သရဲတွေကတဲ့ဇာတ်ပွဲ
မိုးရာသီကုန်ဆုံး၍ဆောင်းရာသီရောက်ချိန်တွင် လယ်သမားများမှာ မိုးတွင်းကာလစိုက်ပျိုးထား သောသီးနှံစပါးများ ရင့်မှည့်ချိန်ရောက်ပြီဖြစ်သော ကြောင့်ရိတ်သိမ်းကြ၏ ။ အိမ်ဝမ်းစာအတွက်စပါး၊ နောက်တစ်နှစ်စိုက်ပျိုး ရန်မျိုးစပါးများချန်၍ ကျန်သည်များကိုရောင်းချပြီး အကြွေးပေးစရာရှိသည်တို့ကိုပေး။ ပိုလျှံသောငွေကြေးလေးများဖြင့် အလှူအတန်းလေးများပြုတတ်ကြသည် ။ ကျေးလက်တောရွာများမှာ တစ်မိုးတွင်းလုံးနွားနဲ့ဖက်ရုန်း၍ပင်ပန်းခဲ့သမျှ ယခုလိုကာလရောက်ချိန် ဘုရားပွဲများတွင်စိတ်အမောအပန်းဖြေတတ်ကြသည် ။ မိမိတို့ရပ်ရွာတွင်ပွဲမရှိပါက တစ်ခြားသော နယ်များသို့ လှေတစ်တန်၊ လှည်းတတန်သွားရောက် ကြည့်ရူတတ်ကြသည် ။ ၁၉၆၇၊ ကာလများမို့မြို့ပြတွင်နေသူများမှာ တခြားသော စိတ်အပန်းဖြေစရာများရှိသော်လည်း၊ တောနယ်မှလူများအတွက် စိတ်အပန်းဖြေစရာထွေထွေထူးထူးမရှိပဲဇာတ်သဘင်အဖွဲ့များမှာတောနယ် လူတန်းစားများ၏အထူးတလည်နှစ်ခြိုက်အားပေးမူကိုခံရသောအချိန်ကာလပင်။ ဘုရားပွဲတစ်ခုရှိလျှင် အနယ်နယ်အရပ်ရပ်မှ လူများကပွဲရှိရာစုရုန်းပြီး ပွဲကြည့်ရန်ရောက်လာတတ်ကြ၏..။
ကြည့်ခဲ့ဖူးသောဇာတ်ပွဲမှအကြောင်းအရာများကိုတခြားမကြည့်လိုက်သူများကိုတဆင့်ပြန်လည်၍ပြောပြ ကြသည် ။ ဟိုးယခင်ဇာတ်ပွဲများကို ကြည့်ရူသူများမှာ ဇာတ်ပွဲ သရုပ်ဆောင်များက ဝမ်းနည်းစရာဇာတ်လမ်းများ တင်ဆက်ကပြလျှင် ပရိတ်သတ်များလည်းမျက်ရည် မဆည်နိူင်ဝမ်းနည်းတတ်ကြ၏ ။ ဟာသရယ်မောစရာများပါလာလျှင် ပွဲခင်းတခုလုံး ပတ်တုတ်မရအောင် တဝါးဝါးတဟားဟားဖြင့် ရယ်မောတတ်ကြသည် ။ ”သံမှာအပ်အဆုံး လူမှာဇာတ်အဆုံး”ဟုဇာတ်သဘင် သမားများကိုနှိမ်သောစကားရှိသော်လည်း၊ အနယ်နယ်အရပ်ရပ်လှည့်လှည်သွားလာနေကြသောဇာတ် သဘင်သမားများမှာ အတွေ့အကြုံလည်းစုံကြသော ကြောင့် ”ဇာတ်သမားစကား မှတ်သားစရာပါ”ဟူ သောစကားပုံကလည်း ရှိနေပြန်သည် ။
မိုးတွင်းကာလ မိုးလေဝသ မှန်ကန်သလို ပိုးမွှား ကင်းရှင်းသဖြင့် စပါးအထွက်တိုး၍ ညောင်ပင်သာ ရွာသားများမှာ လက်ဖျားငွေသီး နေကာ အလှူအတန်းများပြုလုပ်သူ၊ ရှင်ပြု၊နားသ၊ မင်္ဂလာဧည့်ခံပွဲများက ရွာတွင်မပြတ်တမ်းရှိနေသည်။ သို့ရာတွင်အားလုံးစိတ်အတွင်း ပွဲကြည့်လိုနေကြသည်။ ဘုရားပွဲများမှာလည်း သုံးနှစ်တစ်ကြိမ်၊ နှစ်နှစ်တစ်ကြိမ်ကျင်းပကြရာ ၊ခါတိုင်းနှစ်များတွင် အနီးပတ်ဝန်းကျင်ရွာများတွင် ပွဲရှိသော်လည်း ယခုနှစ်တွင်မရှိသော ကြောင့် ရွာသားများမှာ ပွဲကြည့်လိုသောစိတ်ဆန္ဒပြင်း ပြလျှက်ရှိနေကြသည် ။ ညောင်ပင်သာ ရွာသားများမှာလည်းတခြားရွာများနည်းတူ။ ပွဲစောင့်နေကြစဉ် သတင်းထူးတစ်ခုရောက်ရှိလာတော့သည် ။ သူတို့နယ်မှ ခပ်လှမ်းလှမ်းအရပ် ရွာတန်းရှာရွာတွင် စေတီဟောင်းတစ်ဆူအသစ်မွန်းမံပြန်တည်၍ ဘုရား ပွဲကျင်းပကာ မြို့မှနာမည်ကြီးဇာတ်အဖွဲ့တစ်ခုငါးရမ်း၍သုံးည၊သုံးလီကပြမည်ဟု သတင်းကြားသိရ၏ ။
ထို့ကြောင့် ညောင်ပင်သာရွာသားများမှာပွဲကြည့် ရန်အားခဲထားကြကာ ပွဲကမည့်နေ့ကိုလက်ချိုးရေ လျှက်ရှိနေကြသည် ။ ရွာတန်းရှည်ရွာမှာ ထိုအချိန်ကာလတွင်ရေကြောင်းလမ်းသာရှိပြီး မနက်ရှစ်နာရီမှထွက်လျှင် ရေကြောင်းသင့်ပါက ညရှစ်နာရီခန့်တွင်ရောက်နိူင်သည် ။ ညောင်ပင်သာရွာဘေးချောင်းအောက်ဘက် ပင်လယ်နဲ့ ထိစပ်ရာ အရပ်မှကမ်းဘေးတွင် ရွာတန်းရှည်ရွာက တည်ရှိနေခြင်းဖြစ်၏ ။ ရွာလူကြီးကိုယ်တိုင်က ပွဲလမ်းသဘင်နှစ်သက်သူတစ်ဦးဖြစ်သောကြောင့် ရွာမှစပါးတင်၊သစ်တင်သော မော်တော်ဘုတ်ပိုင်ရှင်ထံပွဲကြည့်သွားရန်မော်တော် ဘုတ်ကိုအပြတ် ငှါးရမ်း၏ ။ ပွဲကြည့်လိုက်မည့်သူများ သူ့ထံစာရင်းလာပေးခိုင်း၍တစ်ယောက်လျှင်မည်ရွေ့မည်မျှပေးရမည်ဟူ၍ ပိုက်ဆံပါတစ်ခါတည်းအပြီးကောက်၏ ။ အိမ်ခြေသုံးဆယ် ရွာတွင် အရွယ်စုံလူနှစ်ဆယ်ခန့်မျှ လိုက်ပါမည်စာရင်းပေးသွင်းကြသည် ။ ပွဲကမည့်နေရောက်သောအခါ မနက်ရှစ်နာရီလူအစုံ မော်တော်ဘုတ်ပေါ်အရောက်ခေါ်ထားသောကြောင့် ရွာသားများမှာကိုယ်စီအထုတ်အပိုးများယူ၍ ရွာဆိပ်ကမ်းသို့ရောက်လာကြသည် ။ မော်တော်ဘုတ်ပိုင်ရှင်မှာသူကိုယ်တိုင်စက်မောင်း၍ လိုက်ပို့မည်ဖြစ်၏။သူနဲ့အတူအကူတစ်ယောက်လည်း ပါလာသည် ။
ရွာလူကြီးမှာရွာသားများစုံမစုံမော်တော်ဘုတ်ပေါ် စစ်ဆေးပြီး၊ အားလုံးလူစုံသောအခါ ဒီရေအတက်တွင် မော်တော်ဘုတ်ကမ်းမှခွာ၍ စထွက်ခဲ့ကြတော့သည်။ စာရေးသောက်ရေးအတွက်အတွက်ပိုက်ဆံပိုကောက်ထားသောကြောင့် ဆန်အိတ်များ ရေချိုပုံးများ နဲ့ဟင်းချက်ပြုတ်စရာ သီးနှံများမော်တော်ပေါ်တွင် ရှိနေ၏ ။ ချက်ပြုတ်စရာများကို မိန်းမများက ဝိုင်းဝန်းချက်ပြုတ်နေကြချိန် ယောက်ကျားကြီးများမှာ ရေနွေးကရား များဖြင့် ဝိုင်းဖွဲ့၍ စကားပြောနေကြပြီး ။ လူငယ်ကာ လသားများမှာ ဟေးလားဝါးလားအော်ဟစ်လိုက်၊ မိန်းခလေးများရှေ့ဟန်ရေးပြလိုက်ဖြင့်ရှိနေကြသည် ။ မော်တော်ဘုတ်မှာ စပါးတင်သစ်တင်မော်တော် ဖြစ်သောကြောင့်ယခုလူအုပ်နဲ့ အဆင်ပြေနေသည် ။ နေမွန်းတည့်လာသောအခါ။ နေ့လည်စာကိုပျော်ရွှင်စွာဝိုင်းဖွဲ့စားသောက်ကြ လျှက်နေပူပြင်းလာသောအခါ လူကြီးသူမများကို ပေါင်းမိုးအတွင်းခိုဝင်စေ၍တခြားသူများမှာ ခမောက်ပါလာသူက ခမောက်ဆောင်း၍ ဆောင်းစရာပါမလာသူများက ၊ ပုဆိုးအင်ကျီအပိုများကို ခေါင်းတွင် ဆောင်းပြီး အပူဒဏ်ကို အံတုလျှက်ရှိနေကြသည် ။ စက်သံတဘုတ်ဘုတ်ဖြင့် မော်တော်ဘုတ်သွား နေချိန်တွင် ကမ်းနှစ်ဖက်မှ ၊ ဒီရေတောများကရိပ်ခနဲ၊ ရိပ်ခနဲ ကျန်နေရစ်ခဲ့ကြ၏ ။
ရေတက်နေချိန်တွင်ကမ်းနဲ့ မနီးမဝေးမှ မောင်း သွား၍ရသော်လည်း၊ ရေကျလာချိန်တွင်ရေလယ်မှမောင်း၍သွားနေသည် ။ ညနေစောင်းတွင်လေတိုက်ခတ်နေ၍ အပူဒဏ်သက်သာ၍ နေပူထဲနေရသူများမှာယခုမှနေသာထိုင်သာ ရှိတော့သည် ။ မော်တော်ဘုတ်လေးမှာရေကျဖြင့် သွားနေချိန် ဖြည်းဖြည်းမှန်မှန်ထွက်နေသော စက်သံတဘုတ်ဘုတ်မှာ အတက်အကျမမှန်ပဲရှိနေရင်းနောက်ဆုံး မော်တော်ဘုတ်စက်ကထိုးရပ်သွားတော့သည် ။ ”..အောင်ငွေ.. အောင်ငွေ..ဘာဖြစ်တာလဲ.. ဘာလို့မော်တော်ဘုတ်ရပ်လိုက်တာလဲ….” ”…စက်ကဘာဖြစ်သွားလဲ မသိပါဘူး သူကြီးရယ်.. ကြည့်ရအုံးမယ်…. ” ”..ဟာကွာ..အရေးကြောင်းကျမှဖြစ်ရတယ်လို့ မင်းစက်ကို မပြင်လာဘူးလား…” ” စက်ကခုမှထဖောက်တာ သူကြီး ကျွန်တော်ပြင် ကြည့်ပါ့မယ်….” မော်တော်စက်ပျက်သွားခြင်းကြောင့် လိုက်ပါလာသူများမှာလူပ်လူပ်ရွရွဖြစ်ကုန်ကြသည် ။ ပွဲကြည့်ရန်အားခဲလာကြသောကြောင့် ပွဲသို့အချိန်မှီ မရောက်နိူင်မည်စိုးရိမ်နေသောကြောင့်ပင် ။ မော်တော်ဘုတ်သမားမှာ မော်တော်ဘုတ်ကိုကျောက်ချရပ်ရင်း ညနေစာထမင်းကိုပင်မစားနိူင်ပဲ စက်ပြင်နေရသည် ။ သူခမျာလည်း တယောက်တပေါက်ဝိုင်းဝန်းလော ဆော်၍ စက်မကောင်းသေးဘူးလားဆိုသောစကား ကြောင့် ဖိအားဝင်ကာ ချွေးဒီးဒီးကျအောင်ကြိုးစား နေသော်လည်း စက်အကြောင်း တီးခေါက်မိရုံအဆင့် သာမို့ စက်ကအတော်နဲ့ ပြင်မရနိူင်ပဲရှိနေပါသည် ။
ညမှောင်စပြု၍ ရေတက်လာသောအခါ သောင်ပြင်နွံတောများရေဖုံးသွားသောကြောင့် မော်တော်ဘုတ်ကိုကမ်းစပ်သို့ထိုးဝါးကူ၍ကပ်လိုက်၏ ။ သူကြီးမှာမော်တော် စက်အတော်အတန်နဲ့ပြင်၍မရသေးကြောင်းသိ၍ မော်တော်ပေါ်တွင် ပွက်လောရိုက်ဆူညံ့နေသော ရွာသူရွာသားများကို ခနတဖြုတ် ကုန်းပေါ်တက်နေကြရန်ပြောကာ မော်တော်ကုန်းပတ်ပေါ်တွင် သစ်သားပြားကြီးတင်၍ ကမ်းသို့ချကာ ယာယီတံတားထိုးပေးလိုက်သည် ။ ရွာသူ၊ရွာသားများမှာ ကမ်းပေါ်တက်၍ အပေါ့အပါး သွားသူကသွား အညောင်းအညာပြေ လမ်းလျှောက် သူကလျှောက်ဖြင့် ရှိနေကြရင်း ပွဲမမှီတော့မည့်အကြောင်းပြောပြီး စိတ်ပျက်လက်ပျက်ရှိနေကြသည် ။ တဖြည်းဖြည်းဖြင့်အမှောင်ထုကလည်း ကြီးစိုးလာခဲ့ပြီဖြစ်၏ ။ …အိုးစည် ၊ ဗုံမောင်း အသံတွေမကြားဘူးလား ဟေ့ ဒီအသံတွေက ပွဲကလာတဲ့အသံတွေထင်တယ်…… ….ရွာတန်းရှည်က အတော်ဝေးတာ မင်းနားထဲ ကြားနေရတာ စိတ်စွဲလို့နေမှာပါ ။
အဲဒီလောက်အဝေးကြီးက အသံဒီကအထိကြား ဖို့မဖြစ်နိူင်ပါဘူး… ….ဟာ..ဟုတ်တယ်ဟေ့ အိုးစည်၊ဗုံမောင်းအသံတွေ ကြားနေရတယ်.. ..ဟုတ်ပ. ဒါ ဇာတ်ပွဲကလာတဲ့ အသံတွေပဲ.. ..သူကြီးရေ သူကြီး ဒီအနားမှာ ဇာတ်ပွဲ ရှိနေပုံပဲ အသံတွေကြားနေရတယ်… ပွဲသို့အချိန်မှီမရောက်နိူင်၍စိတ်ပျက်နေသော လူတယောက်မှာ လေအဝှေ့တွင် ဆိုင်းဝိုင်းမှထွက် လာသော အိုးစည်၊ဗုံမောင်း၊နှဲသံ၊ပုလွေသံများကြား လိုက်ရသောကြောင့် တခြားသူများကိုပြောပြရာ အစပထမ ရွာတန်းရှည်ရွာမှာ ဝေးသေးသောကြောင့် အသံကြားရန်မဖြစ်နိူင်ဟုထင်သော်လည်း တဖြည်းဖြည်း အသံများက ပိုကျယ်လာ၍တခြားသူများလည်း ကြားလာရခြင်းကြောင့် စကားဝိုင်းဖွဲ့နေကြသူများမှာ စကားပြောခြင်းကိုရပ်ပြီး အသံကိုနားစွင့်လိုက်ကြ ရာ အသံက သူတို့နဲ့မဝေးသောနေရာမှထွက်ပေါ်လာနေသော အသံမှန်းသိလိုက်ကြသည် ။ ရွာသူကြီး ဦးစံရွေသာမှာ ရွာသားများလာပြောခြင်း နဲ့အတူ၊သူကိုယ်တိုင်လည်း ဇာတ်ပွဲတခုမှထွက်ပေါ် နေသော တီးဝိုင်းသံများကြားနေရ၏ ။ ” ..ဒီအနားမှာ ပွဲရှိနေပုံပဲ မော်တော်ဘုတ်စက်ပျက် နေလို့ ရွာတန်းရှည်ကို သွားမရမယ့်အတူတူ ဒီမှာပဲ ပွဲကြည့်ရအောင် သူကြီးရာ…” ”..ဒီနေရာမှာ ပွဲရှိတယ်လည်း မကြားမိပါဘူး။
နောက်ပြီး ရွာကောရှိရဲ့လား ၊ ငါတော့ ဖြတ်သွား ဖြတ်လာပဲ ဒီအနားကသွားဖူးတာဆိုတော့ မသိဘူး…” ”…ရွာရှိလို့ ပွဲတောင်ရှိနေပြီလေ သူကြီးရယ် ။ ကျုပ်တို့ရွာတွေနဲ့ အဆက်အစပ်မရှိလို့ ဒီမှာ ပွဲကမယ့် သတင်းမသိတာနေမှာပါ…” ” နောက်ကျနေမယ် သူကြီးရေ အမြန်သွားကြရအောင်ဗျာ ။ မကြာခင်ပွဲထွက်တော့မှာ… ” ” အေးအေး..၊ မင်းတို့ကအဲလောက်စိတ်ဆန္ဒပြင်း ပြနေမှတော့ သွားကြတာပေါ့။ တခုတော့ရှိတယ်နော် ကာလသားတွေကိုမှာထားရ မယ်တခြားရွာက ကာလသားတွေနဲ့ ရန်မဖြစ်ရဘူး ၊ ကိုယ့်ရွာသူမိန်းခလေးတွေကိုစောင့်ရှောက်ရမယ် ။ လူစုမကွဲစေကြနဲ့ တကယ်လို့လူစုကွဲသွားရင် မော် တော်ရှိတဲ့နေရာကို တန်းတန်းမတ်မတ်ပြန်လာနိူင် အောင်လမ်းသေချာမှတ်ထားကြ…။…” …ဝေး..ဝေး…….ရွီ….. ရွီ…..ရွီ…… သူကြီးစံရွေသာစကားကြောင့် ကာလသားများမှာ ဝမ်းမြောက်ဝမ်းသာ အော်ဟစ်၍ လက်ခေါက်များ မူတ်လိုက်ကြသည် ။
လပြည့်ကျော်တရက်နေ့ဖြစ်သောကြောင့် လမင်းကြီးကပြည့်ဝိုင်းစွာသာနေ၏ ။ သူကြီးမှာယခုကမ်းသို့ ဖြတ်သွားဖြတ်လာမှလွဲ ၍တကြိမ်မှ မရောက်ဖူးသလို ၊ တခြားသော ရွာသူ ရွာသားများမှာလည်းမရောက်ဖူးကြပေ ။ ” သူကြီးတို့သွားကြတာတော့ ဟုတ်ပါပြီ ကျွန်တော်ကရော သူကြီး…. ” ” ဒီနေ့ညတော့ မင်းနဲ့ မင်းကောင်လေးမော် တော်စက်ပြင်ပြီး စောင့်နေရစ်ကြ အောင်ငွေရေ..။..” ..ဟာဗျာ..ကျွန်တော်တို့ကျပွဲမကြည့်ရဘူး ။ ဒါတော့ မတရားဘူး သူကြီး…” ” ….ပွဲကတနေ့တည်းမပြီးလောက်ပါဘူးကွာ.. ဒီမှာပြီးသွားရင်တောင် ရွာတန်းရှည်မှာက ရှိနေအုံးမယ် ။ အဓိက မော်တော်စက်ကောင်းနေဖို့လိုတယ် ၊ မင်းစက်ကိုသာသေချာပြင်ထား၊ နောက်နေ့တွေ ငါမော်တော်ကိုအလှည့်ကျစနစ်စောင့်ဖို့လုပ်ပေး ပါ့မယ်…. ” မော်တော်ပိုင်ရှင်အောင်ငွေမှာ သူတို့လည်းလိုက်ပါ လို၍စေဒကတက်ကြည့်သော်လည်း၊ရွာလူကြီးပြော စကားကြောင့် မတတ်သာပဲကျန်နေရစ်ခဲ့ကြသည် ။ ညောင်ပင်သာ ရွာသားများမှာ မော်တော်ဘုတ်ဆီမှ ဇာတ်ပွဲမှအသံကြားရာအရပ်ဆီသို့ နားစွင့်ရင်းသွား နေကြတော့သည် ။ ကာလသားများ၊မိန်းမပျိုလေးများမှာ လူငယ်လူရွယ် များမို့ ခြေလှမ်းများတက်ကြွ၍ စိတ်ကမြူးထူးပျော်ပါး စွာရှိနေကြသည် ။
ကာလသားများမှာ စကားပြော၊သီချင်းဆို၊စနောက်၊ကျီစယ်ရင်းဖြင့်သွားနေကြခြင်းဖြစ်၏။ လရောင်ကနေ့ဖက်နဲ့ မခြားလင်းထိန်နေသော ကြောင့်ရွာသားများမှာ သစ်ပင်တောအုပ်များ။ ကွင်းပြင်များကိုဖြတ်သန်းသွားလာကြရင်း တနာရီခန့်အကြာတွင်.ကြားနေရသောအသံများကပီပြင်စွာကြားရပြီး တဖြည်းဖြည်းနီးကပ်လာပါတော့သည် ။ ” ဒီနေရာမှာ ခနနားပြီး ပြင်ဆင်စရာရှိတာပြင်ဆင် ကြဟေ့ ပွဲကရှေ့နားမှာ …..” ဇာတ်ပွဲလုပ်နေရာအရပ်မှထွက်ပေါ်နေသောမီး ရောင်များကအပေါ်သိုလျှံတက်ကာ အဝေးမှပင် အလင်းရောင်ကိုလှမ်းမြင်နေရသည် ။ ရွာလူကြီးဦးစံရွေမောင်က ဇာတ်ပွဲအနီးမရောက်မီ ရွာသားများကို ခနနားခိုင်းလိုက်၏ ။ ရွာသားများမှာ ဝတ်လာသောအဝတ်အစားအဟောင်းများကို ပွဲကြည့်ရန်ယူလာသော အဝတ်အစားများနဲ့ လဲလှယ်ဝတ်ဆင်လိုက်ကြသည် ။ အပျိုမိန်းခလေးများမှာလည်း အဝတ်အစားအသစ် များဝတ်ပြီးသောအခါ ၊ မှန်ဝိုင်းလေးများကိုထုတ်၍ နူတ်ခမ်းနီများ နူတ်ခမ်းအပြည့်ရဲရဲနီစွာဆိုး၍ သနပ်ခါး ခဲများကို လက်ဝါးပေါ်ရေအနည်းငယ်ထည့်ဖျော်၍မျက်နှာတွင်လိမ်းချယ်နေကြ၏။
ကာလသားများမှာပုဆိုးအသစ်ဝတ်သူ၊ တချို့က မြို့တွင်သွားနေဖူးသော ကာလသားများဆီမှဘောင်း ဘီရှည်များ ပွဲတွင်ဝတ်ရန်ငှါးလာရာ ရွာမှစမ်းဝတ်မလာပဲ ယခုမှဝတ်ကြည့်ရာ ခါးကအဆမတန်ချောင် နေသောကြောင့် ခါးပတ်ပေါက်နေရာတွင်နွယ်ကြိုး ထည့်ချည်၍အဆင်ပြေသလိုဝတ်ဆင်နေကြ၏ ။ အားလုံးပြင်ဆင်ပြီးသောအခါ ပွဲအနီးချည်းကပ်လာသောအခါ သစ်ပင်၊သစ်တောများ ဘေးပတ်လည်တွင် စက်ဝိုင်း ပုံပေါက်နေသော မြေကွက်လပ်တခုတွင် ဇာတ်ပွဲကျင်း ပနေကြောင်းတွေ့လိုက်ကြသည် ။ ဇတ်ပွဲကျင်းပရာနေရာမှာ ပေတရာ့လေးဆယ် ၊ငါးဆယ်ခန့်ကျယ်မည့်မြေကွက်လပ်ကြီးဖြစ်၏ ။ အရှေ့ဖက်တောအုပ်အစပ်မြေကွက်လပ်တွင် ဇာတ်ရုံရှိနေပြီး အလယ်တွင်ပွဲကြည့်သူများနေရာ ယူထားကာ ဘေးပတ်လည်တွင် စျေးဆိုင်၊မုန့်ဆိုင် များဖြင့်စည်ကားလျှက်ရှိနေပါသည် ။ အရောင်အသွေးစုံဝတ်ဆင်ထားကြသူများမှာ လူအုပ်များကြားတိုးဝှေ့သွားလာနေကြသည် ။ သူကြီးစံရွှေသာက သူ့ရွာသားများကို လူစုမကွဲစေရန်သတိပေး၍ ပွဲစျေးတန်းသို့တပတ် အရင်ပတ်လိုက်ကြသည် ။
သူကြီးစံရွှေသာမှာ ရွာသားများနဲ့ ပွဲစျေးလျှောက် နေရင်း အစပထမ သတိမထားမိသော အရာတခု ကိုစတင်သတိပြုမိ၏ ။ ထိုအရာမှာတခြားမဟုတ်ပဲ ပွဲတော်အတွင်းရှိသော လူများ၏ ထူးခြားမူပင်။ ခံစားချက်မရှိသောမျက်လုံးသေကြီးများဖြင့်ရှိနေပြီး သံပတ်ပေးထားသောအရုပ်လိုတောင့်တောင့်ကြီး လူပ်ရှားသွားလာနေကြသည် ။ စျေးသည်များမှာလည်း စျေးဝယ်ခေါ်သောစကား များကို အလွတ်ကျက်ထားသူလို မျက်နှာသေ၊မျက် လုံးသေနဲ့ရွတ်ပြနေသည်ဟုထင်နေမိသည် ။ သူကြီးဦးစံရွှေသာစိတ်အတွင်း စိတ်စနိူးစနောင့်ဖြစ် နမေိ၏။ သူ့ရွှာသားများကိုတချက်ကြည့်မိရာ ပွဲငတ်နေသူများ ပီပီအပျော်လွန်ကာ ဟိုငေး၊ဒီငေးဖြင့် အပျော်ကြီးပျော် နေကြသည်ကိုတွေ့ရသည် ။ အားလုံးပျော်နေကြချိန်တွင် သူ့စိတ်အတွင်းစနိူးစနောင့်ဖြစ်နေသော မရေမရာစိတ်ခံစားမူကိုဖွင့်မပြော သင့်ဟုယူဆကာ ဦးစံရွှေသာမှာ လူကြီးပီပီ စိုးရိမ်စိတ် လွန်နေခြင်းဟုသာစိတ်ဖြေတွေးနေသည် ။ ပွဲစျေးရောက်သောအခါ တနေရာတွင် ရုံဆောက်၍ ဘေးပတ်လည်တွင်အကာအရံများကာထားသော အခကြေးငွေယူ၍ပြသသောမျက်လှည့်ရုံတခု ကိုတွေ့ရသည် ။ ရုံအဝင်နဖူးစည်းထိတ်တွင် မျက်လှည့်ပွဲ ဟူသော ဆိုင်းဘုတ်တခုချိတ်ထားပြီး စင်တခုပေါ်တွင် လဲလျှောင်းနေသူတယောက်ဗိုက်အတွင်းမှ အူများ၊အသည်းများကို လူတယောက်က ဓားလတလက်ဖြင့်ဗိုက် ခွဲဆွဲထုတ်နေသော ပန်းချီကားကို ဆေးရောင်စုံးသုံး၍ ရေးဆွဲထား၏ ။ ပန်းချီကားမှာလက်ရာမြောက်လွန်းသောကြောင့် တယောက်တည်းသာ ကြည့်မိပါက ကျောချမ်းသွား အောင်ပီပြင်စွာရေးဆွဲချယ်မူန်းထားသော ပန်းချီ ကားတချပ်ဖြစ်သည် ။ ညောင်ပင်သာရွာသားများက မျက်လှည့်ပွဲကြည့်ရန်ဝိုင်းပြောလာကြသောကြောင့်သူကြီးစံရွှေသာလည်းရွာသားများနည်းတူ မျက်လှည့်ကြည့်ရန် ရုံရှေ့ဝင်ပေါက်သို့ရောက်ရှိလာကြတော့သည် ။
ရုံအတွင်းလှမ်းဝင်လိုက်သောအခါ မျက်လှည့်ရုံ ဝင်ပေါက်ရှေ့အမှောင်ရိပ်အတွင်း လူတယောက် ရပ်နေသည်ကိုတွေ့ရသည် ။ ” တယောက်ကို ဝင်ကြေးဘယ်လောက်လဲ ငါ့တူ..” …. တမတ် …. မျက်လှည့်ရုံအတွင်း မီးရောင်မှိန်မှိန်သာရှိပြီးလူလုံး မသဲမကွဲရှိနေရာ ရုံစောင့်မျက်နှာကို သဲကွဲစွာမမြင်ရ သော်လည်း သူ့ထက်အသက်ငယ်မည်မှန်းဆ၍ရုံ ဝင်စျေးမေးလိုက်ရာ ဝင်ကြေးတမတ်ဖြစ်ကြောင်း အသံပြတ်ကြီးဖြင့်ပြောလာသည် ။ ဆက်ဆံရေးကျဲပါးလွန်းသူဟု သူကြီးဦးစံရွှေသာ တွေးလိုက်ရင်းမှ ရုံဝင်ကြေးတမတ်ဖြစ်ကြောင်း ရွာသားများကိုပြောပြ၍ ကျသင့်ငွေများပေးချေကာ ရုံအတွင်းဝင်လာကြသည် ။ ..ဖွီ..နံ့လိုက်တာ.. …ဘာကောင်ကြီးပုတ်နေတာလဲ. . နံဟောင်နေတာပဲ… …မျက်လှည့်တရုံလုံးပွဲကြည့်မယ့်သူက ငါတို့ တဖွဲ့ပဲရှိတာလား ဘယ်သူမှ မတွေ့ပါလား… .. ရုံကပိတ်လိုက်ပြီ နောက်ထပ်လူဝင်လက်မခံ တော့တာလား…. ညောင်ပင်သာ ရွာသားများတယောက်တပေါက် ပြောဆိုလာကြခြင်းဖြစ်သည် ။ မျက်လှည့်ရုံအတွင်း မူန်ပျပျအလင်းရောင်ပါးပါးက မျက်လှည့်ပြရန်ဆောက်ထားသော စင်ငယ်အပေါ် ထုတ်တန်းပေါ်တွင်ချိတ်ထားသော လက်ဆွဲမီးအိမ် တလုံးအလင်းမှလွဲ၍ တရုံလုံးမဲမဲမှောင်နေ၏ ။ ရုံအတွင်းသို့ ညောင်ပင်သာ ရွာသားများဝင်လိုက် ချိန်တွင် ပုတ်အက်စူးရှသော အနံ့ဆိုးတခုကိုရလိုက် ကြသလို တရုံလုံးခြောက်ကပ်တိတ်ဆိတ်လျှက် ပွဲကြည့်ပရိတ်သတ်ဆို၍သူတို့ရွာသားတဖွဲ့သာရုံအတွင်းရှိနေ၏ ။ ညောင်ပင်သာရွာသားများရုံအတွင်းရောက်သော အခါ ပိုက်ဆံကောက်သော ရုံစောင့်က ရုံဝင်ပေါက်တခါးကိုပိတ်လိုက်သည် ။ မျက်လှည့်ရုံအတွင်းအခြေအနေကို ရွာသားများ တယောက်တပေါက်ဖြင့် ကျွတ်ကျွတ်ညံ့အောင် ပြောဆိုနေကြပါသည် ။ ရွာသူကြီး ဦးစံရွှေသာတယောက် စိတ်များထူးထူး ခြားခြားလေးလံနေသည်။
သူစိတ်အတွင်း ယခုကြုံနေရသော အခြေအနေကို သဘောကျနှစ်ခြိုက်မူမရှိပေ ။ ”လူစုမကွဲစေကြနဲ့နော် အပေါ့အလေးသွားချင်ရင် လူစုပြီးသွားကြ….” သူ့သဘောအတိုင်းသာဆိုလျှင်ပြန်လှည့်ချင်စိတ် ရှိနေသော်လည်း ပွဲငတ်နေသော ရွာသားများက မရေရာသော သူ့စိတ်ခံစားမူကြောင့် စိတ်အနှောင့် အယှက်ဖြစ်မည်စိုး၍ လူစုမကွဲစေရန်သာ သတိပေး စကားပြောနေခြင်းဖြစ်သည် ။ ညောင်ပင်သာရွာသားများမျက်လှည့်စင်ရှေ့သို့တိုးကပ်သွားကြသောအခါ စင်ပေါ်တွင် မည်သူမှရှိမနေ ကြောင်းတွေ့လိုက်ရ၏ ။ ”…မျက်လှည့်ဆရာရေ ပွဲစပါတော့ဗျို့…. ” ”..မျက်လှည့်ဆရာ ဘယ်ရောက်နေတာလဲ.. ကြည့်ချင်လှပြီ အမြန်ပြပါတော့…” ”…ဟော…ဟိုမှာ မျက်လှည့်ပြမယ့် လူတွေ ထင်တယ်… ” …မျက်လှည့်ဆရာ ရုပ်တွေကလည်း ဆိုးချက်။ သရဲက အဖေခေါ်ရလောက်တယ်…. ဟား….ဟား….ဟား……. ဆယ်မိနစ်ခန့်မျအချိန်အထိ မျက်လှည့်စင်ပေါ်သို့ မည်သူမျရောက်မလာသောကြောင့် ကာလသားများ မျက်လှည့်စင်အောက်မှအော်ဟစ်နေကြသည် ။ ကာလသားများအော်ဟစ်၍မရှေးမနှောင်းအချိန်မှာ ပင်စင်ပေါ်သို့ လူနှစ်ယောက် လူသေထည့်သော ခေါင်းတလုံးကို ရှေ့နောက်ထမ်း၍တက်လာကြ၏ ။ ခေါင်းထမ်းလာသော လူနှစ်ယောက်ရုပ်မှာ သူတို့တွေ့ဖူးသမျလူများထက် ရုပ်ဆိုးသောကြောင့် အဘွားကြီးတယောက်မှ ခေါင်းထမ်းလာသူရုပ်ရည်ကို သရဲနဲ့တင်စားပြောဆိုလိုက်ရာ ရွာသားများ ကတဝါးဝါးတဟားဟားရယ်မောလိုက်ကြသည် ။ ခေါင်းထမ်းလာသူလူနှစ်ယောက်ရုပ်များက ပြောလည်းပြောစရာပင် ။ တစ်ယောက်မှာ အလွန်တရာဝ၏ ။ ခန္ဓာကိုယ်မှာ စည်ပိုင်းတလုံးလို ဝဖိုင့်နေပြီး ဦးခေါင်းကို ပြောင်နေအောင်တုံးထားသည် ။
တကိုယ်လုံးတွင်ကြွက်နိူ့များကဲ့သို့အဖုများက ရှိနေရာ အော့နှလုံးနာ ရွံ့ရှာဖွယ်ရာအတိ အရုပ်ဆိုး လှ၏ ။ မျက်နှာပေါ်တွင်အဖုများပြည့်နေသည့်အပြင်နှာခေါင်း တိုကာ ပွလန်နေရာ လူထက်ပြိတ္တာသရဲနဲ့ပိုတူနေသည်။ အပေါ်ပိုင်းဗလာကျင်းရှိနေကာ ပုဆိုးကွက်ကြားကို ဒူးဆစ်အထိခပ်တိုတိုဝတ်ထားသည်။ တခြားတယောက်ပုံစံမှာကား ပိန်၏ ။ ဝါးခြမ်းပြားကဲ့ သို့ခန္ဓာကိုယ်က နံရိုးအပြိုင်းပြိုင်းထွက်နေသည်။ အရိုးပေါ်တွင်အရေပြားကပ်နေသလိုပိန်သည့်အပြင်အသားက မဲနက်နေသည် ။ အရိုးခေါင်းကဲ့သို့ပါးခွက်နေသောမျက်နှာတွင် ရှေ့သွားဖုန်းကြီးက ငေါထွက်နေသောကြောင့် သရဲထက်ရုပ်ဆိုးနေသည်။ ထိုငပိန်ရိုးမှာလည်းခါးအောက်ပိုင်းတွင်ပုဆိုးကွက် ကြားကိုဒူးအထိ ခပ်တိုတိုဝတ်ထားသည် ။ လူနှစ်ယောက်မှာ တယောက်က အဆမတန်ဝ၍ နောက်တယောက်က အဆမတန်ပိန်သည် ။ တူညီသောအချက်မှာ နှစ်ယောက်လုံးရုပ်က သရဲ အဖေခေါ်ရမည့်ရုပ်များပင်။ နှစ်ယောက်လုံးမှာစင်အောက်မှအော်ဟစ်သံများ ကိုအလေးမထားဟန် မျက်လုံးသေကြီးများဖြင့် ထမ်းလာသောအခေါင်းကို မီးအိမ်အောက်တည့်တည့် တွင်ချလိုက်ကြသည် ။ ခေါင်းကို အောက်ချပြီးသည်နဲ့တပြိုင်နက် တိုင်ပင်ထားသည်အလား၊ ခေါင်းအဖုံးကိုတယောက်တဖက် ကိုင်ဖွင့်လိုက်ကြရာ ခေါင်းအဖုံးဖွင့်လိုက်ပြီးချိန်တွင် လူဝကြီးက ခေါင်းအတွင်းမှ လူတယောက်ကိုသူ့လက်တဖက်ဖြင့် ချိုင်းမှ မ၍ ကိုင်မြှောက်လိုက်ရာ သူ့လက်အတွင်း လူတယောက် ယက်ကန် ၊ ယက်ကန်ပါလာ၏ ။ လူဝကြီးလက်အတွင်းပါလာသူမှာ ခေါင်းအတွင်း အချိန်အတော်ကြာ ရုန်းကန်အော်ဟစ်ထားဟန် လေသံတိုးရှရှဖြင့်သာအော်ဟစ်နိူင်သလို၊ ရုန်းကန် မူကလည်းအားပျော့နှေးကွေးစွာရှိနေပါသည် ။
…..စွတ်…အ…အ….. …ဟာ…. ..ဟင်… ..အောင်မလေး…. ညောင်ပင်သာရွာသားများမှာ ခေါင်းထဲမှလူကို လူဝကြီးဆွဲထုတ်လာသော အချိန်တွင် တယောက်တပေါက်စနောက်အော်ဟစ်နေကြသည် ။ သူတို့စိတ်အတွင်းယခုလိုခေါင်းအတွင်းလူထည့်ထမ်း လာ၍ ဆွဲထုတ်ပြခြင်းမှာ သရုပ်ဆောင်ဖျော်ဖြေတင်ဆက်နေမူသာဟုစိတ်အတွင်းမှတ်ယူနေခြင်း ကြောင့်လည်းဖြစ်၏ ။ လူငပိန်က မြိနေအောင်သွေးထား၍ မီးရောင် အောက်တွင်အရောင်တလက်လက်ထွက်နေသော ဓားတချောင်းကို လူဝကြီးရဲ့လွတ်နေသောလက်တဖက်သို့ကမ်းပေးလာသည် ။ လူဝကြီးမှာ ဓားကို ယူပြီး ယက်ကန်ယက်ကန်ဖြင့်ရှိနေသောလူဦးခေါင်းကို ရုတ်တရက် ဓားဖြင့်လည်ပင်း သို့ကပ်၍ ဓားကို အားထည့်ဆွဲလိုက်သည် ။ ဓားဖြင့်ဆွဲခံရသူမှာနာကျင်သော ညဉ်းတွားသံများ ပြုရင်းရှိနေသည် ။ ဓားဖြင့်လှီးနေသောနေရာမှ သွေးများငေါက်ကနဲ၊ငေါက်ကနဲပန်းထွက်လာရာ မျက်လှည့်စင်နဲ့အနီးဆုံး တွင်ရှိနေသော ညောင်ပင်သာရွာသားများကိုပင် သွေးများလာစင်ကုန်၏ ။ လည်ပင်းလှီးခံရသူမှာ ခေါင်းကခန္ဓာကိုယ်မှ ပြတ်ထွက်သွားပြီး လည်ပင်းပြတ်နေရာမှ သွေးများပန်းထွက်လျှက်ရှိနေသောရာ အောက်မှ ကြည့်နေသော မိန်းခလေးများနဲ့ အဘွားကြီးများ လန့်ဖျတ်အော်ဟစ်ကြကုန်သည် ။ မျက်လှည့်ပြကွက်က သွေးသံတရဲရဲဖြင့်တကယ့် အစစ်နဲ့မခြားပီပြင်လွန်းလှသည်ဟုစိတ်အတွင်းထင် မှတ်နေကြ၏ ။
လူငပိန်မှာ ပြတ်ကျသွားသော ဦးခေါင်းပြတ်ကို လိုက်ကောက်၍ ကြည့်ရူနေသူများဖက်သို့လှည့်၍ ပြလိုက်ရာ ဦးခေါင်းမှာ ခန္ဓာကိုယ်မှပြတ်ထွက်နေသော်လည်း မျက်တောင်တဖျပ်ဖျပ်ခပ်၍ ကူပါ၊ကယ်ပါ အော်ဟစ်နေရာ ကြည့်ရူနေသော ညောင်ပင်သာ ရွာသားများမှာ အံ့သြမှင်သက်စွာငေးကြည့်နေကြ ကုန်သည် ။ လူဝကြီးမှာ သူကိုင်ထားသောခေါင်းပြတ်ခန္ဓာကိုယ်ကြီးအား ရင်ဘတ်မှစ၍ ဓားဖြင့်ခွဲချလိုက်ရာ ရင်ဘတ်နှစ်ခြမ်းကွဲသွားပြီး အတွင်းအတွင်းကလီစာ များကို အတိုင်းသားမြင်တွေ့နေရသည် ။ လူဝကြီးမှာ အူအသည်းများကိုဆွဲထုတ်လိုက်ရာ အူအခွေလိုက်ကြီးက လက်အတွင်းပါလာ၏ ။ လူဝကြီးမှာ အူအသည်းများကို အခွေလိုက်ကိုင် ၍ကြည့်ရူနေသော ရွာသားများကို ပြသရင်း ကြောက် မက်ဖွယ်ရာ အပြုံးဖြင့်ပြုံးနေပါတော့၏ ။ လူဝကြီးမှာ သူဆွဲထုတ်ထားသော အူအသည်း များကိုဝမ်းဗိုက်အတွင်းပြန်သွင်းနေချိန်တွင် လူငပိန်က သူကိုင်ထားသော ခေါင်းပြတ်အား ပြတ်နေသော လည်ပင်းနေရာတွင်ပြန်တပ်လျှက်ရှိနေ၏ ။ ကြည့်နေသော ညောင်ပင်သာရွာသားများ ပါးစပ်အဟောင်းသားမျက်လုံးအပြူးသားဖြစ်ကုန် ကြတော့သည် ။ အကြောင်းမှာ ပြတ်နေသောခေါင်းမှာလည်ပင်းတွင် ပြန်တွဲစပ်လိုက်သောအခါ ပြန်ဆက်သွားသလို ၊ ခွဲထားသော ဝမ်းဗိုက်မှာလည်းပြန်စေ့သွားပြီး အသက်ပြန်ဝင်လာသောကြောင့်ပင်ဖြစ်၏ ။ လူဝကြီးနဲ့ လူငပိန်မှာ အသက်ပြန်ဝင်လာသော သူအား အခေါင်းထဲသို့ ချုပ်ကိုင်ထည့်ပြီး၊ အခေါင်း အဖုံးကိုပြန်ပိတ်လိုက်ကြသည် ။ ညောင်ပင်သာရွာသားများနည်းတူသူကြီးစံရွှေသာ တယောက်လည်း ကြောက်လန့်၊အံ့သြဖွယ်မျက်လှည့် ပြကွက်ကို မျက်လုံးအပြူးသားပါးစပ်အဟောင်း သားဖြင့်ငေးကြည့်နေမိတော့သည် ။
လူဝကြီးနဲ့ လူငပိန်မှာ လူထည့်ထားသောအခေါင်း ကိုထမ်း၍ စင်နောက်ဖေးသို့ဝင်သွားချိန်တွင် အပေါ် တွင်ထွန်းထားသောမီးက ဟုတ်ခနဲငြိမ်းသွားရာ ပတ်ဝန်းကျင်တခုလုံးမှောင်အတိကျသွားပါတော့သည်။ …ဟာ မီးငြိမ်းသွားပြီဟေ့.၊.. …မျက်လှည့်ပြကွက်က မိုက်တယ် ၊ နောက်ပြကွက် အသစ်တွေပြပါအုံးဗျို့.. …လူကို ခေါင်းဖြတ်အူထုတ်ပြီးပြန်ဆက်ပြတာ ကျုပ်တော့ ကြောက်လိုက်တာမှ ရင်ထဲတလှပ်လှပ်ပဲ…. ..ဟုတ်ပတော် လုပ်ပြနေတာတွေက မျက်လှည့်ပြ နေတာနဲ့မတူဘူး ၊ တကယ့်လူအစစ်ကိုခုတ်ထစ်ပြ နေသလိုပါပဲ…. …ကြည့်ရတာကြောက်ဖို့လည်းကောင်းတယ်၊ ကြည့်လည်းကြည့်ချင်တဲ့မျက်လှည့်မျိုးပဲ.။.. …ဆက်မပြတော့ဘူးလားဗျို့ ကြည့်ချင်သေးလို့ ဆက်ပြပါအုံး.. လူငယ်ကာလသားများ၊မိန်းမကြီး၊ငယ်များကတယောက်တမျိုးဖြင့်အမှောင်အတွင်းပြောဆိုနေကြသည်။ မီးမှာယခုအချိန်အထိလင်းမလာသေးပဲ မှောင်မဲလျှက်ရှိနေရာ မျက်လှည့်ပွဲဆက်ပြရန်အော်ဟစ်နေသော ကြောင့် သူကြီးစံရွှေသာမှာဝင်ဟန့်ရတော့သည် ။ ..ဟေ့..ဟေ့.. တော်လောက်ပြီ ပြန်ကြရအောင်.. ..ဟာ သူကြီးကလည်းငွေတမတ်ပေးထားတာ တန်အောင်ကြည့်ရမှာပေါ့…၊.. ..ဟေ့ကောင်တွေ ပါးစပ်ပိတ်စမ်း ၊ ပြန်မယ်ဆိုပြန်မယ် စကားမရှည်နဲ့.၊ လူစုမကွဲစေကြနဲ့နော်..။
..သူကြီး..သူကြီး စင်ပေါ်မှာ ဘာကောင်တွေလဲ မသိဘူး.. ….သွား..သွား..သွေးနံ့ရလို့ခွေးတွေတက်လာကြတာနေမှာ ရုံဝင်ပေါက်ဆီကိုပဲသွားကြ…. သူ့စကားကိုစောဒကတက်သော ကာလသားကို ဟိန်းဟောက်လိုက်ရင်းသူကြီးစံရွှေသာမှာရွာသား များကိုရုံအပြင်သို့ပြန်ထွက်ခိုင်းနေစဉ် မျက်လှည့်စင်ပေါ်သို့ မဲမဲအကောင်ကြီးများတက်လာကြသည်ကို မြင်သူများကအော်ပြောနေသောကြောင့်၊ ရုံဝသို့ ထွက်ခိုင်းနေခိုင်းခြင်းဖြစ်သည် ။ …သူကြီး ရုံဝင်ပေါက်တခါးက ပိတ်ထားတယ်၊ ဘာလုပ်ရမှာလဲ… …ဟာ.. ဘာလုပ်ရမှာလဲ၊ဖျက်လိုက်ကွာ..၊ ရုံစောင့်မှာဘယ်နေရာသို့ရောက်နေမှန်းမသိရုံတခါး ကပိတ်လျှက်သားရှိနေသောကြောင့် သူကြီးစံရွှေသာ ကဖျက်ခိုင်းလိုက်ရာ လူငယ်ကာလသားများရုံတခါးကို ဆောင့်ကန်လိုက်ကြသည် ။ သစ်သားတခါးမို့ တခါးကအလွယ်တကူပွင့်သွားပြီး အပြင်ရောက်မှ ဇာတ်ပွဲမှအလင်းရောင်ဖြင့်သူတို့ရောက်နေသောနေရာကိုကြည့်ကာ အားလုံးအံ့သြသင့် ကုန်ကြ၏ ။ သူတို့ရောက်နေသောနေရာမှာဇာတ်ပွဲဘေးတော အုပ်အတွင်းဖြစ်နေပြီး မျက်လှည့်ရုံဝင်ပေါက်နေရာ မှအစပထမ၊ရုံဝင်စဉ်ကမြင်ကွင်းမျိုးမဟုတ်ပဲသစ်တောအုပ်ဖြစ်နေခြင်းပါသည်။ ..ဟာ မျက်လှည့်ရုံဝင်ပေါက်က ဘယ်ရောက်သွား တာလဲ၊ .. …ဘယ်ကဘယ်လိုတောထဲရောက်နေတာလဲ၊.. …တောခြောက်ခံရအောင်ကလည်း ဇာတ်ပွဲတခုလုံးက နဂိုအတိုင်းရှိသေးတယ်။.
. မျက်လှည့်ရုံက အားလုံးမျက်စိရှေ့မှာပင်ပျောက်သွား ခြင်းကြောင့်တအံ့တသြဖြင့်ပြောဆိုနေကြသည် ။ သူကြီးစံရွှေသာမှာယခုနေရာတွင်မနေလိုတော့ပေ။ သာမာန်မဟုတ်သောအခြေအနေကိုကြုံတွေ့ရပြီမို့ ပြန်လိုနေပြီဖြစ်သည် ။ ”..မျက်လှည့်ရုံတခုလုံးပျောက်သွားတာ ၊သွေးရိုးသား ရိုးဘယ်လိုမှ မဟုတ်နိူင်တာအားလုံးအသိပဲ။ နောက်ပြီး မျက်လှည့်ပြကွက်တွေကလည်းတကယ့် အစစ်အတိုင်းလုပ်ပြနေတာ ကျုပ်စိတ်ထဲဘဝင်မကျဘူး…၊ ဒီတော့ကာ ဇာတ်ပွဲကိုဆက်မကြည့်ချင်တော့ဘူး ၊မော်တော်ဆီပြန်ကြမယ် ၊တခြားလူတွေဆန္ဒကရောဘယ်လိုရှိလဲ။…” ”သူကြီးရာ ပွဲတခါကြည့်ဖို့က လွယ်တာမဟုတ်ဘူးလေ၊ ခုချိန် မော်တော်ကိုပြန်ပြီး ဘာလုပ်ရမှာလဲ တခြားနေရာမသွားပဲ ဇာတ်ပွဲကိုလူစုပြီးအေးဆေး ကြည့်နေကြရင် ဘာမှမဖြစ်လောက်ပါဘူး…” ”..ဟုတ်တယ် သူကြီး ခုလိုမျိုးဇာတ်ပွဲမှာ တခါမှမရောက်ဖူးတော့ ၊မြေနေရာအသစ်အဆန်းမှာကျုပ်တို့မျက်စိလည်သွားတာဖြစ်မှာပါ…” ” ဟိုမှာလေ ဇာတ်ပွဲက နဂိုအတိုင်းပဲ၊ဘာမှမပြောင်း လဲဘူး ။ ဒီတော့ ပွဲဆက်ကြည့်ရအောင်ပါ သူကြီးခွင့်ပြုချက်မရ ပဲကျုပ်တို့ဘာမှ မလုပ်ပါဘူး…. ။..” ”…ဟူး…အားလုံးက ပွဲဆက်ကြည့်ဖို့ အာသီသရှိနေကြမှတော့ ကျုပ်ဘာမှမပြောလိုတော့ပါဘူး ၊ သတိဝိရိယတော့ ထားကြဖို့မှာချင်တယ်… ” အများဆန္ဒရှိနေသောကြောင့် အများဆန္ဒကို ရွာလူကြီးစံရွေသာလိုက်လျှောပေးလိုက်ရ၏ ။
ဇာတ်ရုံရှိရာသို့ရောက်သောအခါ ၊ဇာတ်ပွဲမှာ စတင်ကပြနေပြီဖြစ်သည် ။ သူကြီးစံရွှေသာဦးဆောင်သော ညောင်ပင်သာရွာသားများမှာ ဇာတ်စင်ရှေ့ မလှမ်းမကမ်းထောင့် တွင်နေရာယူလိုက်ကြရာ ထိုနေရာတွင်ပွဲကြည့်နေကြ သူများမှာ သူတို့လူစုကို အလိုမကျဟန်မျက်လုံးသေ ကြီးများဖြင့်ကြည့်၍ နေရာမှထသွားကြရာ ညောင်ပင်သာရွာသားများသာ တစုတစည်းတည်းရှိနေကြပြီး သူတို့နေရာပတ်လည်တွင်တခြားလူများကပ်မလာပဲ ဝါးတရိုက်အကွာတွင်သာထိုင်နေကြသည် ။ ဇာတ်ပွဲမှာပွဲကောင်းတပွဲဖြစ်၏ ။ အငြိမ့်နှပါးသွား၊ ပြဇာတ်။အော်ပရာများက အလွန်ကောင်းသော ကြောင့် ညောင်ပင်သာရွာသားများမှာ မျက်တောင်မခတ်တမ်းငေးကြည့်နေမိကြတော့သည် ။ အငြိမ့်မင်းသမီးလေးမှာလည်း၊ အဆိုအငို၊အက ပိုင်နိူင်သလို၊ လူရွှင်တော်များပြောသောဟာသမှာ လည်းရယ်စရာကောင်းသောကြောင့် ညောင်ပင်သာ ရွာသားများမှာ လူရွှင်တော်များဟာသပြောနေချိန်ပတ် တုတ်မရရယ်မောနေကြကာ မျက်လှည့်ရုံတွင်ကြုံခဲ့ ရသော အဖြစ်အပျက်များကို မေ့ပျောက်နေကြ၏ ။ သူကြီးစံရွှေသာမှာကား စိတ်မဖြောင့်နိူင်ပေ။
ရပ်ရွာလူကြီးတယောက်အနေဖြင့်လိုက်ပါလာသော သူ့မှာရွာသားများတစုံတခုဘေးဒုက္ခမဖြစ်စေရန်ကာ ကွယ်ရမည်ဟူသော အတွေးစိတ်က ရှိနေသောကြောင့် ဇာတ်ပွဲထဲတွင်စိတ်မရောက်နိူင်ပဲ ရှိနေသည် ။ ဇာတ်ပွဲတွင်ကပြဖျော်ဖြေနေသော သူများမှာ အဆို၊အငို၊ ဟာသများပြောနေသော် အသံကပြော သောစကားအလိုက်ပြောင်းသွားသော်လည်း မျက်လုံး သေ၊မျက်နှာသေများဖြင့်ရှိနေကြောင်းသေချာကြည့် နေသောကြောင့်မြင်နေရသည် ။ ဘေးပတ်ဝန်းကျင်မှ ပွဲကြည့်နေသူများကိုကြည့် လိုက်ရာတွင်လည်း ဇာတ်ပွဲကိုမျက်တောင်မခတ်ကြည့်နေကြသော်လည်း လူရွှင်တော်ဟာသများကရယ် စရာကောင်း၍ ညောင်ပင်သာရွာသားများရယ်မော နေကြသော်လည်း တခြားပွဲကြည့်နေသူများမှာ ရယ်မောခြင်းမရှိကြောင်းတွေ့နေရ၏ ။
သူ့စိတ်အတွင်းယခုရောက်နေသောနေရာ ၊ဇာတ်ပွဲ ကိုစိတ်အတွင်းသဘောမကျနိူင်ပဲရှိနေသည်။ သူစိတ်အတွင်းတခုခုဆိုပါက အစိုးရိမ်လွန်တတ် သောစိတ်ရှိရာ အစိုးရိမ်လွန်နေ၍ထိုသို့ထင်မြင်နေခြင်းမျိုးလားဟုလည်း သူ့ကိုယ်သူ သုံးသပ်နေမိပြန်သည် ။ ထိုအချိန်တွင် ညောင်ပင်သာရွာမှ ခပ်ဆိုးဆိုးကာ လသားနှယောက်ဖြစ်သော အောင်နိူင်နဲ့ကျော်မောင် တို့နှစ်ယောက်သား တီးတိုးကြိတ်၍ တိုင်ပင်နေကြ ၏။ ” အငြိမ့်မင်းသမီးလေးက အရမ်းချောတယ် အောင်နိူင်ရာ ကိုယ်လုံးလေးက တစ်တစ်ရစ်ရစ်နဲ့ ငရံ့ကိုယ်လုံးလေးကျနေတာပဲ…. ” ”…အတော်လှတယ်ကွာ မျက်လုံးထဲကမထွက်ဘူး …” ”…ကျော်မောင်အခု မင်းသမီးတခန်းကပြီးရင် အဝတ်အစားလဲလိမ့်မယ် အဲတာသွားချောင်းရအောင်ကွာ…” ” ဟာ…ဖြစ်ပါ့မလားကွ.. ဟိုကမိသွားတာတို့ သူကြီးသိသွားတာတို့ဆိုရင် ပြသာနာတက်ကုန်လိမ့်မယ်.. ” ” ..ဟ.. မသိအောင်လုပ်မှာပေါ့ကွ.. စိတ်ပူမနေစမ်း ပါနဲ့ လာခဲ့…. ” သူကြီးစံရွှေသာ တဖက်သို့ မျက်နှာလှည့်နေချိန်တွင် အောင်နိူင်နဲ့ကျော်မောင်ကလူအုပ်ကြားမှလစ်ထွက်၍ ဇာတ်စင်နောက်ဖေးတောအုပ်အစပ်မှအတွင်းဝင်၍ ဇာတ်စင်နောက်ဖေးဆီသို့ဝင်လာခဲ့ကြသည် ။ ဇာတ်စင်နောက်ဖေးဖက်တွင် မီးအိမ်ငယ်တခု ထွန်းထားသောကြောင့် ဝါကျင့်ကျင့်မီးအလင်းရောင် လေးထွက်နေပါသည် ။ မီးရောင်ထွက်ပေါ်နေသောနေရာသို့နှစ်ယောက်သား ခြေသံလုံလုံဖြင့်အမှောင်အတွင်းသတိထားလျှောက် လာကြသည် ။
မီးရောင်အလင်းမှိန်မှိန်အောက်တွင် လူတယောက် သူတို့ကိုကျောပေး၍ ထုံးဖွဲ့ထားသောဆံပင်များကို ဖြေချနေရာအဝတ်အစားလူအနေထားကိုကြည့်၍ သူတို့တွေ့ချင်နေသော အငြိမ့်မင်းသမီးမှန်းသိလိုက်ရ သောကြောင့်နှယောက်သားအမှောင်အတွင်းဝပ်နေရင်းဆက်ကြည့်နေကြ၏ ။ အငြိမ့်မင်းသမီးမှာ ဆံပင်များကို ဖြေချ၍ အပေါ်မှ အင်္ကျီကိုချွတ်ချ၍ အတွင်းမှခံဝတ်ထားသည်များကိုပါ ချွတ်ချလိုက်ရာ အငြိမ့်မင်းသမီး၏ ဖြူဖွေးသောကျော ပြင်ကိုမီးရောင်အောက်မြင်နေရတာကြောင့်နှယောက် သားတံတွေးကိုကြိတ်၍ မြိုချလိုက်ကြတော့သည်။ သူတို့စိတ်အတွင်း မင်းသမီး သူတို့ဖက်သို့လှည့်လာ ပါစေဟူ၍ကြိတ်၍ဆုတောင်းနေမိကြ၏ ။ အငြိမ့်မင်းသမီးမှာ နောက်ထပ်ဝတ်စုံတစုံကို ရွေးနေရာရင်း ရုတ်တရက် ချောင်းကြည့်နေသော ကျော်မောင်၊အောင်နိူင်ဖက်သို့လှည့်လာပါတော့သည် ။ အငြိမ့်မင်းသမီးသူတို့ဖက်လှည့်လာချိန်တွင် မြင်လိုက်ရသောမြင်ကွင်းကြောင့် နှစ်ယောက်သား နှလုံးခုန်သံရပ်သွားပါတော့သည် ။ မြင်လိုက်ရသောမြင်ကွင်းက သူတို့တွေ့ချင်နေသော မြင်ကွင်းကိုမြင်လိုက်ရသောကြောင့်ကားမဟုတ်။ မျက်နှာတခုလုံးမီးလောင်ထားသလို ရုပ်ပျက်ဆင်း ပျက်အသားနီများလန်လျှက်ရင်ဘတ်ပိုင်းနေရာတွင် အသားများတွင် လောက်ကောင်များရွစိထိုးသွားလျှက် ရှိနေသော ကြောက်မက်ဖွယ်ရာ အသွင်အပြင်ဖြင့် ရှိနေသော အငြိမ့်မင်းသမီးကိုတွေ့လိုက်ရသောကြောင့်ပင်ဖြစ်သည် ။
…သ..သရဲမ… ..ပြေး…ပြေး…သရဲ…သရဲ….. အောင်နိူင်၊ကျော်မောင်တို့နှယောက်မှာကြောက်လန့်တကြားဖြင့်ပွဲကြည့်နေသောသူတို့ လူအုပ်ရှိရာသို့ ပြေးလာခဲ့ကြပါတော့သည် ။ ”..ဟေ့ကောင်တွေ အူယားဖားလျှား ဘာဖြစ်လာကြတာလဲ ၊ နေအုံးမင်းတို့ဘယ်အချိန်ကထွက်သွားတာလဲ ငါကိုလည်းဘာမှမပြောခဲ့ဘူး…” …ဟို..ဟို..ကျနော်တို့ အပေါ့သွားတာ၊အဲတာ သရဲခြောက်ခံလာရလို့…. ..တော်..တော်.. မင်းတို့အကြောင်းငါသိတယ်၊ လူတဖက်သားကိုခြောက်လှန့်နေတာတွေတော်တော့… ..အခုက မဟုတ်… ”..ဟေ့ကောင်တွေ တော့တော့ ပွဲကြည့်စရာရှိတာဆက်ကြည့်နောက်တခါ ဘာမပြော၊ညာမပြောထွက်သွား ရင်ငါ့အကြောင်းသိမယ်… ” ကျော်မောင်၊အောင်နိူင်အူယားဖားလျှားဖြင့်ရောက်လာချိန်တွင်ရွာလူကြီး ဦးစံရွေသာက မပြောမဆိုပဲ ထွက်သွားသော သူတို့နှယောက်ကိုဆူပူမာန်မဲလိုက်သည်။ နှစ်ယောက်သားမှာလည်း သူတို့ကြုံလာရသောအဖြစ်အပျက်ကိုအမှန်အတိုင်းပြော၍မဖြစ်နိူင်ပေ။ အငြိမ့်မင်းသမီးကိုသွားချောင်းကြောင်းကိုလူကြား ထဲပြော၍မဖြစ်နိူင်တာမို့ ၊သူတို့ကြုံလာရသောအခြေအနေကိုလည်းပြောပြရန်ခက်ခဲနေခြင်းပင်။ နှစ်ယောက်သားမှာ သူကြီးဟိန်းဟောက်စကား ကြောင့်ငြိမ်ကုတ်လိုက်ကြပြီး အပြင်ဖက်တွင်မထိုင်ရဲ ကြတော့ပေ။ကျောမလုံသောစိတ်ခံစားမူများကြောင့် လူအုပ်အလယ်သို့အဆဲအဆိုခံတိုးဝှေ့ဝင်ရောက် ပြီး လူအုပ်အလယ်တွင်ထိုင်နေကြတော့သည်။
အငြိမ့်မင်းသမီးနောက်တကျော့ပြန်ထွက်လာရာ အငြိမ့်မင်းသမီးကိုကြည့်လိုက်ကြရာ သူတို့မြင်တွေ့လိုက်ရသလိုကြောက်လန့်စရာ ရုပ်မျိုးမဟုတ်တော့ပဲ ချစ်စဖွယ်ရုပ်သွင်လေးဖြင့်တွေ့ရသောကြောင့်သူတို့အမြင်မှားယွင်းခြင်းလားဟုနှစ်ယောက်သားတွေးနေမိကြသည် ။ သို့ရာတွင်.. ။ သူတို့နှစ်ယောက်အမြင်မမှားကြောင်းကိုလည်းနှစ်ယာက်လုံးသိနေကြပြန်သည် ။ အငြိမ့်မင်းသမီးလေးက ကျောင်မောင်၊အောင်နိူင် နှယောက်ရှိနေသောနေရာသို့ တခနမျစူးစိုက်ကြည့် လာရာ နှစ်ယောက်သားကြောက်လန့်စွာခေါင်းငုံ့ချလိုက်ကြပါတော့သည် ။ အငြိမ့်မင်းသမီးလေးမှာသူမတာဝန်ကိုကျေပွန်စွာ ဆိုင်းသံနဲ့အတူစည်းချက်ကျကျ၊ခေါင်း၊ခါး၊ခြေ၊လက် ဟန်ချက်ညီစွာကပြအသုံးတော်ခံနေပါ၏ ။ ”…သူကြီး ကျုပ်တို့ ကွမ်းဝယ်၊ဆေးလိပ်ဝယ်ရင်း မိန်းခလေးတွေလည်းတပေါ့တပါးသွားမလို့.အဲတာအပြင်ဖက်ခနသွားမလို့. ” ” မိန်းခလေးတွေတယောက်တည်းကွဲထွက်မသွားစေနဲ့နော် ၊ကိစ္စပြီးရင် မြန်မြန်ပြန်လာခဲ့ကြ… ” ရွာမှအပျိုကြီးလည်းဖြစ်ပြန်၊အပျိုထိန်းလည်းဖြစ်သော ဝါနူက သူကြီးထံခွင့်တောင်းလာသည် ။
အဘွားကြီး၊သက်လတ်ပိုင်းအမျိုးသမီးများ တအုပ်တမကြီးသွားမည်မို့ သူကြီးစံရွှေသာကခွင့်ပြုလိုက်ပြီး ရွာလူပျိုခေါင်းဆောင် ဇော်မင်းနဲ့ကာလသားသုံးလေး ယောက်ကိုအဖော်အဖြစ်ထည့်ပေးလိုက်သည်။ အောင်နိူင်၊ကျော်မောင်တို့နှစ်ယောက်မှာသူတို့ကို ခေါ်ရာ အကြောက်အကန်ငြင်းဆိုရင်း လူအုပ်အလည် တွင်ကျီးကန်းတောင်းမှောက်ဘေးဘီသို့ မလုံမလဲမျက်လုံးများဖြင့်လိုက်ကြည့်နေကြသည် ။ နေ့လည်နေ့ခင်းဆိုလျှင် အလွန်အရိပ်ဝါသကောင်း မည့် ညောင်ပင်ကြီးတပင်အောက်တွင် ကွမ်းယာဆိုင် ငယ်လေးတဆိုင်က ဆီမီးခွက်လေးမှိတ်တုတ်၊မှိတ်တုတ်ဖြင့်ရှိနေ၏ ။ ထိုကွမ်းယာဆိုင်တွင် အသက်ဆယ့်ရှစ်နှစ်အရွယ် သနပ်ခါးပါးကွက်ကျားဖြင့်ကောင်မလေးတယောက်ရောင်းနေပါသည် ။ ကောင်မလေးမှာ အသားညိုစိမ့်စိမ့်ဖြင့်ချစ်စဖွယ် မျက်နှာပိုင်ရှင်လေးဖြစ်၏ ။ ကွမ်းယာဆိုင်မှာပွဲစျေးတန်းနဲ့ခပ်လှမ်းလှမ်းတွင် ရှိနေကာ ဝယ်သူမရှိခြောက်ကပ်တိတ်ဆိတ်နေသည် ။ ညောင်ပင်သာရွာသားများမှာ ထိုကွမ်းယာဆိုင်အနီး ရောက်လာကြရာ ကွမ်းဆိုင်က ချက်ခြင်းစည်ကားသွားပါတော့သည် ။ မိန်းမများညောင်ပင်နောက်ဖေးခပ်လှမ်းလှမ်း တွင်အပေါ့သွားနေချိန်တွင် ကာလသားများမှာ ကွမ်း မှာသူကမှာ၊ဆေးလိပ်ဝယ်သူကဝယ်ဖြင့်ရှိနေကြသည်။
အပျိုလူပျိုသဘာဝ မိန်းခလေးကိုစနောက်စကား ဆိုလျှက်ရှိနေကြ၏ ။ အပျိုကြီးများ မိန်းမကြီးများမှာလည်းကွမ်းစား သောကြောင့် ကောင်မလေးမှာကွမ်းကိုလက်မလည်အောင်ယာနေရသည် ။ အားလုံးပြီး၍ အပေါ့သွားသောလူစု ပြန်ရောက်လာ ချိန်ကျမှ လူစုံမစုံစစ်၍သူကြီး စံရွှေသာလည်း သက်ပြင်းချနိူင်တော့သည် ။ ” .ကွမ်းက ဘယ်လိုကွမ်းလဲ.. ဖွီ..ဘာအရသာ ကြီးမှန်းမသိဘူး….” ..ဖွီ..သစ်ရွက်ကိုဝါးနေရသလိုပဲ အနံ့ကလည်းဆိုး လိုက္တာ.. …ဆေးလိပ်ကလည်း သစ်ရွှက်ခြောက်မီးရိူ့သောက် နေရသလိုပဲ…. ကွမ်းယာက ကွမ်းအရသာမရှိပဲ သစ်ရွက်ကိုဝါးနေ သလိုဖြစ်နေသည့်အပြင် ၊ဆေးလိပ်ကလည်း ဖက်ညှော်နံ့ထွက်၍ ဆေးလိပ်အရသာ တစက်မှမထွက်သောကြောင့်အားလုံးတယောက်တပေါက်အော်ရင်း ရှိနေကြသည် ။ ထိုအချိန်မှာပင် ဘယ်ကလွင့်လာမှန်းမသိသော မီးခိုးငွေ့များကပွဲခင်းထဲသို့ ပျံလွင့်ဝင်ရောက်လာပြီး အားလုံးကိုလွှမ်းခြုံသွားပါတော့သည် ။ ညောင်ပင်သာရွာသားများမှာမီးခိုးငွေ့များကိုရူရိူက် မိကြစဉ်ခေါင်းတခုလုံးမူးနောက်ရီဝေလာတော့သည် ။
ပွဲကြည့်စင်ပေါ်လှမ်းကြည့်ရာစင်ပေါ်တွင်ကြောက်လန့်ဖွယ်ရာ ရုပ်သွင်ဖြင့်သရဲမတကောင် ကပြဖျော် ဖြေနေသည်ကိုတွေ့ရသည် ။ ဆိုင်းဝိုင်းအတွင်းရှိနေသော တီး၊မူတ်၊နေသော လူများမှာလည်းကြောက်မက်ဖွယ်ရာမကောင်းဆိုး ဝါးရုပ်သွင်များဖြင့်ရှိနေကြသည် ။ ပွဲကြည့်နေသော ပွဲခင်းထဲမှလူများကိုလှမ်းကြည့် လိုက်ကြရာထိုလူများမှာလည်းမကောင်းဆိုးဝါးများ ဖြစ်နေကြသည်ကိုတွေ့မြင်လိုက်ကြရတော့သည် ။ အားလုံးမှာအော်ဟစ်ရန်၊ပြေးလွှားရန်စိတ်ကူး နေကြသော်လည်း အော်သံကထွက်မလာသလို လူကလည်းနေရာမှ တလက်မပင်ခွာမရပဲရှိနေရင်း နောက်ဆုံးအိပ်မောကျသွားကြပါတော့သည် ။
…ပွဲပြီးပြီဟေ့…. ညောင်ပင်သာရွာသားများနားအတွင်းအိပ်မောမကျ မှီအချိန်နောက်ဆုံးကြားလိုက်ရသော လူတစုတပြိုင်နက်တည်းအော်ပြောသောစကားသံပင်ဖြစ်ပါတော့သည်။ ပူပြင်းသောနေရောင်ခြည်က သူကြီးစံရွှေသာ မျက်နှာပေါ်ထိုးကျလာချိန် သူကြီးစံရွှေသာ တယောက်အိပ်နေရာမှဆတ်ခနဲလန့်နိူးလာသည် ။ သူဘေးပတ်လည်ကို ဝေ့ကြည့်လိုက်ရာ အတုန်းအရုန်း အိပ်ပျော်နေသူများကိုတွေ့လိုက်ရသည် ။ ဘာဖြစ်လို့ဖြစ်သွားမှန်းမသိပဲ ညကရုတ်တရက်အိပ်ပျော်သွားရာမှမနက်နေမွန်းတည့်ချိန်ရောက်မှနိူး လာခြင်းပင်။ ဇာတ်စင်ကိုသတိရ၍လှမ်းကြည့်ရာ ဇာတ်စင်နေရာတွင်စင်ကိုမတွေ့ရပဲခြုံနွယ်များ ဖုံးအုပ်နေသည်။ သူတို့လူစုအိပ်နေသောနေရာမှာလည်း မြေစာပုံအဟောင်းတချို့နဲ့ထိုးထိုးထောင်ထောင်မှတ်တိုင်တချို့ကို တွေ့လိုက်ရတာကြောင့်ခေါင်းနပန်းကြီးသွားကာ သူ့ရွှာသားများကိုလိုက်နိူးလိုက်သည် ။ အိပ်မူန်စုန်ဝါးနိူးလာသောရွှာသားများက ဘေးပတ် လည်ကိုသေချာကြည့်၍ ရုတ်တရက်လန့်ဖျတ်အော် ဟစ်သံများဆူညံ့ကုန်တော့၏ ။
…ညက ဇာတ်စင်ဘယ်ရောက်ကုန်တာလဲ ၊သင်းချိုင်းကုန်းထဲငါတို့ဘယ်လိုရောက်လာတာလဲဘယ်ရောက်နေတာလဲ… …ဇာတ်စင်တွေရော လူတွေရော တခုမှမတွေ့ရဘူး ဒါဆိုညကငါတို့ ကြည့်ခဲ့ရတဲ့ပွဲက သရဲခြောက်တာပေါ့….. ..အောင်မလေး ဘုရား..ဘုရား..ဘုရား.. ငါတို့သရဲတွေကတဲ့ပွဲကိုရောက်လာခဲ့ရတာပါလား…. …ဒီကွမ်းယာဆိုင်လာကြည့်ပါအုံး ကျုပ်တို့သောက်တဲ့ ဆေးလိပ်တွေ စားတဲ့ကွမ်းတွေ… …ဟာ… ..အလိုလေး သရဲရောင်းတဲ့ဆေးလိပ်တွေသောက် ကွမ်းတွေစားနဲ့ ခုပြန်တွေးရင်တောင်ကြောက်စ ရာကောင်းနေတယ်…. …ကဲကဲ.. ဒီမှာနေဖို့မသင့်ဘူး အားလုံးမော်တော် ဘုတ်ဆီအမြန်ပြန်ကြရအောင်.. ရွှာသားများမှာလူများ၍သာ ယခုကြုံရသောအခြေအနေကိုလူများ၍သာ အကြောက်မလွန်ခြင်းဖြစ်သော် လည်းညကအဖြစ်ကိုပြန်တွေးပြီးကြက်သီးမွေးညှင်းများထလျှက်ရှိနေကြသည် ။ ကွမ်းဝယ်စားမိသောရွာသားများမှာညောင်ပင်ကြီး အောက်သို့သွားကြည့်ကြရာ ကျောက်တုံးကြီးတတုံးပေါ်တွင် ညောင်ရွက်ကိုညောင်စေးများသုတ်လျှက် ညောင်သီးခြောက်များထည့်ထားသော ကွမ်းယာများ တွေ့ကြရသည် ။ သစ်ရွက်ခြောက်ကိုဖက်ဖြင့်လိပ်ထားသောဆေးလိပ်များကလည်းအစီအရီတွေ့လိုက်ကြသောအခါမှညကသူတို့စားသော ကွမ်း၊ဆေးလိပ်များမှာ ယခုတွေ့နေရသော အရာများဖြစ်ကြောင်းသိလိုက်ကြရ၏ ။ ရွာလူကြီးဦးစံရွှေသာမှာ ရွာသားများကိုခေါ်၍ မော်တော်ဘုတ်ရှိရာသို့ပြန်လာခဲ့တော့သည် ။
ညောင်ပင်သာရွှာသားများမှာသူတို့ကြုံရသောအကြောင်းအရာများကိုအမျိုးမျိုးဝေဖန်သုံးသပ်ပြောဆိုနေကြ၏ ။ ကျော်မောင်၊အောင်နိူင်တို့နှစ်ယောက်မှာလည်းယခုအချိန်ရောက်မှသူတို့ကြုံရသော အခြေအနေကိုပြောပြ နေကြတော့သည် ။ ” ဟေး….ကောင်လေး..လာပါအုံးကွ.။ …” ” ဟုတ်ကဲ့.. ဦးလေး.. ဘာကိစ္စရှိလို့လဲခင်ဗျာ…” မော်တော်ဘုတ်ဆိပ်ကပ်ထားရာနေရာသို့ ချောင်းဘေးအတိုင်းလျှောက်လာကြစဉ် တံငါလှေတစီးဖြတ်သွားသောကြောင့် ဦးစံရွေသာမှလှမ်းခေါ်လိုက်ရာ ငါးရှာထွက်လာဟန်တူသော လှေသမားက ညောင်ပင်သာရွှာသားလူအုပ်ကြီးကိုစူးစမ်းဟန် ကြည့်၍ လှေကိုကမ်းကပ်လာသည် ။ ဦးစံရွေသာမှာလည်းသိလိုသည်များကိုလှေသမားကို မေးမြန်းရန်စကားစလိုက်ရာ ရွှာသားများမှာငြိမ်သက် တိတ်ဆိတ်စွာဖြင့် နားစွင့်နေကြသည် ။ ” ဒီအနားမှာ ရွာတွေဘာတွေဘာတွေရှိလား ကောင်လေး….ဟိုးနေရာမှာလောက်မှာလေကွာ…” ” ဟာ..ဒီအနားမှာ ဘာရွာမှမရှိပါဘူး ။
ကျွန်တော် တောင်ဟိုးတဖက်ကမ်းက လာတာ နေ့ခင်းမို့သာ ဒီအနားကဖြတ်ရဲတာ၊ညနေစောင်းလာရင် ဒီအနားက မဖြတ်ရဲဘူး ဦးလေးတို့က ဒီအနား ဘာလုပ်နေကြတာလဲ….” ”….ဦးလေးတို့က ရွာတန်းရှည်ကို ပွဲသွားကြည့်ရင်း မော်တော်ပျက်လို့ ဒီအနားရောက်နေကြတာ။ ဒါနဲ့ ဒီနေရာက ဘာဖြစ်လို့လဲ ပြောစမ်းပါအုံး…..” ” ဒီနေရာက တအားအခြောက်အလှန့်ကြမ်းတာ ဦးလေးရ ၊ ခြောက်ဆို အရင်က ဒီကမ်းနဘေးဦးလေး လှမ်းပြတဲ့နေရာလောက်မှ ရွာတရွာရှိခဲ့ဖူးတယ်တဲ့။ ကာလဝမ်းရောဂါတွေဖြစ်တော့ လူအသေအပျောက်များပြီး ရွာပျက်သွားတာ ၊ ကျန်ခဲ့သူတွေက တခြား ရွာတွေပြောင်းကုန်ကြတာပေါ့… ။ အဲဒီမှာ စခြောက်တော့တာပါပဲ ညရေးညတာဒီနေရာကလှေဖြတ်သွားရင် လှေကြုံလိုက်စီးတာမျိုးတွေ ရှိလာတယ် ။ တချို့တွေက အသံလောက်ပဲကြားရပြီး လူကိုမတွေ့ရဘူး တချို့ကျတော့ ကြောက်လန့်စရာ ရုပ်တွေ တွေ့ကြတာပါပဲ… ၊ အဲလောက်ခြောက်တဲ့နေရာမှာ ပိုဆိုးသွားတဲ့နောက်အဖြစ်အပျက်တခုရှိသေးတယ်..” ”. ဟေ.. ဘယ်လိုများလဲ ပြောစမ်းပါအုံး.. ။.
.” ”..ဒီအနားက ဖြတ်သွားတဲ့ပွဲကမယ့်ဇာတ်လှေတစ်စီး ညဖက်ကြီးရေထဲက ငုတ်ကိုဆောင့်ပြီးမော်တော်မှောက်တာညဆိုတော့ခေါင်းဆောင် မင်းသမီး လူရွှင်တော်တချို့နဲ့ ဇာတ်အဖွဲ့ဝင်တချို့သေသွားကြတယ် ။ သေသွားတဲ့ ဇာတ်သမားတွေကို ကာလဝမ်းရောဂါနဲ့ သေသွားတဲ့ ရွာသားတွေမြုတ်တဲ့သင်းချိုင်းမှာပဲမြုတ် လိုက်တာ နောက်ပိုင်းကျတော့ ဒီအနားကညဖြတ် သွားသူတွေ ပွဲကနေသံတွေ ကြားကြရတယ် ။ အကြောင်းမသိသူတွေတက်ကြည့်ကြတာ ဇာတ်ပွဲက နေတာတွေ့ကြရတာပဲ….။ အဲဒီလိုမျိုးခနခနခြောက်လှန့်ခံရတော့ ဒီအနားဘယ်သူမှညပိုင်းမဖြတ်ရဲကြဘူး မော်တော်ဘုတ်တွေ ဒီအနားကဖြတ်ရင်လည်း အကြောင်းတမျိုးမျိုးဖြစ်ပြီး စက်ကပြင်မရပဲ ပျက်ကြတာလည်းခနခနပါပဲ ဦးလေးရေ…” လှေသမားကောင်လေးက ဦးစံရွေသာအမေးကို အပြည့်အစုံအဖြေပေးပြီးသော လှေကိုလှော်ခတ်၍ ထွက်ခွာသွားတော့သည် ။ ဦးစံရွေသာနဲ့ ညောင်ပင်သာရွာသားများမှာလည်း အခြေအနေကိုခုမှအကြောင်းစုံနားလည်သဘောပေါက်လိုက်ကြတော့သည် ။ မော်တော်ဘုတ်အနီးရောက်သောအခါ မော်တော်ဘုတ်မှာ ဦးစံရွေသာတို့ထွက်ခွာသွားပြီးသိပ်မကြာ မီအချိန်တွင် စက်နိူးကြောင်း မော်တော်ဘုတ်ပိုင်ရှင် အောင်ငွေမှပြောပြလာ၏ ။ ဦးစံရွေသာမှာ ရွာသားများကို မေးခွန်းတခုမေး မြန်းလိုက်သည် ။ ” ပွဲကြည့်ရန် ရွာတန်းရှည်သို့ ဆက်သွားမလား ။ ပွဲမကြည့်ပဲ ရွာပြန်ကြမလား… ။…” ထိုမေးခွန်းအဖြေကိုရွာသားများက တညီတညွတ်တည်းပြန်ဖြေလာကြသည့်အဖြေမှာကား…။
မော်တော်ဘုတ်လေးမှာရေအတက်တွင်ညောင်ပင် သာရွာသို့ ပြန်လှည့်မောင်းနေပါသည် ။ မော်တော်သမားအောင်ငွေနဲ့ သူ့အကူကောင်လေးမှာအစပထမ ဘာမှနားမလည်ပဲ ပွဲမကြည့်ပဲ ပြန်လှည့်ခိုင်းနေသော သူကြီးကို ပွဲမကြည့်ရသေးသောကြောင့်စိတ်ဆိုးနေကြသေး၏ ။ သရဲကသောဇာတ်ပွဲကိုကြည့်မိလာသောရွာသားများ ကသူတို့ကြုံလာရသော ကြောက်လန့်ဖွယ်အကြောင်း အရာများကို တယောက်တပေါက်ပြန်ပြောပြကြရာ သူတို့လည်းအများနည်းတူ ပွဲကြည့်ချင်စိတ်ပျောက်ကုန်သည် ။ မော်တော်ပေါ်တွင်ပွဲမကြည့်ဖြစ်ပဲကျန်နေခဲ့သည်ကိုပင်ကြိတ်၍ဝမ်းသာနေကြတော့၏ ။ မော်တော်ဘုတ်လေးမှာကားစက်သံတဘုတ်ဘုတ်ဖြင့် သရဲပြသော မျက်လှည့်ပွဲ ၊ သရဲကသောဇာတ်ပွဲကို တစ်ညကြည့်လာသော ရွာသားများကိုတင်ဆောင်၍ ညောင်ပင်သာသို့တရွေ့ရွေ့သွားနေပါတော့သည်။ ========================== ပြီးပါပြီ








