲဆွဲယူပြီး လျှိုထဲကိုဦးဆောင်ခေါ်သွားခဲ့ပါတော့တယ်။
ကရင်အဖိုးကြီးခေါ်တဲ့နောက်ကို နာရီဝက်ခန့်လိုက်သွားပြီးချိန်မှာတော့ ရေညှိအထပ်ထပ်တက်နေတဲ့ လေးထောင့်နတ်ကွန်းတစ်ခုကို မြင်လိုက်ရတယ်။
ကရင်အဖိုးကြီးက နတ်ကွန်းရှေ့ကိုရောက်တော့ အထဲကိုလက်ညိုးထိုးပြပြီး လူတစ်ဖက်ခန့်ကြီးမားတဲ့ ကညင်ပင်ရဲ့အနောက်ကို ဝင်ရောက်ကာပျောက်ကွယ်သွားခဲ့တယ်။
ဉူးဇင်းအာစာရလဲ ကရင်အဖိုးကြီး ညွှန်ပြခဲ့တဲ့ နတ်ကွန်းထဲကိုကြည့်လိုက်ရာ တစ်တောင်သာသာခန့်ရှိတဲ့ ကျောက်သားရုပ်ထုတစ်ခုရှိနေပြီး ရုပ်ထုရဲ့ရှေ့မှာတော့ ရှည်မျောမျော ယွန်းသေတ္တာတစ်လုံးရှိနေခဲ့တယ်။
“ ဉူးဇင်းလေး ယွန်းသေတ္တာကို ဖွင့်ကြည့်လိုက်ပါ၊ အဖိုးက ဉူးဇင်းလေးကို တစ်ခုခုပေးချင်တာဖြစ်ပါလိမ့်မယ်”
ယောဂီဝတ်လူရဲ့စကားကြောင့် ဉူးဇင်းလေးလဲ ယွန်းသေတ္တာဘူးကို မဝံ့မရဲနဲ့ယူပြီး ဖွင့်ကြည့်လိုက်ရာ သွေးစွန်းနေတဲ့ ပိုးထည်စတစ်ခုနဲ့အတူ လွန်စွာဟောင်းနွမ်းနေပြီဖြစ်တဲ့ ပေစာတစ်ချပ်ကိုမြင်လိုက်ရတယ်။
ဉူးဇင်းလေးလဲ ပိုးထည်စကို လက်တစ်ဖက်မှာ ကိုင်ပြီးပေစာကိုကြည့်လိုက်ရာ
“ ငါကိုယ်တော်သုဓမ္မရာဇာ၏အမှုကို ထမ်းရွက်ရင်း အသက်ပေးအပ်ခဲ့သည့် တပ်မှူးဗလသူရ(ခေါ်) အမောင်အောင်ချမ်းသာအား ၎င်းအသက်စွန့်ခဲ့သည့်ဤတောင်ကြောကို အပိုင်စားပေးအပ်လိုက်သည်” ဆိုတဲ့ အမိန့်စာကိုမြင်တွေ့လိုက်ရတယ်။
ဉူးဇင်းလေးလဲ ပေစာကိုကြည့်လိုက် သွေးစွန်းနေတဲ့ပိုးထည်းကိုကြည့်လိုက်လုပ်ပြီး
“ ဒီ ဒီနေရာက ရွှေမြင်တင်တောင်ပိုင်အဖိုးရဲ့ မူလနတ်နန်းပေါ့”
“ သိပ်ဟုတ်တာပေါ့ ဉူးဇင်းလေး၊ အဖိုးက သူ့ရဲ့မူလနန်းတည်နေရာကို ပြချင်လို့ ဒီကိုခေါ်လာခဲ့တာထင်ပါရဲ့”
“ ဒါကို ဉူးဇင်းက ဘာလုပ်ရမှာလဲ”
“ ဉူးဇင်းလေးက အဖိုးရဲ့ နာမ်စွဲနေတဲ့ ပိုးထည်စနဲ့ ကျောက်ရုပ်ထုကို လက်ရှိ နန်းဆောင်ထံ ပင့်ဆောင်ပေးဖို့ အကူအညီတောင်းတာလို့ မြင်မိတယ်”
“ ဒီအတိုင်းပင့်သွားရင် ရပြီလား”
“ ရလောက်ပါတယ်”
ယောဂီဝတ်လူရဲ့စကားကြောင့် ဉူးဇင်းအာစာရလဲ တစ်တောင်သာသာရှိတဲ့ကျောက်ရုပ်ထုကို ဆွဲယူလိုက်ရာ ရုပ်ထုရဲ့အောက်ခြေကနေ အရောင်အသွေးစုံလင်တဲ့ ကျောက်သံပတ္တမြားတွေ ထွက်လာခဲ့တယ်။
“ ယူပါ ဉူးဇင်းလေး… ဒါတွေက ဉူးဇင်းလေး သာသနာပြုတဲ့နေရာမှာ သုံးဖို့အတွက်ပေးထားတာပါ”
“ ဒီမယ် ဒကာ… ဉူးဇင်းက သာသနာဘောင်ကိုရောက်နေတဲ့သူဖြစ်တာကြောင့် ဒီပစ္စည်းတွေကို မယူချင်ဘူး၊ အဖိုးက ဉူးဇင်းကို ဒီတောင်မှာသာသနာပြုစေချင်ရင် အခြားသော နည်းလမ်းတွေနဲ့ ကူညီပေးပါလို့ ပြောချင်တယ်”
ဉူးဇင်းလေးရဲ့စကားကြောင့် ယောဂီဝတ်လူက ပုလဲရောင်တောက်ပနေတဲ့ သွားစွယ်လေးတွေပေါ်အောင်ပြုံးလိုက်ပြီး
“ ဉူးဇင်းလေးက အပြုအမူရော၊ စိတ်ထားရော ပြောင်းလဲသွားလိုက်တာဗျာ” လို့ရေရွတ်လိုက်ပါတော့တယ်။
ဉူးဇင်းအာစာရလဲ တောင်ပိုင်အဖိုးရဲ့ မူလရုပ်ထုကို ပင့်ဆောင်ပြီး လှည့်အထွက် ရုပ်ထုအောက်မှာရှိနေတဲ့ ကျောက်သံပတ္တမြားတွေက တစ်စုံတစ်ယောက် ကွယ်ဝှက်လိုက်သလို ပျောက်ကွယ်သွားခဲ့တယ်။ ဉူးဇင်းလေးလဲ ကျောက်သားရုပ်ထုကို တောင်ပေါ်မှာရှိတဲ့ နတ်နန်းထဲယူဆောင်ခဲ့ပြီး
ရွာသားတွေထုလုပ်ပူဇော်ထားတဲ့ ရုပ်ထုရဲ့ဘေးမှာ နေရာချထားပေးခဲ့တယ်။ အဲဒီအချိန် နတ်နန်းရဲ့ဘေးမှာရှိတဲ့ မြေနီလမ်းကနေ
ကရင်ဝတ်စုံအဟောင်းနွမ်းလေးဝတ်ထားတဲ့ မိန်းမကြီးနဲ့ ယောဂီဝတ်လူနှစ်ယောက် တက်လာခဲ့ကြတယ်။
ကရင်မိန်းမကြီးက ဉူးဇင်းလေးကိုမြင်တော့ ခြေမဖိုးရှေ့ကိုဦးစိုက်ချလိုက်ပြီး
“ အဖိုး မျှော်လင့်နေတာတွေ ဖြစ်လာတော့မယ် ထင်ပါရဲ့ကွယ်” လို့ ဝမ်းသာအားရပြောပြီး အဖိုးရဲ့မူလရုပ်ထုကို မျက်ရည်အရွှဲသားနဲ့ စိုက်ကြည့်နေခဲ့တယ်။
“ ဉူးဇင်းလေး…”
“ ပြောလေ ဒကာကြီး”
“ ဉူးဇင်းလေးကို ဒီတောင်ပေါ်မှာပဲ သီတင်းသုံးဖို့ လျောက်ထားပါရစေ”
“ ဉူးဇင်းက ရဟန်းပြုတာ တစ်ပတ်ပဲရှိသေးတာမို့ သီလသမာဓိလဲ မရှိသေးဘူး၊ ဒီတောဒီတောင်က အစောင့်အရှောက်တွေအရမ်းကြီးတာမို့ မဖြစ်နိုင်ဘူးထင်ပါတယ်”
“ ဉူးဇင်းသာ သီတင်းသုံးဖို့ ဆန္ဒရှိမယ်ဆိုရင် တပည့်တော်တို့တွေ ဝိုင်းဝန်းကြည့်ရှုပေးပါ့မယ်၊ ဉူးဇင်းလေးကို ဘယ်လိုပုဂ္ဂိုလ်ကမှ ထိခိုက်အောင်မလုပ်ဖို့ စောင့်ရှောက်ပေးပါ့မယ်”
“ ဒကာတို့ပြောတာနဲ့တင် အားရှိနေပါပြီထ ဒါနဲ့ ဉူးဇင်းက ဒီမှာနေပြီး ဘာလုပ်ရမှာလဲ”
“ ဉူးဇင်းလေး ဘာလုပ်ရမယ်ဆိုတာကို သက်ဆိုင်တဲ့ပုဂ္ဂိုလ်တွေက ညွှန်ကြားပါလိမ့်မယ်၊ လောလောဆယ်တော့ သရဏဂုံသုံးပါးကိုသာ ရွတ်ဖတ်နေပါ”
“ သရဏဂုံသုံးပါးတော့ ဉူးဇင်းရွတ်နိုင်ပါတယ်၊ အခြားဂုဏ်တော်တွေတော့ မရွတ်တတ်ဘူးနော်”
“ ဂုဏ်တော်ဆိုတာ စာအုပ်ကြည့်ပြီး ရွတ်လို့ရတာပဲ၊ အရေးကြီးဆုံးက ဉူးဇင်းလေးရဲ့ စိတ်ကို တည်ငြိမ်အောင်ထားဖို့ပဲမဟုတ်လား”
“ ဒါလဲဟုတ်တာပဲလေနော်၊ ဒကာတို့ရဲ့နာမည်တွေလဲပြောပြပါဦး၊ နာမည်သိထားတော့ ဘာပဲဖြစ်ဖြစ် ပြောလို့ဆိုလို့ အဆင်ပြေတာပေါ့”
“ တပည့်တော်နာမည်က အောင်မြတ်သာပါ၊ သူတို့နှစ်ယောက်က မောင်ကောင်းနဲ့ ခွန်းလှပါ”
“ ဒကာအောင်မြတ်သာကလဲ သာမန်ပုဂ္ဂိုလ်မဟုတ်တာ ဉူးဇင်းရိပ်မိပါတယ်၊ ဒီနေ့တော့ ဉူးဇင်းတောင်အောက်ပြန်ဆင်းပြီး ဆရာတော်ကို လျောက်လိုက်ပါ့မယ်၊ ဆရာတော် ခွင့်ပြုရင်တော့ ဒီမှာပဲ သီတင်းသုံးမှာပါ”
ဉူးဇင်းလေးလဲ အောင်မြတ်သာတို့ကို နှုတ်ဆက်ပြီး တောင်အောက်ကိုပြန်ဆင်းသွားခဲ့ရာ နောက်တစ်နေ့ အရုဏ်ဆွမ်းဘုန်းပြီးချိန်မှာတော့
သင်္ကန်းသုံးထည်၊ သပိတ်တစ်လုံးနဲ့အတူ တောင်ပေါ်ကိုပြန်လည်ရောက်လာခဲ့တယ်။
“ ဉူးဇင်းလေး ဘယ်လိုဖြစ်လို့ အစောကြီးတက်လာတာလဲ”
“ နေ့ခင်းဘက်ဆို နေပူလို့ အစောကြီးတက်လာခဲ့တာ”
ဉူးဇင်းလေးက သပိတ်နဲသင်္ကန်းတွေကို နေရာချလိုက်ပြီး အဖိုးနန်းရှေ့မှာထိုင်နေတဲ့အချိန် လင်ဗန်းတစ်ခုကို ရင်ဝယ်ပိုက်ပြီး တက်လာတဲ့ ကရင်အမျိုးသမီးကြီးကိုမြင်လိုက်ရတယ်။
“ ဉူးဇင်းလေး နေ့ဆွမ်းဘုန်းဖို့ ရှိတာလေးနဲ့ ချက်ထားပါတယ်၊ ဆွမ်းအလှူလက်ခံပေးပါဦး”
ဉူးဇင်းလေးက ဆွမ်းဗန်းကိုလက်ခံလိုက်ပြီးကာမှ ဘယ်လိုပြန်ပြောရမှန်းမသိဖြစ်နေတဲ့အတွက်
“ ဒကာမကြီးလိုအင်ဆန္ဒပြည့်ပါစေ” လို့သာ ဆုတောင်းပေးလိုက်ရတယ်။
ဉူးဇင်းလေးလဲ စေတီပေါ်မှာသီတင်းသုံးရင်း နေ့ဘက်တွေဆို အောင်မြတ်သာတို့နဲ့အတူ စေတီသန့်ရှင်းရေး၊အဖိုးနန်းသန့်ရှင်းရေးတွေကို လုပ်ကိုင်ပြီး ညဘက်ရောက်ရင် သိသလောက်မှတ်သလောက် ဘုရားဂုဏ်တော်တွေကို ရွတ်ဖတ်ပွားများနေခဲ့တယ်။
ဉူးဇင်းလေးက ဂုဏ်တော်ရွတ်ဖတ်ရတာကို သဘောကျပြီး ပုတီးစိပ်ရတာကို သဘောမကျတဲ့အတွက် အချိန်ရရင် ရသလို ပါးစပ်ကနေ တတွတ်တွတ်ရွတ်ဆိုနေခဲ့တယ်။
အခုလဲ မိုးတွေအနည်းငယ်ရွာနေတဲ့အတွက်
သီတင်းသုံးတဲ့ ဝတ်ထဲမှာ ထိုင်ပြီး အောင်မြတ်သာတို့နဲ့စကားပြောနေတဲ့အချိန် ကရင်သင်တိုင်းအင်္ကျီဝတ်ထားတဲ့ ယောင်္ကျားတစ်ယောက် ရွှေဖရုံသီးတစ်လုံးကို ရင်ဝယ်ပိုက်ပြီး ဝတ်ထဲဝင်လာခဲ့တယ်။
အထဲကိုရောက်တော့ ဉူးဇင်းလေးရှေ့ကို သွားပြီး ရွှေဖရုံသီးကိုချပေးကာ
“ နောက်နှစ်ရက်နေရင် ရွှေမြင်တင်စေတီကို လာဖူးမယ့် ပဌာန်းဆက်တွေလာကြလိမ့်မယ်၊ ဒါကြောင့် ဘုရားဖူးတွေလာရင် စားဖို့ ရွှေဖရုံသီးလာပို့ပေးတာပါ” လို့ပြောပြီး ဦးမချပဲ မိုးရေထဲကိုပြန်ထွက်သွားခဲ့တယ်။
“ ဒီလူ စကားပြောတာ ဘယ်လိုပါလိမ့်၊ ရွှေဖရုံသီးတစ်လုံးနဲ့ ဘုရားဖူးတွေကို ဘယ်လိုကျွေးရမလဲနော်”
“ သိပ်လဲစိတ်ပူမနေပါနဲ့… အခုလိုလာပေးရတာ အကြောင်းရင်းတစ်ခုတော့ရှိပါလိမ့်မယ်၊ ဉူးဇင်းလေး ဒီဖရုံသီးကို ဘယ်လိုလုပ်ချင်တဲ့ ဆန္ဒရှိလဲ”
“ ရွှေဖရုံသီးကို ချက်ပြီးတော့ ဘာနဲ့ကျွေးမှာလဲ ၊ဉူးဇင်းလေးမှာ ဆန်လဲမရှိဘူးလေ”
ဉူးဇင်းလေးစကားတောင်မဆုံးသေးဘူး တောင်အောက်ကနေ စကားတစ်ပြောပြောနဲ့ တက်လာကြတဲ့ မကြီးတို့အဖွဲ့ကိုမြင်လိုက်ရတယ်။
“ ဉူးဇင်းလေး တောင်ပေါ်မှာ ဘုရားပွဲလုပ်မယ်ဆို”
“ ဟင်… အဲလိုမပြောမိပါဘူး၊ ဘယ်သူကပြောတာလဲ”
“ ရွာထဲမှာ ကရင်အဖိုးကြီးတစ်ယောက် လိုက်ပြောနေလို့လေ၊ သူကပြောသေးတယ် ဘုရားဖူးတွေကို ဉူးဇင်းလေးက ရွှေဖရုံသီးဟင်းနဲ့ ထမင်းကျွေးချင်ပေမယ့် ဆန်မရှိလို့ စိတ်ညစ်နေတယ်ပြောလို့ တပည့်တော်မတို့ရွာကနေ ဆန်တစ်အိတ်ယူလာပေးတယ်ဘုရား”
အဖြစ်အပျက်က တစ်ထိုင်ထဲဖြစ်သွားတာမို့ ဉူးဇင်းလေးရော အောင်မြတ်သာတို့ပါ ဘာမှမပြောနိုင်ဖြစ်သွားခဲ့ရတယ်။
ရွာသားတွေလဲ တစ်ကြိမ်တစ်ခါမှ မလုပ်ဖူးတဲ့ ဘုရားပွဲလုပ်မယ်ဆိုတဲ့အသံကြောင့် ရေညှိတွေတက်နေတဲ့ စေတီကို သန့်ရှင်းရေးလုပ်သူကလုပ်၊ မီးဖိုဖိုတဲ့သူကဖို၊ ဆန်ဆေးတဲ့သူကဆေးနဲ့ လုပ်နေခဲ့ကြတယ်။
“ အခုလောလောဆယ်တော့ ကုသိုလ်ယူကြတဲ့ သူတွေစားဖို့ ထမင်းနဲ့ ရွှေဖရုံသီးဟင်းချက်လိုက်ကြဦး”
“ တပည့်တော်မ ချက်နေပါပြီဘုရား”
အသံကြောင့် စေတီဘေးက တောင်စောင်းလေးကို ငုံ့ကြည့်လိုက်ရာ ကရင်မိန်းမကြီးက သူ့တဲရှေ့မှာ မီးဖိုတစ်ဖို ဖိုပြီး မီးမွှေးဖို့စလုပ်နေတာမြင်လိုက်ရတယ်။
ထူးဆန်းတာက ကရင်အဖိုးကြီးလာပို့သွားတဲ့ ရွှေဖရုံသီးတစ်လုံးကိုချက်ထားတဲ့ဟင်းကကုန်သွားတယ်မရှိခဲ့တာပဲ။ ဆီမပါ ဟင်းခတ်အမှုန့်မပါပဲ ချက်ထားတဲ့ ရွှေဖရုံသီးဟင်းကို စားတဲ့သူတိုင်း လက်ရာအရမ်းကောင်းကြောင်းချီးမွန်းခဲ့ကြတယ်။
ဒါက ဉူးဇင်းလေးရဲ့ ပထမဆုံးထူးခြားမှုပဲ၊ ဒုတိယထူးခြားမှုက တစ်လခန့်ကြာတဲ့အချိန်မှာ ထပ်မံပေါ်ပေါက်လာပါတော့တယ်။
ထိုစဉ်က အောင်မြတ်သာတို့ ဆရာတပည့်တွေ သထုံမြို့နယ်အတွင်းမှာ တည်မြုပ်ပျောက်ကွယ်နေတဲ့ ရှေးဟောင်းဆင်းတုတစ်ဆူမှာ အဓိဌာန်ဝင်နေတဲ့ကာလလည်းဖြစ်တာကြောင့် ဉူးဇင်းလေးအနေနဲ့ တစ်ပါးတည်း ကြုံတွေ့ခဲ့ရတဲ့ ထူးခြားမှုလည်းဖြစ်ခဲ့တယ်။
မှတ်မှတ်ရရ အဲဒီနေ့က အချိန်အခါမဟုတ်ပဲ မိုးသည်းထန်စွာရွာသွန်းနေတဲ့အတွက် ဉူးဇင်းလေးအနေနဲ့ မိမိသီတင်းသုံးရာ ဝတ်ထဲမှာ ထိုင်နေရင်း ဘုရားဂုဏ်တော်တွေကို ပွားများနေတဲ့အချိန် မြင်းတစ်ကောင်ရဲ့ ခွာသံကို ကြားလိုက်ရတယ်။
ခွာသံက ဂဝံမြေပေါ်မှာ မောင်းနှင်လာလို့ ထွက်တဲ့အသံဖြစ်နေတာကြောင့် ဘုရားဂုဏ်တော် ရွတ်ဖတ်နေတဲ့ ဉူးဇင်းလေးက ဝတ်ရဲ့အပြင်ဘက်ကို ခေါင်းလေးစောင်းပြီးကြည့်လိုက်ရာ ရွာခံထင်းခုတ်သမားတွေသွားနေကြ တောလမ်းထဲမှာ ခေါက်တုံ့ခေါက်ပြန် ပြေးလွှားနေတဲ့ အုန်းဆံရောင်မြင်းတစ်ကောင်ကို မြင်တွေ့လိုက်ရတယ်။
မြင်းရဲ့အပေါ်မှာတော့ ရှေးခေတ်မင်းညီမင်းသားတွေလို အဆင်တန်ဆာဆင်ယင်ထားတဲ့ လူတစ်ယောက်ရှိနေပြီး ညာဘက်လက်မှာ ဆောင်ဓါးတစ်လက်ကို စွဲကိုင်ထားတာကို မြင်လိုက်ရတယ်။
ဉူးဇင်းလေးလဲ ထူးဆန်းတဲ့မြင်ကွင်းကြောင့် ဂုဏ်တော်ရွတ်ဖတ်နေတာကိုရပ်လိုက်ပြီး ဝတ်ရဲ့အရှေ့ကိုထွက်ကြည့်လိုက်တဲ့အချိန် လူသွားလမ်းကျဉ်းလေးမှာ ခေါက်တုံ့ခေါက်ပြန် ပြေးလွှားနေတဲ့မြင်းက တဟီးဟီးမြည်ရင်း ပဒတ်ရပ်သလိုခုန်ပါလေရော။
အုန်းဆံရောင်မြင်းညိုကြီးက ကျယ်လောင်စွာ ဟီနေတဲ့အချိန် မြင်းရဲ့ကျောပေါ်မှာ ထိုင်နေတဲ့ လူက ဘေးစောင်းအနေအထားနဲ့ ဖျတ်ခနဲခုန်ချလိုက်ပြီး သဲကြီးမဲကြီးရွာချနေတဲ့ မိုးရေတွေကြားထဲကနေ ဉူးဇင်းလေးရှိရာ ဝတ်ထဲကို အိန္ဒြေရစွာလမ်းလျောက်ဝင်လာခဲ့တယ်။
မိုးသီးမိုးပေါက်တွေ သည်းထန်နေတဲ့အချိန်မှာ လမ်းလျောက်လာပေမယ့် မိုးစက်တွေက ထိုသူရဲ့ခန္ဓာကိုယ်ပေါ်ကို တစ်ပေါက်မှ မကျတာက အတော်ကိုထူးဆန်းနေခဲ့တယ်။
ဉူးဇင်းလေးအနေနဲ့ အတွေ့အကြုံကလဲမရှိ၊ အနားမှာလဲ ဘယ်သူမှမရှိတာကြောင့် ထိတ်ခနဲဖြစ်သွားတဲ့စိတ်ကို ဟန်မပျက်ထိန်းရင်း အခြေအနေကိုစောင့်ကြည့်နေခဲ့တယ်။
မြင်းပေါ်ကဆင်းလာတဲ့သူကလဲ ဘေးဘီကို တစ်ချက်မျှတောင်ငဲ့မကြည့်ပဲ ဝင်လာရင်း ဉူးဇင်းလေးသီတင်းသုံးတဲ့ နေရာအပေါက်ဝအရောက်မှာတော့ ခြေလှမ်းတွေကိုရပ်လိုက်ပြီး
“ ကိုယ်တော်က ရဟန်းဝတ်တာကြာပြီလား”
“ ဉူးဇင်းက ရဟန်းဝတ်တာမကြာသေးပါဘူး၊ ဒကာတော်က ဘယ်သူများပါလဲ”
“ ထူးဆန်းလိုက်တာ… ရဟန်းဝတ်တာမကြာသေးတဲ့သူက ဘယ်လိုကြောင့် ငါ့ကိုမြင်တွေ့နေတာလဲ”
မင်းညီမင်းသားလိုဝတ်စားထားတဲ့သူက တစ်ယောက်ထဲအံ့ဩစွာရေရွတ်လိုက်ပြီး ဉူးဇင်းလေးကို ခြေဆုံးခေါင်းဆုံးကြည့်နေခဲ့တယ်။
“ ဉူးဇင်းလေးကြောင့် ဒကာတော် အနှောက်အယှက်များဖြစ်သွားတာလား”
“ ကျုပ်တို့ကို အနှောက်အယှက်မပေးရင် ကိုယ်တော်လဲ အေးချမ်းစွာနေလို့ရမှာပါ”
မင်းညီမင်းသားလို ဝတ်စားထားတဲ့သူက မျက်နှာထားခပ်ထန်ထန်နဲ့ပြောပြီး မြင်းညိုကြီးကိုစီးကာ တောင်ခြေဘက်ကို ခပ်သော့သော့ထွက်ခွာသွားခဲ့တယ်။
မြင်းညိုကြီးရဲ့ခွာသံပျောက်ကွယ်သွားပြီးချိန်မှာတော့ စေတီရဲ့အောက်ဘက်မှာ နေတဲ့ ကရင်အမျိုးကြီးက ဝါးခမောက်ကိုဆောင်းပြီး ဝတ်ထဲကိုဝင်လာတာကိုမြင်လိုက်ရတယ်။
“ ခုနက အိမ်ရှေ့စံမင်းသားလေး လာသွားတယ်မဟုတ်လား”
“ မြင်းညိုကြီးစီးလာတဲ့သူက အိမ်ရှေ့စံမင်းသား ဟုတ်လား”
“ ဟုတ်ပါတယ် ဉူးဇင်းလေး၊ မင်းသားလေးက လပြည့်လကွယ်နေ့တွေဆိုရင် ဒီတောလမ်းကနေ ဖြတ်ပြီး နယ်မြေအခြေအနေကိုလိုက်ကြည့်တတ် တယ်လေ”
“ သူကရော ဘာကြောင့် မကျွတ်မလွတ်ပဲရှိနေတာလဲ”
“ အစွဲပေါ့ ဉူးဇင်းလေးရယ်၊ သူလဲ အခုထိကို မကျွတ်လွတ်သေးပါလားနော်”
“ ဒီတောင်မှာ မကျွတ်လွတ်သေးတဲ့သူ အတော်ကိုများတာပဲနော်”
“ ဉူးဇင်းလေးက ဒီလောက်ပဲမြင်ရသေးတာကိုး၊ အမှန်တိုင်းပြောရရင် ဒီတောင်မှာ မကျွတ်လွတ်ပဲ စောင့်နေတဲ့သူတွေက ရာဂဏန်းအထက်မှာရှိတယ်”
“ ဟင်… ဒီလောက်တောင်များတာလား”
“ များတာပေါ့ ဉူးဇင်းလေးရဲ့၊ မင်းသားလေးရဲ့ ငယ်ကျွန်တွေတောင် တစ်ရာနီးပါးရှိတာ၊ အခုက ဉူးဇင်းလေးအနေနဲ့ သူ့တစ်ယောက်ထဲကိုပဲမြင်လိုက်ရတာလေ”
“ သူတို့က ဘယ်တော့မှ ကျွတ်လွတ်ကြမလဲ”
“ ကြာဦးမယ် ဉူးဇင်းလေး၊ အဖိုးပြောတာကတော့ နောင်ပွင့်တဲ့ဘုရားကို ဖူးမြင်ရမှ ကျွတ်တမ်းဝင်ကြမှာဆိုပဲ”
“ ဒကာမကြီးက သာမန်လူဖြစ်ရဲ့နဲ့ ဒီအကြောင်းတွေကိုဘယ်လိုလုပ်သိနေခဲ့တာလဲ”
ဉူးဇင်းလေးစကားကိုကြားတော့ ကရင်အမျိုးသမီးကြီးက ကွမ်းဂျိုးတွေတက်နေတဲ့ ရှေ့သွားတွေပေါ်အောင်ရယ်လိုက်ပြီး
“ အဖိုးပြောပြလို့သိရတာပါ”
“ အဖိုးနဲ့ ဒကာမကြီးက ဘယ်လိုပတ်သတ်မှုတွေရှိကြတာလဲ”
“ ပြောရရင်တော့ အရှည်ကြီးပဲ ဉူးဇင်းလေး၊ အတိုချုံးပြီးပြောပြရရင် တောင်ပိုင်အဖိုး လူ့ဘဝတုန်းက ဒီမိန်းမကြီးကို အရမ်းချစ်ခဲ့တာပေါ့၊ အဲဒီတုန်းက အဖိုးက တပ်မှူးငယ်လေးအဖြစ် သူရိယစန္ဒာမင်းထံမှာခစားနေတဲ့အချိန်၊ တပည့်တော်က သုဝဏ္ဏဘူမိသထုံပြည်ရဲ့ မြေပိုင်ရှင် ၊လယ်ပိုင်ရှင်သမီးဖြစ်ခဲ့တယ်လေ။ အခု ဉူးဇင်းလေးသီတင်းသုံးနေတဲ့နေရာက တပည့်တော်မရဲ့ ဖခင်ပိုင်တဲ့ မြေတွေဖြစ်ခဲ့ဖူးတယ်။ အဖိုးက တပည့်တော်မကို ချစ်ကြိုက်နှစ်သက်ခဲ့ပေမယ့် တပည့်တော်မက နည်းနည်းလေးမှကို မျက်နှာသာမပေးခဲ့ဘူးလေ၊ အခုခေတ်စကားပြောရရင် မောက်မာခဲ့တာပေါ့”
ကရင်မိန်းမကြီးက စကားပြောနေရင်း ရုတ်တရက် ရပ်လိုက်ပြီး အဖိုးနန်းဘက်ကိုငေးကြည့်နေတာကို သတိထားမိခဲ့တယ်။
“ ဟင်း… အဖိုးက တပည့်တော်မကို ဘဝအဆက်အဆက်ကြည့်ရှုစောင်မခဲ့တယ်၊ အခုဘဝလဲ သူ့အနားမှာမနေလို့မရအောင် လုပ်ထားတာပဲကြည့်လေ”
“ ဒကာမကြီးက ဒီမှာနေတာ ဘယ်လောက်ကြာပြီလဲ”
“ နှစ်ပေါင်းသုံးဆယ်ကျော်ပြီပေါ့”
“ ဒါနဲ့တစ်ခုမေးချင်တာက ဉူးဇင်းကရော အဖိုးနဲ့ဘယ်လို ပတ်သတ်နေတာလဲ”
“ ဒါကတော့ တပည့်တော်မ ပြောလို့မရဘူး၊ ဉူးဇင်းလေးက အဖိုးနဲ့ ပဌာန်းဆက်ပါတယ်လို့ပဲသိထားပါ၊ ဉူးဇင်းလေးအနေနဲ့ ဆွမ်းကိစ္စသုံးဆောင်ရတာ အဆင်ပြေရဲ့လား”
“ အစပိုင်းတော့ စားရတာအဆင်မပြေပေမယ့် နောက်ပိုင်း နေသားကျလာပါပြီ၊ ဒကာမကြီးလဲ ဆွမ်းကိစ္စစီမံနေရတာ ပင်ပန်းနေရောပေါ့”
“ ပင်ပန်းတယ်လို့မရှိပါဘူး… ဉူးဇင်းလေးရောက်လာလို့ တပည့်တော်မက ဝမ်းသာနေတာပါ၊ တစ်ခုခု လိုအပ်တာရှိရင် လှမ်းခေါ်လိုက်နော်၊ တပည့်တော်မ မျှစ်ချိုးသွားလိုက်ပါဦးမယ်”
ကရင်မိန်းမကြီးက ဉူးဇင်းလေးကို ကန်တော့လိုက်ပြီး မိမိနေထိုင်တဲ့ တဲအိမ်ဘက်ကို ပြန်ထွက်သွားခဲ့တယ်။
+++-
ညဦးပိုင်းရောက်တော့ ဝတ်ထဲကို လူတစ်ယောက် ဝင်လာပြီး သူ့အတွက် သီးသန့်နေရာလုပ်ပေးဖို့ လာပြောတာကြောင့် ဘယ်သူလဲဆိုပြီးမေးလိုက်ရာ ရွှေမြင်တင်တောင်မှာရှိတဲ့ နဂါးသိုက်စောင့်ဖြစ်နေတာကိုသိလိုက်ရတယ်။
ဉူးဇင်းလေးက သူ့အနေနဲ့ ဝါစဉ်လဲမရသေးတာ တစ်ကြောင်း၊ အခုလိုကိစ္စတွေမှာ အတွေ့အကြုံမရှိသေးတာကြောင့် အဖိုးကိုတိုင်တည်ပြီး ပြောပေးမယ်လို့ ဆိုကာ ချော့မော့ပြန်လွှတ်ပေးခဲ့ရတယ်။
ဒီလိုနဲ့ သုံးရက်မြောက်နေ့ အရုဏ်တက်အချိန်မှာ ထန်းပင်လုံးလောက်ရှိတဲ့ မြွေနဂါးသုံးကောင်က ဉူးဇင်းလေးသီတင်းသုံးတဲ့ ဝတ်ရဲ့ အပေါ်ကနေ ပါးပျဉ်းနဲ့အုပ်မိုးထားတာကို အိမ်မက်မြင်မက်ခဲ့တယ်။
အိမ်မက်မက်ပြီးတဲ့မနက်မှာပဲ ဉူးဇင်းလေးသီတင်းသုံးတဲ့ ဝတ်ထဲကို ဝတ်ကောင်းစားလှတွေဝတ်ဆင်ထားတဲ့ လူအချို့ထူးဆန်းစွာရောက်လာခဲ့တယ်။
တန်ဖိုးကြီးလက်ဝတ်လက်စားတွေ ဝတ်ဆင်ထားတဲ့သူတွေက ဉူးဇင်းလေးကိုမြင်တော့ ရိုသေစွာကန်တော့ပြီး သူတို့က ရန်ကုန်မှာနေတာဖြစ်ကြောင်း၊
လွန်ခဲ့တဲ့တစ်ပတ်လောက်က အိမ်မက်ထဲမှာ နန်းဝတ်နန်းစားဝတ်ထားတဲ့ ယောင်္ကျားတစ်ယောက် မိန်းမနှစ်ယောက်ရောက်လာပြီး သထုံမြို့မှာရှိတဲ့ ရွှေမြင်တင်တောင်မှာ နဂါးသုံးကောင်ရစ်ပတ်ထားတဲ့ နဂါးရုံဘုရား တည်ပေးဖို့အိမ်မက်ပေးခဲ့ကြောင်း၊ နဂါးရုံဘုရားတည်တဲ့အခါမှာ တောင်ပေါ်မှာ သီတင်းသုံးတဲ့ ဉူးဇင်းလေးကို မြေနေရာရွေးခိုင်းပေးစေလိုကြောင်း၊ ဒါကြောင့် ရန်ကုန်ကနေ မိသားစုလိုက်ဆင်းလာတာဖြစ်ကြောင်း လာရောက်လျောက်ထားခဲ့တယ်။
ဉူးဇင်းလေးလဲ ဒီအခြေအနေရောက်မှာ ငြင်းလို့မကောင်းတဲ့အတွက် အလှူရှင်တွေစိတ်ကျေနပ်စေရန် စေတီပရ၀ဏ်ထဲကို လိုက်ပြရာ စေတီရဲ့အရှေ့ဘက် မြေကွပ်လပ်တစ်ခုမှာ နဂါးအမောက်ပုံစံ တောင်ပို့တစ်လုံးပေါက်နေတာမြင်လိုက်ရတယ်။ ဒါကြောင့် တောင်ပို့ပေါက်နေတဲ့ နေရာကို နဂါးရုံဘုရားတည်မယ့်နေရာအဖြစ်သတ်မှတ်ပေးခဲ့ပါတော့တယ်။
အလှူရှင်တွေအနေနဲ့ နဂါးရုံဘုရားတည်တဲ့ကာလအတွင်းမှာပဲ ဉူးဇင်းလေးသီတင်းသုံးဖို့အတွက် တစ်ပါးကျောင်းတစ်ဆောင်ကိုပါ ဆောက်လုပ်လှူဒါန်းပေးခဲ့ကြတယ်။
နဂါးရုံဘုရားတည်ဖို့အတွက် ပန္နက်ပေးတဲ့အချိန်မှာ တောထဲကနေ မြွေအကောင်ပေါင်းများစွာထွက်လာတာကိုလဲ ကြုံတွေ့ခဲ့ကြသလို၊ ဘုရားတည်ဖို့လုပ်အားပေးလာကြတဲ့သူတွေကိုလဲ ဝင်ရောက်ပူးကပ်ပြီး သူတို့အနေနဲ့ ဉူးဇင်းလေးကို ကျေးဇူးတင်ကြောင်း၊ ဒီအချိန်ကိုစောင့်နေတာ နှစ်ပေါင်းများစွာကြာပြီဆိုတဲ့အကြောင်းကို ဝမ်းသာပျော်မြူးစွာပြောဆိုခဲ့ကြတယ်။
နဂါးရုံဘုရားတည်ဖို့ မြေကြီးတူးတဲ့အချိန်မှာလဲ ရှေးယခင်ကအသုံးပြုခဲ့တဲ့ အသုံးအဆောင်ပစ္စည်းတွေ၊ ချပ်ဝတ်တန်ဆာတွေ ပေါ်လာခဲ့တာကြောင့် အားလုံးကိုစုစည်းပြီး ဌာပနာအဖြစ်ပြန်လည်ထည့်သွင်းပေးခဲ့တယ်။
ရွှေမြင်တင်တောင်လို လူမရောက်ငှက်မပေါက် ခေါင်လှတဲ့ နေရာက လပိုင်းအတွင်းမှာပင် စည်ကားလာပြီး ဆိုင်ရာပုဂ္ဂိုလ်တွေရဲ့ အိမ်မက်ပေးမှုကြောင့်
အနယ်နယ်အရပ်ရပ်မှ လာရောက်ကြတဲ့ ဘုရားဖူးတွေကလဲ တစ်နေ့ထက် တစ်နေ့ များပြားလာပါတော့တယ်။
ဘုရားဖူးတွေများပြားလာခြင်းနဲ့အတူ မလိုလားအပ်တဲ့ပြဿနာတွေလဲဖြစ်ပေါ်ခဲ့ပါတော့တယ်။
++++-
ဉူးဇင်းလေးအနေနဲ့ နဂါးရုံဘုရားတည်တဲ့အမှုကို ကြီးကြပ်နေရတာမို့ ညနက်တဲ့အထိ ဂုဏ်တော်မပွားနိုင်ပဲ မှေးခနဲအိပ်ပျော်သွားခဲ့တယ်။ အဲဒီအချိန် ဝတ်ထဲကို ခြေသံပြင်းပြင်းနဲ့ ဝင်လာတဲ့အသံကြောင့် မျက်လုံးဖွင့်ကြည့်လိုက်ရာ တစ်ကိုယ်လုံးအစိမ်းရောင်ထနေတဲ့အသားအရည်နဲ့ လူတစ်ယောက် မျက်ထောင့်နီနဲ့စိုက်ကြည့်နေတာကို မြင်လိုက်ရတယ်။
ဉူးဇင်းလေးလဲ ဒီပုဂ္ဂိုလ်ကို တစ်ခါမှမမြင်ဖူးတာကြောင့် ဆတ်ခနဲကောက်ထလိုက်ပြီး
“ သင်ကဘယ်သူပါလဲ… ဘာအကြောင်းရှိလို့ စိတ်ဆိုးတဲ့ပုံဖြစ်နေရတာလဲ” လို့မေးလိုက်ရာ အိမ်သုတ်ဆေးအစိမ်းရောင်တွေတစ်ကိုယ်လုံးလူးထားသလို ဖြစ်နေတဲ့လူက တရှူးရှူးနဲ့နှာမှုတ်ပြီး
“ ငါတို့အတွက်လဲနေရာလုပ်ပေးပါ… မပေးဘူးဆိုရင် ရတဲ့နေရာ ဝင်နေမယ်” လို့ရင့်သီးစွာပြောပါလေရော။
အဲဒီအချိန် ဆောက်လုပ်စနဂါးရုံဘုရားမှာရှိနေတဲ့ နဂါးသုံးကောင်ရဲ့ ကိုယ်ထဲကနေ ရွှေရောင်အဆင်းရှိတဲ့ နဂါးသုံးကောင် လျောခနဲဆင်းလာပြီး ဝတ်ထဲကို ဝင်လာခဲ့တယ်။
နဂါးသုံးကောင်ကိုလဲမြင်ရော အစိမ်းရောင်အသားအရည်ရှိတဲ့သူက နှာကိုပွပြီး အသက်ပြင်းပြင်းရှူလိုက်ရာ လူခန္ဓာကိုယ်သွင်ပြင်ကနေ စိမ်းစိမ်းတောက်နေတဲ့ နဂါးတစ်ကောင်အဖြစ်ပြောင်းလဲသွားခဲ့တယ်။
ရွှေရောင်နဂါးတွေထက် နှစ်ဆလောက်ပိုကြီးမားတဲ့ နဂါးစိမ်းက မှိန်းတစ်ချောင်းလို ချွန်မြနေတဲ့ လျာကို ထုတ်ပြီး ရန်လိုတဲ့ဟန်နဲ့ပါးပျဉ်းကိုဖြန့်ချလိုက်တဲ့ အချိန်
“ ငါ့နေရာကိုလဲ ကျူးကျော်ဝင်လာသေး၊ ငါ့အောက်က ငယ်သားတွေကိုလဲ ရန်ပြုသေးတဲ့ကောင် အခုချက်ချင်း ထွက်သွားစမ်း” ဆိုတဲ့အသံနဲ့အတူ ဆံပင်ဖြူဖြူ၊ အရပ်မြင့်မြင့် အဖိုးအိုတစ်ယောက် ဝတ်ထဲကို ဝင်လာတာမြင်လိုက်ရတယ်။
နဂါးစိမ်းက အဖိုးအိုကိုမြင်တော့ ပါးပျဉ်းကိုချလိုက်ပြီး ခန္ဓာကိုယ်ကိုခွေလိုက်ရာ သာမန်လူအသွင်အဖြစ်ပြောင်းလဲသွားခဲ့တယ်။
လူအသွင်ပြောင်းသွားတဲ့သူက အဖိုးအိုကို မတုန်မလှုပ်တဲ့အမူအယာနဲ့ကြည့်ပြီး
“ အဖိုး…ကျုပ်ကို ဒီမှာနေဖို့
တစ်နေရာပေးပါ”
“ မင်းက ပိုင်စိုးပိုင်နင်း အထက်စီးလေသံနဲ့ပြောနေပါလား၊ မင်းကို ဘယ်သူလာထားသွားတာလဲ”
“ ကျုပ်မသိဘူး…”
“ မင်းမသိလဲ သိအောင် လုပ်ပေးရမှာပေါ့၊ ကဲ.. ဦးတန်ဘီ ရှိရင် ဒီကိုခဏလာခဲ့ဦး”
အဖိုးရဲ့စကားအဆုံးမှာ နှုတ်ခမ်းမွေးကားကားနဲ့
ဟိန္ဒူလူမျိုးတစ်ဦး အဖိုးရဲ့ရှေ့မှာပေါ်လာခဲ့တယ်။
“ အဖိုး… ကျုပ်ကိုခေါ်တာ ဘာကိစ္စရှိလို့လဲ”
“ သင်က သထုံမြို့မှာ နှံ့နှံ့စပ်စပ်ရှိတယ်ဆိုတော့ ဒီနဂါးစိမ်းကို ဘယ်သူခေါ်လာလဲ ကြည့်ပေးပါဦး”
အဖိုးစကားကြောင့် ဦးတန်ဘီဆိုတဲ့ပုဂ္ဂိုလ်က ဦးခေါင်းကိုမွှေ့ပြီးကြည့်ရင်း
“ ဘုရားဖူးလာတဲ့ ဘုန်းကြီးတစ်ပါးက ရည်ရွယ်ချက်ရှိရှိထားခဲ့တာပဲ”
“ သူ့နာမ်ရုပ်ကအခုဘယ်မှာရှိလဲမြင်ရလား”
“ နာမ်ကတော့ဒီမှာရှိနေပြီး နာမ်ကိန်းဝပ်တဲ့အရုပ်က ရွာထဲရောက်နေတာမြင်တယ်အဖိုး”
“ ဒါဆို ဒီကောင်ကို မနက်ဖြန်မှ မောင်းထုတ်လို့ရတော့မှာပေါ့၊ တန်ဘီရေ ဒီကောင်ကို မင်းရဲ့နန်းဘေးမှာ တစ်ညလောက်ထိန်းသိမ်းထားလိုက်ပါဦး”
အဖိုးရဲ့စကားအဆုံးမှာ ဟိန္ဒူအဖိုးကြီးက တစ်ကိုယ်လုံးအစိမ်းရောင်တောက်နေတဲ့လူရဲ့ဂုတ်ကို သူ့ရဲ့ကြီးမားတဲ့လက်နဲ့ ဖြောင်းခနဲမြည်အောင် ရိုက်ချပြီး တရွတ်တိုက်ဆွဲခေါ်သွားခဲ့တယ်။
အဲဒီတော့မှ အခြေအနေအားလုံး ပုံမှန်ပြန်ဖြစ်သွားပြီး အဖိုးလဲ သူနေထိုင်တဲ့ နန်းဆောင်ဘက်ကို ပြန်လည်ထွက်သွားခဲ့ပါတော့တယ်။
မနက်မိုးလင်းလို့ စုံစမ်းကြည့်တော့ ရွာထဲက ကလေးတစ်ယောက်က တစ်ထွာသာသာရှိတဲ့ အစိမ်းရောင်နဂါးရုပ်ထုကို ကစားစရာအထင်နဲ့ အိမ်ယူသွားကြောင်း သိလိုက်ရတယ်။ ဒါကြောင့် ချက်ချင်းဆိုသလိုပဲ နဂါးရုပ်ထုကို ဦးတန်ဘီ နန်းဆောင်ကိုပို့ခိုင်းလိုက်ရတယ်။
အဲဒီနောက်ပိုင်းကစလို့ နဂါးရုံဘုရားတည်ပြီးနောက်ပိုင်းထိ အနှောက်အယှက်တစ်စုံတစ်ရာ မကြုံတွေ့ရတော့ပေ။ နဂါးရုံဘုရားရေစက်ချတဲ့နေ့မှာတော့ ဘယ်ကနေရောက်လာမှန်းမသိတဲ့လူတွေက တောင်ပေါ်မှာပြည့်လျှံ့သွားတာကိုလဲ အံ့ဩဖွယ် မြင်တွေ့လိုက်ရတယ်။
ဉူးဇင်းအာစာရအနေဖြင့်လည်း တောင်ပေါ်မှာ သီတင်းသုံးရင်း သိုက်ဆက်အချို့နဲ့ပတ်သတ်ဆက်နွယ်နဲ့ သာသနာပြုလုပ်ငန်းတွေကို ဆက်တိုက်ဆိုသလို ဆောင်ရွက်ခဲ့ရပြီး အဆိုပါလုပ်ငန်းအကြောင်းကိုတော့ အခြားဝတ္တုတွေမှာ အလျဉ်းသင့်သလို ဖော်ပြပေးသွားပါမယ်။
ဝတ္တုရဲ့အလယ်မှာအောင်မြတ်သာတို့ဆရာတပည့်တွေ မထင်မရှားစေတီလေးမှာ အဓိဌာန်ဝင်နေကြောင်း ဖော်ပြထားခဲ့တာကို စာဖတ်သူတွေ သတိထားမိမယ်ထင်ပါတယ်။
အောင်မြတ်သာနှင့်သိုက်ဆက်သာသနာ







