မောင့်ဖိနပ် (စ/ဆုံး)
“ခိုင် ဘယ်အချိန်ထိ မောင့်အနားမှာ ရှိနေမှာလဲဟင် ” မောင်က ကျွန်မကို မေးသည်။ ” ဘယ်အချိန်ထိ ရှိနေစေချင်လဲ ပြောလေ မောင် ” ” ခိုင် ရှိနေချင်တဲ့ အချိန်ထိပဲပေါ့ ” ကျွန်မက မောင့်ထံမှ ကျွန်မကို မောင့်အနားမှာ အမြဲ ရှိနေစေချင်တယ် ဆိုသည့် စကားကို ကြားချင်ခဲ့တာပါ။ မောင် မပြောခဲ့ပေမဲ့ ကျွန်မကတော့ ကျွန်မ မောင့်အနားမှာ ရှိနေချင်သည့် အချိန်အတိုင်းအတာ ကို အတိအကျ ပြန်ဖြေပေးခဲ့ပါသည် ။ ” ခိုင် ရှိနေချင်တာက အမြဲ ပေါ့ မောင် ရယ် ” + ” မောင် အိမ်ပေါ်ကနေ ဆင်းတော့မယ် ခိုင်” မောင့် မျက်နှာမှာ စိတ်ပျက် အားငယ် မှု၊ နာကျင် ရှုပ်ထွေးမှုတွေကို မြင်ရတော့ ကျွန်မရင်ထဲ ပူပင်သွားရသည် ။ ” နေပါဦး မောင်ရယ် ဘယ်လိုဖြစ်ရတာလဲ ” မောင်က စိတ်ညစ်နေသော မျက်နှာနှင့် ကျွန်မကို ကြည့်လာသည် ။
” မိဘတွေဖြစ်ပြီး စိတ်နဲ့မတွေ့လို့ သားသမီးနဲ့ စကားများရန်ဖြစ်တိုင်း ကိုယ့်ခြေထောက်ပေါ် ကိုယ် ရပ်နိုင်ရင် အိမ်ပေါ်က ဆင်းဆိုပြီး နှင်နှင်ချနေတာ … မောင့်ကို မှီခိုနေရတဲ့ ကောင်ဆိုပြီး နှိမ်နေကြတာ ခိုင် နောက်နေ့က စပြီး မောင့်အတွက် ထမင်းမချက်ဘူး တဲ့ မောင် ညက ငိုမိတယ် ခိုင်ရယ် ” မောင် ငိုသတဲ့လား ။ ယောက်ျားတစ်ယောက်ထံက သူငိုသည့်အကြောင်း ပြန်ပြောပြတာ ခံရဖူးသူမှာ ကျွန်မပဲ ရှိမည် ထင်သည် ။ မောင်သည် ကျွန်မအပေါ် ယုံကြည်လို့သာ ပွင့်လင်းတာပါလား ဟု ကျွန်မသဘောပေါက်ရင်း မောင့်ကို သနား ကရုဏာ သက်မိသည်။ ” ထမင်းများ ခိုင် ဝယ်ကျွေးမှာပေါ့ မောင်ရဲ့ ” ကျွန်မက ပြုံးပြုံးရွှင်ရွှင် ပြောလိုက်ပေမဲ့ မောင်က စိတ်ပျက်သွားေသာ မျက်နှာပေး ဖြစ်သွား၏။
” နေစမ်းပါ ခိုင် ရယ် ခု မောင် ဘယ်လောက် ေ သချင်နေသလဲ ခိုင်သိရဲ့လား ခိုင် ကတော့ ပေါ့ပေါ့လေးတွေးမှာပဲ လူတိုင်းက ကိုယ်တိုင်ကြုံရမှပဲ နားလည်ကြတာပါ ” ” မောင် ရယ် ခိုင် နားလည်ပါတယ် ခိုင်လည်း အိမ်နဲ့ ရန်ဖြစ်ဖူးတာပဲ ကို ခိုင့် တုန်းကဆို ” ” တော်ပြီခိုင် ” ကျွန်မ စကားကို မောင်က ပိတ်ဖြ တ်ပစ်လိုက်သည် ။ ” ခိုင့်အကြောင်းတွေ မောင်မသိချင်ဘူး မောင့် အကြောင်းတွေလည်း ပြောမပြချင်တော့ဘူး ” ကျွန်မ မောင့်မျက်နှာကိုကြည့်ရင်း စိတ်မကောင်းလွန်းတာကြောင့် မျက်ရည် ကျမိသည် ။ “ပြောပြပါ မောင် ရယ် ခိုင်ကလေ မောင်နဲ့ ဘာမဆို မျှဝေခံစားချင်သူပါ ” + “မောင် စာမေးပွဲကျတယ် ခိုင် အိမ်က မောင့်ကို အသုံးမကျတဲ့ကောင်ဆိုပြီး အိမ်ပေါ်က နှင်ချတယ် မောင် စိတ်ညစ်တယ် ခိုင်ရယ် ” မောင်က အုတ်ခုံကလေးမှာ စိတ်ပျ က်လက်ပျ က် ထိုင်ချရင်း လက်ဖဝါးနှစ်ဘက်ကြား မျက်နှာ ဝှက်၍ ငိုရှိုက်သည် ။ မောင် ငိုတာကို လက်တွေ့မြင်ရသည့်အခါ ကျွန်မခြေမကိုင်မိလက်မကိုင်မိဖြစ်ရသည် ။ မောင့်ကို ပွေ့ဖက်ထားရင်း ကျွန်မ မျက်ရည် ကျလာခဲ့သည် ။ ”
မငိုပါနဲ့မောင်ရယ် မောင်က အသုံးမကျတဲ့သူ မဟုတ်ပါဘူး ” ကျွန်မ မျက်ရည်တွေကို လျစ်လျူရှုလျက် မောင့် မျက်ရည်တွေကို သုတ်ပေးမိသည် ။ ” မောင် တော်တော်လေး စိတ်ဓာတ်ကျသွားပြီ ခိုင်ရာ မောင် ကျောင်းထွက်တော့မယ် ” ” မထွက်ရပါဘူး မောင်ရယ် …” ကျွန်မသည် မောင့်အရှေ့မှာ ရပ်လိုက်ပြီး မောင့်မျက်နှာကို ကျွန်မလက်ဖဝါးနှစ်ဘက်နှင့် ပင့်ယူလိုက်သည် ။ ” ခိုင့်ကို ကြည့်စမ်းမောင် မောင်ဟာ အသုံးမကျတဲ့သူ လုံးဝမဟုတ်ဘူး လူတိုင်း အရှုံးနဲ့ရင်ဆိုင်ရချိန်ဆိုတာ ရှိတယ် မောင် လဲကျတိုင်း မရှုံးဘူး ပြန်မထမှသာ တကယ်ရှုံးတာ မောင်ရဲ့ မောင် ဒီနှစ်ကျတော့ ဘာဖြစ်သလဲ နောက်နှစ် ပြန်တက်ပေါ့ ခိုင် မောင့်ကို ယုံတယ် ” “ဒီလိုဆို မောင်က နှစ်ကျကြီး ဖြစ်သွားပြီလေကွာ ရှက်စရာကြီး ” ကျွန်မက ရယ်သွမ်းသွေးရင်း ” အမယ်လေး မောင်ရယ် ဘာရှက်စရာရှိလဲ ကဲ ခိုင်မောင့်ကို တစ်နှစ်အောက်ပြီး စောင့်နေမယ် ဒါဆိုဘယ်လိုလဲ ” မောင်က ကျွန်မကို မျက်ခုံးလေးပင့်ကြည့်သည် ။ ” ခိုင်ကမရှက်ဘူးလား ” ” မရှက်ပါဘူး ရှက်စရာရှိတော့လည်း မောင်နဲ့အတူတူပေါ့ ” ကျွန်မ ကမောင့်ပုခုံးလေးကိုမှီကာ ကပ်ချွဲလေးပြောလိုက်၏။ ထိုအခါ မောင်က ကျွန်မစကားကို သဘောကျ၍ အားပါးတရရယ်လေသည် ။
+ “မောင့် အဖေ ဆုံးပြီ ခိုင် … မောင့် ဘဝတော့ သွားပါပြီ ခိုင်ရယ် ” ညဘက် ကျွန်မ အိပ်ပျော်နေချိန် မောင့်ဆီက ဖုန်းဝင်လာသည် ။ ကြားလိုက်ရသည့် သတင်းကြောင့် ကျွန်မရင်ထဲ ဆို့နင့်သွားရသည် ။ မောင်သာ ဆို ဘယ်လောက်တောင် ဝမ်းနည်းနေလိမ့်မလဲ ။ ကျွန်မ အိပ်ရာက အလူးအလဲထပြီး မောင့်ဆီ သွားဖို့ပြင်သည် ။ မောင် ကျွန်မကို လိုအပ်နေလောက်မှာပဲ ဟု ကျွန်မတွေးရင်း မောင့်ဆီကို စိတ်က အရင်ရောက်နေသည်။ မောင့်အိမ်ကိုရောက်တော့ မောင့်အဖေ၏ အလောင်းဘေးမှာ မောင်ရယ် မောင့်အမေရယ် မောင့် ညီမလေးရယ်ကို ကျွန်မတွေ့သည် ။ မောင်သည် ကျွန်မကို မြင်သောအခါ ကလေးငယ် တစ်ယောက်လို ငိုကြွေးလေသည် ။ ကျွန်မသည် မောင့်ကို ပွေ့ဖက်ထားရင်း ” စိတ်အားမငယ်ပါနဲ့ မောင်ရယ် ခိုင် ရှိတယ်နော် ခိုင်လည်း မောင့် မိသားစုနဲ့ အမြဲ တစ်သားတည်း ရှိနေပေးပါ့မယ် အားမငယ်ပါနဲ့ မောင်ရယ် ” ကျွန်မက မောင့်အမေကို အားပေးရသည် ။ ကျွန်မ အိမ်ကိုလည်း မောင့်မိသားစုအခြေအနေကို ပြောပြပြီး ကျွန်မ အမေကို မောင့်အမေဆီ အားပေးစကားပြောခိုင်းရသည် ။
မောင့်ညီမလေးက ရှစ်တန်း တက်နေသူဖြစ်၍ အဖေဖြစ်သူ မရှိတော့သောအခါ ကျူရှင်တက်ရန် အဆင်မပြေတော့ပေ။ ထိုအခါ မောင် ပူပန်ရပြန်သည် ။ ” မောင် ကျောင်းထွက်လိုက်ရင် ကောင်းမလား ခိုင် ” မောင်က ပြောလာတော့ ကျွန်မ လက်မခံနိုင်။ မောင်သည် နောက်ဆုံးနှစ်ပင် မကြာခင်ပြီး၍ ဘွဲ့ရတော့မည်လေ ။ ” မောင်ရယ် ဘွဲ့တောင်ရတော့မှာကို ဘာလို့ ကျောင်းထွက်ချင်ရတာလဲ …” ” မောင့်ညီမအတွက် ကျူရှင်လခ မရှိဘူး ခိုင် အိမ်ဈေးဆိုင်က ရတဲ့ဝင်ငွေကလည်း စားဖို့ပဲ လောက်ငှတာ မောင် အလုပ်ထွက်လုပ်မှ ဖြစ်တော့မယ် ” ” မောင်ရယ် နေပါဦး မောင် အခုကျောင်းထွက်ပြီး အလုပ်သွားလျှောက်တာနဲ့ ကျောင်းပြီးလို့ဘွဲ့ရ အနေနဲ့ အလုပ်သွားလျှောက်တာက ဘယ်တူပါ့မလဲ ရတဲ့လစာချင်းရော လုပ်ရမယ့်နေရာချင်းရော မတူဘူးလေ မောင် ” မောင်က စိတ်ပျ က်ညစ်ညူးစွာ နှင့် ခေါင်းကဆံပင်တွေကို လက်နှင့် ထိုးဖွ သည် ။
” ဒါဆို မောင်က ဘယ်လိုလုပ်ရမှာလဲ ခိုင် မောင့်ညီမကို မောင် ကျူရှင် ဆက် ထားပေးချင်တယ် ” ” မောင့်ညီမ ရဲ့ ကျူရှင်ဆရာမကို အကျိုးအကြောင်းပြောပြီး ကျူရှင်လခ ပေးရမယ့်ရက်ကို နည်းနည်း ရွှေ့ပေးဖို့ တောင်းဆိုကြည့်ရင်ရော မောင် ကြားထဲ ခိုင်တို့ ပိုက်ဆံ ရပေါက်ရလမ်း ရှာချိန် ရတာပေါ့ ” “အမေကလည်း နေမကောင်းဘူး ခိုင် ကျူရှင်လခပေးရမယ့် ရက်ကနီးနေပြီ ” ” မောင် သွားပြောပေါ့ မောင်ရဲ့” မောင်က ခေါင်းခါသည်။ ” ဟာ ခိုင်ကလည်း ရှက်စရာကြီး မောင်သွားမပြောချင်ပါဘူး ” ထိုအခါ ကျွန်မက ရယ်လိုက်သည်။ မောင့် နဖူးပေါ်ကျနေသည့် ဆံပင်တွေကို သေချာ ပြန်ပြင်ပေးရင်း ” ခိုင်ပဲ လိုက်ပြောပေးပါ့မယ် မောင် ရယ် ” ကျွန်မက မောင့်ညီမ၏ ကျူရှင် ဆရာမနှင့်လိုက်တွေ့ခဲ့သည် ။
မောင့်ညီမလေး၏ အစ်မ နေရာယူရင်း ကျူရှင်လခပေးရမည့်ရက်ကို နည်းနည်းလောက်ရွှေ့ပေးဖို့ တောင်းဆိုရသည် ။ မောင်ကတော့ ကျူရှင်အရှေ့မှာ ကျွန်မကို ရပ်စောင့်နေလေသည်။ + မောင်က အင်္ဂလိပ်စာ မေဂျာနှင့်ဘွဲ့ရပြီး နိုင်ငံခြားခရီးသွားများကို guideလုပ်ပေးသည့် အလုပ် လုပ်ကိုင်သည် ။ မောင့် အိမ်လည်း မောင့်လစာနှင့် တဖြည်းဖြည်း လည်ပတ်လာသည်။ မောင်တို့ အဆင်ပြေလာတာကို မြင်တော့ ကျွန်မဝမ်းသာရသည် ။ မပြေလည်သည့်အခြေအနေကနေ ပြေလည်သည့်အခြေအနေကို ကျွန်မသည် ဘေးကနေ ရပ်ကြည့်နေခဲ့ရသူမို့ ရင်ထဲ ပီတိဖြစ်ရသည် ။ ကျွန်မက ပုဂ္ဂလိကဆေးရုံတစ်ခုမှာ သူနာပြု ဖြစ်သည်။ မောင်ကလည်း အားသည့်ရက်မရှိသလောက်ရှားသလို ကျွန်မကလည်း ဂျူတီချိန်များနှင့် လုံးလည်ချာလည်ရိုက်နေခဲ့သည် ။ သို့ပေမဲ့ ကျွန်မတို့သည် ညတိုင်း ဖုန်းပြောဖြစ်ကြ၏။ မောင် အားသည့်အချိန်က ကျွန်မ ဂျူတီချိန်နှင့်တိုက်နေလျှင်တောင် ကျွန်မ မအားသည့်ကြားက မောင့်ကို စာပို့ပြီး အကျိုးအကြောင်းပြောတတ်သည် ။ ” ခိုင်က ခြင်းခတ်တာတို့ ဘော်လုံးကန်တာတို့ သိပ်သဘောကျတာမောင်ရဲ့ ခိုင် မွေးလာတဲ့ ကလေးကျရင်လည်း ခြင်းခတ်ခိုင်းပြီး ဘော်လုံးလည်း ကျွမ်းကျွမ်းကျင်ကျင် ကန်တတ်အောင် သင်ပေးဦးမှာ ” ကျွန်မနဲ့မောင် လမ်းလျှောက်နေရင်း ခြင်းခတ်နေကြသော လူငယ်အချို့ကိုမြင်၍ ကျွန်မက ဤ သို့ပြောတော့ မောင်က ကျွန်မကို ပြုံးပြီးကြည့်သည် ။
” သားလေး က ဖအေတူဖြစ်မှာပါ ဖအေတူဆိုတော့ ခြင်းရော ဘော်လုံးရော ဝါသနာပါမှာပေါ့ ခိုင်ရဲ့ ” ကျွန်မက နားမလည်စွာ မောင့်ကို ကြည့်တော့ မောင်ကရယ်သည်။ ” မောင်က ခြင်းခတ်ရတာရော ဘော်လုံးကန်ရတာရော ဝါသနာပါတယ်လေ ခိုင် သားလေးကို မောင်က နည်းပြလုပ်ပေးမှာပေါ့ ” ” သွား ” ကျွန်မက သဘောပေါက်သွားပြီး မျက်စောင်းလေးချိတ်ကာ မောင့် ပုခုံးကို ထုတော့ မောင်က ခေါင်းမော့၍ရယ်ေမာေလသည် ။ ” ခိုင် မောင့်ညီမနဲ့ ရင်းနှီးအောင် လုပ်ထားဦးနော် ” ” ဘာဖြစ်လို့လဲ မောင်ရဲ့ ” ” နောက်ကျ ယောင်းမတော်ရမှာလေကွာ အခုကတည်းက အဆင်ပြေအောင် လုပ်ထားတော့ မကောင်းဘူးလား ” ” ဟွန်း မောင်နော် ” မောင်က ရယ်နေသည် ။ “ခိုင်က မောင့်ေမေမနဲ့ရော ညီမလေးနဲ့ရော အရင်ကတည်းက အဆင်ပြေပြီးသားပဲကို ” “ဟုတ်ပါပြီဗျာ ” + “ခိုင်ရေ နင်တို့ မယူကြသေးဘူးလား တွဲလာတာပဲ ကြာနေပြီ နင့် လူ ရဲ့အလုပ်က လူအများနဲ့ ဆက်ဆံနေရတဲ့အလုပ်နော် သူနဲ့guideတူတူလုပ်တဲ့ သူ့ပါတနာ ကောင်မလေးဆို ချောချောလှလှလေး နင်စိတ်ချမထားနဲ့ ” သူငယ်ချင်း များက သတိပေးကြသည် ။ မောင် နှင့် အပြင်မှာ မတွေ့ဖြစ်သည်မှာ ကြာပြီ ။ ညဘက် ဖုန်းခေါ်ချင်ပေမဲ့ မောင် အလုပ်ပင်ပန်း၍ အိပ်ချင်နေလောက်မည် ဟု နားလည်ပေးရသည် ။ မောင်ကလည်း ဖုန်းမခေါ်ပါ ။ မောင့်ကို အင်တာနက်ပေါ်မှာ တွေ့သော်လည်း မောင့်နားချိန်ကို နှောက်ယှက်မိမှာစိုး၍ စာမပို့ရဲပါ။ မောင်ကလည်း စာမပို့ပေ ။ ကြာလာတော့ ကျွန်မ မနေနိုင်ဘဲ တစ်ညမှာ မောင့်ဆီကို ဖုန်းခေါ်လိုက်သည် ။
” မောင် မတွေ့ရတာတောင်ကြာပြီ မောင်မအားဘူးလား ဟင် ခိုင်တို့ တစ်နေ့လောက် ဆုံရအောင်လေ ” ” မအားဘူး ခိုင် ဒီနေ့လည်း နိုင်ငံခြားသားအချို့နဲ့စကား ကတောက်ကဆဖြစ်လာတယ် ” ” မောင် အဆင်ပြေရဲ့လား ” ” ရတယ် ခိုင် မောင် အိပ်ချင်ပြီ ” မောင် ပင်ပန်းနေမှာပဲဟု ကျွန်မဖြည့်တွေးရင်း ကျွန်မရင်ထဲက ပြောချင်သမျှစကားတွေကို မျိုသိပ်ကာ ဖုန်းချပေးလိုက်ရသည်။ ” မောင် ရယ် ခိုင့်ကို ဖုန်းလေးတောင် မဆက်ဘူးနော် မောင် ဘာတွေလုပ်နေလဲ ခိုင့်ကို စာလေးတော့ ပို့ပြီး အသိပေးပါလားကွယ် ” ကျွန်မ မောင့်ကို အင်တာနက်ပေါ်ကနေ ထိုသို့ စာလေးပို့ထားလိုက်သည် ။ နောက်တစ်နေ့ မောင့်ထံကပြန်စာမလာ ဖုန်းလည်းမဆက်တော့ ကျွန်မပို့ထားသည့်စာကို ကျွန်မပြန်စစ်ကြည့်မိသည် ။ မောင်စာ ဝင်ဖတ်ထားပါသည်။ သုံးရက်ကြာသည်အထိ မောင် ဖုန်းလည်းမဆက် စာလည်း မပြန်သည့်အခါ မောင့်ကို ကျွန်မဖုန်းခေါ်လိုက်သည် ။ ” မောင် ရယ် နေနိုင်လိုက်တာ ခိုင့်ကို ပစ်ထားရတာ မောင် အဆင်ပြေနေတယ်လားဟင် ” မောင့်၏ အလိုမကျသော အသံကို ဖုန်းထဲကနေ ကျွန်မကြားလိုက်ရသည် ။
” အာရုံပဲ ခိုင် မင်း အေးဆေးနေလို့မရဘူးလား စကားကောင်း ပြောမှာ မဟုတ်ရင် ငါဖုန်းချလိုက်တော့မယ်” ” မောင် ရယ် ခိုင် ဒီလောက် အေးဆေးနေပေးခဲ့တာ တွေက မလုံလောက်သေးဘူးလား မောင် ခိုင့်ကို ပစ်ထားတာတောင် ခိုင်အပြစ်မဆိုဘဲ အေးဆေးနေပေးခဲ့တာပါ မောင်ရဲ့ ” ” တော်ပြီ ခိုင် ” မောင်က ဖုန်းချသွားသည် ။ ကျွန်မရင်ထဲ သွေးများပြောင်းပြန်စီးဆင်းနေသလို။ မောင့်ဆီက ဥပေက္ခာများကြောင့် ကျွန်မ အသည်းနှလုံးသည် မခုန်တော့ဘဲ ရပ်တန့်သွားပြီ ထင်ရ၏ ။ ဖုန်းကို ကိုင်ထားသည့်ကျွန်မ လက်တွေ တုန်ယင်လာကာ မျက်ရည် များ မျက်ဝန်းကနေ အတားအဆီးမရှိ ပြိုဆင်းလာတော့သည် ။ + တစ်နေ့သော ညနေခင်းမှာ မောင် ကျွန်မဆီ ဖုန်းဆက်လာသည် ။ ကျွန်မသည် မောင်ဖုန်းဆက်လာသည်မို့ သိပ် ဝမ်းသာသွားမိသည် ။ ” ငါတို့ လမ်းခွဲရအောင် ခိုင် ” ကျွန်မ နားထဲ မိုးကြိုးပစ်ချလိုက်သလို ထိုစကားတစ်ခွန်းတည်းနှင့် နားများ အူသွားရသည် ။ ” အကြောင်းပြချက်က ဘာလဲမောင် ” ကျွန်မ ငိုသံနှင့် ပြောနေသည်ကို မောင် သိလောက်ပါသည် ။ ” ငါ တောင်းပန်ပါတယ် ခိုင် ငါ မင်း ကို မချစ်တော့ဘူး ထင်တယ် ” ” ဘယ်လို … ” “ငါ မင်းကို ” ” နေ နေပါဦး မောင်ရယ် ခိုင်တို့ အပြင်မှာ တွေ့ပြီး သေချာ ပြောရအောင်လေနော် မောင် လာတွေ့မယ်မလား ဟင် မောင် ” မောင် လာပါသည် ။ ဒီနေရာလေးဟာ မောင် ကျွန်မကို ဖွင့်ပြောခဲ့သည့် နေရာလေး ဖြစ်၏ ။
ဒီနေရာလေးမှာပဲ မောင့်ကိုနှုတ်ဆက်ရလိမ့်မည်ဟု ကျွန်မမတွေးခဲ့ဖူးပါ ။ ” ငါ မင်း ကို မချစ်တော့ဘူး ခိုင် ငါ ငြီးငွေ့လာတယ် ” ကျွန်မ အံ့ဩစွာ မောင့်ကိုကြည့်ရင်း ငိုမိသည် ။ မောင်က ကျွန်မကို နှစ်သိမ့်ရင်း ” မငိုပါနဲ့ ခိုင် ရည်းစားထားရတာက ဖိနပ်စီးရသလိုပဲ ဘယ်လောက် အရည်အသွေးကောင်းတဲ့ ဖိနပ်ပဲ ဆိုဆို စီးတာကြာလာတော့ ငြီးငွေ့သွားတယ်မလား ဆက်မစီးချင်တော့ဘူး ” ကျွန်မသည်မောင့်ကို နာကျည်းစွာ ကြည့်ရင်း အံကြိတ်လိုက်မိသည် ။ ” အဲ့တာက မောင် တို့ယောက်ျားတွေမှာပဲ ဖြစ်တတ်တဲ့သဘာဝလို့ထင်ပါတယ် ကျွန်မတို့ မိန်းမတွေကတော့ ချစ်လာတာ ကြာလေ လက်ထပ်ဖို့အတွက် ရည်ရွယ်မိလေပဲ ကျေးဇူးပါမောင် မောင် ခိုင့်ကို လက်မထပ်နိုင်ကြောင်း စောစော အသိပေးပေးလို့ ကျေးဇူးတင်ပါတယ် ” ကျွန်မ မောင့်မျက်နှာကို စေ့စေ့ကြည့်ပြီးပြောတော့ မောင် မျက်နှာလွှဲသွားသည် ။ မောင် “မောင် သိပ်ရိုင်းတာပဲ ” ကျွန်မသည် မောင့်ကို ဆက်ကြည့်ဖို့ရာ အားအင်မရှိတော့ပေ ။ မျက်ရည်များက မြင်ကွင်းကို ဝါးသွားစေသည် ။ ထိုကဲ့သို့ ရက်စက်လှသော မောင်သည် ကျွန်မနှင့်လမ်းခွဲပြီး သုံးလအကြာမှာ လက်ထပ်သွားခဲ့၏။ မောင့်မင်္ဂလာဖိတ်စာကို ကြည့်ရင်း၊မောင့် သတို့သမီး နံမည် ကလေးကိုဖတ်ရင်း မျက်ရည်များဟာ ကမ်းပြိုသကဲ့သို့ ။
မောင်နှင့် တိုင်ပင်ခဲ့ဖူးသော အနာဂတ်များဟာ ပျ က်စီးခြင်းသို့…။ မောင်အိမ်ေပါ်က ဆင်းဖို့လုပ်တုန်းက မောင့်ဘေးမှာ ကျွန်မရှိခဲ့သည် ။ မောင်နှင့် မျှဝေခံစားပေးသူဟာ ကျွန်မဖြစ်ခဲ့သည် ။ မောင် ငိုနေတုန်းကလည်း မောင့်မျက်ရည်တွေကို သုတ်ပေးသူဟာ ကျွန်မ ဖြစ်ခဲ့သည် ။ မောင်စာမေးပွဲကျတုန်းကလည်း မောင့်ဘေးမှာ ကျွန်မရှိခဲ့သည် ။ မောင့်ကို အားပေးသူဟာ ကျွန်မဖြစ်ခဲ့သည် ။ မောင့်အဖေဆုံးတုန်းကလည်း မောင့်ဘေးမှာ ကျွန်မရှိခဲ့သည် ။ မောင် အကြပ်အတည်း ဖြစ်ချိန်မှာလည်း ကူညီဖေးမခဲ့သူဟာ ကျွန်မဖြစ်ခဲ့သည် ။ မောင့်ဘေးမှာ ကျွန်မ အမြဲရှိခဲ့ပေမဲ့ မောင် လက်ထပ်ဖို့ ရွေးချယ်ချိန်မှာတော့ မောင့်ဘေးက မိန်းမဟာ ကျွန်မ မဟုတ်ခဲ့ဘူး ။
ပြီးပါပြီ ။ #JoJo





