အနားယူခွင့်(စ/ဆုံး)
“အမေ ” ” မနက်ဖြန်တစ်ရက်တော့ သမီးနားအုံးမယ်နော် ” ” ဒီနေ့လည်း မိုးရွာနေရက်နဲ့ သမီးသွားတာ ” ” မိုးတွေမိလို့ ခုညောင်းကိုက်နေတာပဲ ” ” တစ်ရက်လောက်ေတာ့ဆေးသောက်ပြီး နားလိုက်မှ အဆင်ပြေမယ် အမေရယ် ” “ဟဲ့ နုရီရယ် ညည်း တစ်ရက်နားရင် နောက်နေ့ ဘာနဲ့စားကြမလဲ ” ” အငယ်မလေးကလည်း ကျောင်းမှာဆရာကန်တော့ပွဲကြေး မပေးရသေးလို့ ” ” ဒီနေ့ ကျောင်းပြန်လာတော့ မျက်နှာမကောင်းဘူး ” ” အမေရယ် သမီးအရင်နေ့က ရလာတဲ့ ဆန်၂ပြည်ရှိသေးတယ်လေ ” ” ခု ကြက်သားလေးနဲ့ ခဝဲသီးလည်း ဝယ်လာပါသေးတယ် ” ” အငယ်မအတွက်က သမီး ဆိုင်အလုပ်ပြန်ထွက်ရင် ပေးမှာပေါ့ ” ” ငါ့အကြွေးကလည်း မနက်ဖြန်ပေးမှရမယ် နုရီရဲ့ ” ” သားသမီးလုပ်စာမျှော်ကိုးစားနေရတာလည်း ခက်ပါတယ်အေ ” ” ဟင်း ” နုရီသက်ပြင်းသာချလိုက်မိတော့သည်။
နုရီအလုပ်က လက်ဖက်ရည်ဆိုင်တွင် မုန့်ဟင်းခါး ရှမ်းခေါက်ဆွဲ မြီးရှည် ထမင်းဆီဆမ်းစသည် စားဖွယ်များကို ပြင်ပေးရသောအလုပ်ပါ။ ဆိုင်က စျေးထိပ်တွင်ရှိသဖြင့် ဆိုင်လူကျလျှင် စျေးထဲအထိပါ စျေးသည်များမှာသည့် မုန့်ပွဲများကို လိုက်ပို့ပေးရသည်။ ဆိုင်က ရောင်းအားကောင်းသဖြင့် နေ့တွက်ခ တစ်ရက်လျှင် တစ်သောင်းပေးပါသည်။
မနက်၅နာရီထသွားပြီး ညနေစျေးသိမ်းချိန်မှ ဆိုင်ပိတ်သဖြင့် ညနေဆိုလျှင် အစောဆုံးအိမ်ပြန်ချိန်က ၆နာရီပါ အိမ်တွင် ချက်တာပြုတ်တာကတော့ အမေလုပ်ပေမယ့် တခါတလေမီးပျက်နေလျှင် မီးမွှေးမချက်ပဲ မီးအလာကိုသာငုတ်တုတ်ထိုင်စောင့်နေသော အမေရယ်ပါ ရပ်ကွက်ထဲက အိမ်လာရောင်းသမျှအထည်များကိုလည်း နေ့ပေးလပေးအကြွေးများ အမေယူထားသေးသည်။ အဲ့သည်အတွက် အမေ့အကြွေးများက ဆပ်လို့ကိုမပြီးနိုင်ပေ။
အဖေသည် အထက်မြစ်ကြီးနားသို့ အလုပ်သွားလုပ်သည်မှာ ၂နှစ်ကျော်သော်လည်း အိမ်သို့ ဘာငွေမှမပို့ပါ အဆက်အသွယ်မလုပ်တာကို အတော်ကြာနေပြီဖြစ်သည်။ အရင်ကတော့ စိတ်ပူနေခဲ့ပေမယ့် မြစ်ကြီးနားမှ ပြန်လာသူများက အဖေ ဟိုမှာသူဌေးမုဆိုးမတစ်ယောက်နဲ့ ရနေပြီဟု ပြောသဖြင့် ခုတော့ စိတ်မပူပဲ စိတ်သာနာမိသည်။ နုရီအသက်က ၂၃နှစ်ကျော်လာပြီး အငယ်မကတော့ ခုမှ၁၅နှစ်ပဲရှိပါသေးသည်။ အမေသည် အဖေရှိစဉ်ကတည်းက ဘာအလုပ်မှ လုပ်ခဲ့သူမဟုတ် ခုလည်း အဖေ့ကိုစိတ်နာသည့်စိတ်နှင့် တစ်နေကုန်ရပ်ကွက်ထဲလည်ပြီး ချက်ချိန်ပြုတ်ချိန်မှ အိမ်ပြန်လာပါသည်။
အဖေ့စိတ်နှင့် အမေခံစားမနေစေရန် နုရီလည်း အမေ့ကို စိတ်ချမ်းသာသလိုနေစေပါသည်။ အခုနောက်ပိုင်း အမေ နှစ်လုံးသုံးလုံးပါ ကစားနေသည်။ ပြောချင်ပေမယ့် အမေနောက်အိမ်ထောင်မပြုလျှင်ပြီးရောဆိုပြီး မပြောမိတော့။ မိုးမိထားပြီး တစ်နေကုန်ပါ မတ်တပ်ရပ်နေရသောကြောင့် လူကညောင်းပြီးနုန်းနေပါသည်။ ထမင်းလည်း မစားချင်သောကြောင့် အိပ်ရာထဲဝင်ခွေနေလိုက်တော့သည်။ ထိုစဉ် အငယ်မ ဝင်လာပြီး ” မမကြီး ငယ်မကို မနက်ဖြန် ဆရာကန်တော့ပွဲကြေးပေးလိုက်ပါနော်” ” အတန်းထဲကသူတွေအကုန် ထည့်ပြီးကုန်ပြီ ” ” ပြီးတော့ ဖိနပ်လည်းပြတ်တော့မယ် ” ” လမ်းသွားရင်း မပြတ်အောင်ဖွစီးနေရတာ ”
အင်း ဒါဆိုရင်တော့ မနက်ဖြန် နုရီ မနားဖို့သေချာပြီမို့ ” အင်းပါ မနက်အစောပေးထားခဲ့မယ်နော် ” ငယ်မမျက်နှာ ဝင်းတောက်သွားတော့သည် ” ကဲပါ ခုတော့ မမကြီးကို ၁၀၀တန်ကိတ်လေးနှစ်ခုရယ် အကိုက်အခဲပျောက်ဆေးလေးရယ် ပြေးဝယ်ပေးနော် ” ” ရော့ ပိုတာ ငယ်မမုန့်ဝယ်စားခဲ့ ” နုရီပေးလိုက်သော ၅၀၀တန်လေးကိုယူခါ အပြေးလေးထွက်သွားသော ညီမငယ်လေးကိုကြည့်ပြီး သနားရပြန်ပါသည်။ အဖေသာအလုပ်လုပ်ပြီး မိသားစုကိုပြန်ကြည့်ခဲ့ရင် ညီမလေးဒီလို မျက်နှာငယ်ရမှာ မဟုတ်ဘူး။
အမေစိတ်ထဲမှာလည်း ထုတ်သာမပြောတာ စိတ်ကောင်းမှာတော့ မဟုတ်ပါ။ အမေ့ကိုသနားသလို ညီမလေးကိုလည်းဂရုဏာသက်ချစ်ရလွန်းတော့ နုရီ ရှေ့ဆက်အားတင်းပြီး ကြိုးစားဖို့သာတွေးမိသည်။ ” အင်းလေ မနက်ဖြန်အလုပ်မနားရအောင် ခုဆေးလေးသောက်ပြီးအိပ်လိုက်ရင် သက်သာသွားမှာပါ ” ဟု နုရီတွေးပြီး အိပ်ပျော်သွားခဲ့ပေမယ့် အိမ်မက်ထဲမှာတော့ မုန့်ပွဲတွေပြင်နေရတာ လက်မလည်ပေ။
#RKK





