အိမ်တွင်းနတ် ၇ ဖော်
တကောင်းရာဇဝင်မှာ သူမပါမပြီးတဲ့ ပုဂ္ဂိုလ်ကတော့ အိမ်တွင်းမင်းမဟာဂီရိအမည်ခံ ပန်းပဲဆရာကြီး ဦးတင့်တယ်ပါ။
ဟိုရှေးရှေးတုံးက တကောင်းပြည်မှာ ဆင်ပြောင်စွယ်ကို အလွယ်တကူ ချိုးယူနိုင်တဲ့ ပန်းပဲဆရာကြီး ဦးတင့်တယ် ဆိုတာ ရှိသတဲ့။ သူ့မှာ့ မမြတ်လှနဲ့ မထွေးလှ ဆိုတဲ့ညီမနှစ်ယောက်လည်း ရှိသတဲ့။ မိဘတွေ မရှိကြတဲ့နောက် အိုးအိမ်မထူထောင်ဘဲ ညီမနှစ်ယောက်ကိုဖခင်ပမာ ကျွေးမွေးစောင့်ရှောက်နေရှာတာဖြစ်တယ်။ ဦးတင့်တယ်က ခွန်အားကြီးတဲ့သူဆိုတော့ တခါတရံ သူတူထုတဲ့အသံက တတိုင်းတပြည်လုံး သိမ့်သိမ့်တုန်သွားကရော ဆိုဘဲ။
သူက တူကို နာနာထုလေ ဘုရင်က ကြောက်လေ။
ထီးနန်းလုယူလို့ ပုန်ကန်မှာတွေးရင်း တကောင်းဘုရင်က ကြောက်လာပါသတဲ့။
အဲ့ဒါနဲ့ ရဲမက်တွေလွှတ်အဖမ်းခိုင်းတာပေါ့။ ဒါပေမယ့် ဦးတင့်တယ်က အဖမ်းမခံဘဲ ပုပ္ပါးတောင်ဘက်ကို ထွက်ပြေးပါရော။
အဲ့မှာတင် ပုပ္ပါးတောင်မှာ လာပြီးရေကစားတဲ့ နမန္တာနဂါးမျိုးနွယ် ရေနတ်နဂါးမယ် ရွှေနပေနဲ့ ချစ်ကျွမ်းဝင်လို့ ဥနှစ်လုံးပေါက်ဖွားလာပါတယ်။
နှမငယ်လေး မထွေးလှကလဲ ထွက်ပြေးရာကနေ ရခိုင်ပြည်ဘက်ကိုရောက်သွားပါသတဲ့။ တနေ့သုံးကြိမ်မတူအောင်လှပသူဖြစ်တဲ့အတွက် ရခိုင်ဘုရင်က သမီးအမှတ်နဲ့မွေးစားခဲ့ပါသတဲ့။
တကောင်းဘုရင်ဟာ ဦးတင့်တယ်ကို အကြမ်းနည်းနဲ့ ဖမ်းဆီးမရတော့ ပရိယာယ်သုံးကာ အကောက်ကြံပါတော့တယ်။ ဦးတင့်တယ်ရဲ့နှမ မမြတ်လှကို တကောင်းဘုရင်က မိဖုရားအရာ တော်ကောက်လိုက်တယ်။ မောင်ကြီးကိုလဲ မြို့စားနယ်စားအရာချီးမြှင့်ပါ့မယ် ဆိုပြီး မမြတ်လှကိုလဲ နားသွင်းပြီး ဦးတင့်တယ်ကို အကြည်အသာ လိုက်လာဖို့ ဖြားယောင်းခိုင်းတာပေါ့လေ။ မမြတ်လှလဲ ဘုရင်ဆိုတော့မလွန်ဆန်သာတာကတကြောင်း မောင် ကောင်းဖို့အတွက်ကတကြောင်း ယုံစားပြီးဦးတင့်တယ်ကို အကြည်အသာသွားခေါ်လာခဲ့တာပေါ့။
ဦးတင့်တယ်လဲ နန်းတော်ရောက်တော့ ဘုရင်က တခါတည်း စီရင်ခိုင်းတော့တာဘဲ။ ရှေးဘုန်းကံကြောင့် ဦးတင့်တယ်ဟာ လက်နက်ပေါင်းစုံနဲ့ မသေမှန်းသိတော့ စကားပင်မှာမီးဖိုကျင်တင် ထိုး သတ်တော့တာပဲ။
ဒီအကြောင်း မမြတ်လှက ကြားတဲ့အခါ ရင်ကွဲနာကျရှာတာပေါ့။ သူ့မောင်ကြီးဟာ သူ့ကြောင့် မီးရှို့အသတ်ခံရတယ်လို့ စိတ်နှလုံး ညှိုးခြုံး ပူလောင်ပြီး အရူးတပိုင်းဖြစ်လို့ သူပါ..တခါထဲ မီးဖိုအတွင်း ခုန်အဆင်း ဘုရင်ကလဲ လှမ်းအဆွဲ လိုက် မျက်နှာကိုပဲ ဆွဲမိတော့တယ် လို့ ဆိုပါတယ်။ အဲ့ဒီ့မျက်နှာပိုင်းက မီးမလောင်ဘဲကျန်ခဲ့လို့ နောင်အခါ ရွှေမျက်နှာသခင်မ လို့ကျော်ကြားလာပါသတဲ့။
မီးလောင်ကျွမ်းပြီးသေဆုံးသွားတဲ့အခါ နတ်မောင်နှမရယ်လို ဖြစ်လာပါတယ်။ အဲလိုနဲ့ သူတို့မောင်နှမ သေဆုံးခဲ့ရတော့ နတ်ဖြစ်သွားကြတဲ့ မောင်နှမ နှစ်ယောက်ဟာ သူတို့ရဲ့ နစ်နာမှု မကျေနပ်မှုကို ဖေါ်ပြတဲ့အနေနဲ့ စကားပင်အောက် ရောက်လာသူတိုင်း မူးရူးသေကြေသွားအောင်ဖမ်းစားကြပါသတဲ့။ ကြာတော့ လူပြောသူပြောများလာတဲ့အခါ ဘုရင်က စကားပင်ကို အမြစ်ကတူး ခုတ်လှဲပြီး ဧရာကြောမျောလိုက်ပါတော့တယ်။
အဲဒီ စကားပင်ဟာ သေဉ်လည်ကြောင်မင်း စိုးစံနေတဲ့ ပုဂံပြည်ကို ရောက်သွားပါတယ်။ တိုင်းသူပြည်သားတွေကို ရင်၀ယ်သားလို ချစ်ခင်ကြင်နာ သနားတတ်တဲ့ သေဉ်လည်ကြောင်မင်းကြီးဟာ ခိုကိုးရာမဲ့နေတဲ့ မောင်နှမကိုပုပ္ပါးအရပ်ဒေသမှာ မင်းမဟာဂီရိ ဘွဲ့အမည်နဲ့ နေရာထိုင်ခင်းအဆောင်အယောင်တခု အပိုင်စားပေးသနားပြီး ကောင်းစွာထားပါသတဲ့။ မောင်တင့်တယ်ဟာ ညီမတွေကို မိဘသဖွယ် ကြင်နာစွာ ကျွေးမွေးစောင့်ရှောက်ခဲ့လို့ အိမ်ထောင်ဦးစီးကောင်းဖြစ်လို့မိမိတို့ အိမ်အသီးသီးမှာလဲ အစစ အဆင်ပြေ အိမ်တွင်းနတ်အဖြစ် အိမ်တိုင်းကိုးကြပါတယ်။
ရခိုင်ဘုရင်ရဲ့မွေးစားသမီးတဖြစ်လဲ မထွေးလှမှာလဲ ဥက္ကလာပမင်းကြီးဆီကို ဆက်သခြင်းခံရတာကနေ ပဲခူးသား သမိန်ထောရာမ နဲ့ လက်ဆက်ရာမှ သမီးမနှဲမိ ကိုဖွားမြင်ပါတယ်။ သမိန်ထောရာမ တို့ မိသားစုသည် အောက်ပြည် တွင် နေထိုင်ကြရာ အစ်ကိုတော် ဦးတင့်တယ် နှင့် အစ်မတော် မမြတ်လှ တို့ အသတ်ခံရသည့် သတင်း က်ို ကြားသောကြောင့် တကောင်း အရပ်သို့ အဆောတလျှင် ခရီးပြင်း နှင်ခဲသည် ။ ထိုအချိန်တွင် မနဲမိနတ် သည်
( ၂ ) နှစ်သမီး သာ ရှိသေးသည် ။ ရှင်ထွေးလှ နှင့် သမီး မနဲမိ သည် ဧရာဝတီ မြစ်ရိုး အတိုင်း လှေဖြင့် လာခဲ့ကြရာ အင်းဝမြို့အနောက်ဘက် တပါယ်ရွာ နှင့် ထောက်ရစ်ရွာ အရောက်တွင် မိခင် ရှင်ထွေးလှ သည် ဝေဒနာ ခံစားရပြီး ကွယ်လွန်သွားရာ သုံးပန်လှသခင်မ နတ်ဖြစ်လာသည် ။
မ်ိခင်ကွယ်လွန်သွားချိန် တွင် နှစ်နှစ် သမီးအရွယ်သာ ရှိသေးသော မနဲမိ သည် မိခင်ကို လွမ်းကာ ဝမ်းနည်းပူဆွေပြီး သေဆုံးသွားရာမှာ ကလေးနတ် ဖြစ်လာခဲ့သည် ။
ပုပ္ပားမှာကျန်ရစ်တဲ့ ရေနဂါးမ ရွှေနပေ မှာလဲ လင်ယောကျာ်းရဲ့သတင်းဆိုးကို ကြားသိရာကနေ ရင်ကွဲနာကျလို့ နတ်ဖြစ်ပါသတဲ့။
ရွှေနပေ ကျန်ခဲ့တဲ့ ဥ၂လုံးကို ရသေ့တပါးက ကောက်ယူစောင့်ရှောက်ခဲ့ရာကနေ ရှင်ဖြူ ရှင်ညိုဆိုတဲ့ လူငယ်၂ပါးမွေးဖွားလာပါတယ်။ ထိုလူငယ်၂ယောက်ဟာနောင်အခါ သရေခေတ္တရာပြည်က ဒွတ္တဘောင်မင်းထံ အမှုထမ်းကြပါသတဲ့။ ညီဖြစ်သူ ရှင်ညိုက မြို့တောင်ဘက်မှာ အခွန်ကောက်ရတဲ့အတွက်တောင်မင်းကြီးလို့ကျော်ကြားပြီး အကိုဖြစ်သူရှင်ဖြူက မြောက်အရပ်မှာတာ၀န်ယူရလို့ မြောက်မင်းကြီးလို့ ကျော်ကြားလာပါတယ်။ ညီအကို၂ယောက်ရဲ့ စွမ်းပကား ကြီးမားလာတဲ့အမျှ ဒွတ္တဘောင်ဘုရင်က မယုံမကြည်ဖြစ်လာပါတယ်။ ဒါနဲ့ ပရိယာယ်ဆင်လို့ အဖိုးတသိန်းထိုက်တဲ့ ချပ်၀တ်တန်ဆာ ဆင်ယင်စေလို့ ညီအကို၂ယောက်ကို နန်းရင်ပြင်မှာ လက်ဝှေ့သဘင် ကျင်းပလို့ထိုးသတ်စေရာမှ ၂ယောက်လုံးရင်ကွဲပြီး သေဆုံးကာ နတ်ဘဝရောက်သွားပါတယ်။
ဒီလိုနဲ့ တကောင်းခေတ်ကစလို့ အစောဆုံးနတ်ဖြစ်ခဲ့တဲ့ အိမ်တွင်းနတ်ကို ၃၇မင်းနတ်တို့ရဲ့ အချုပ်အဖြစ်သတ်မှတ်ခဲ့ကြပါတယ်။
၁- အိမ်တွင်းမဟာဂီရိနတ်မင်း ဦးတင့်တယ်
၂- ရွှေမျက်နှာသခင်မ မမြတ်လှ
၃- သုံးပန်လှသခင်မ မထွေးလှ
၄- ရွှေနပေသခင်မ
၅- တောင်မင်းကြီး ရှင်ညို
၆- မြောက်မင်းကြီး ရှင်ဖြူ
၇- ရွှေနှဲမိ သခင်မလေး
ပေါင်း ခုနှစ်ပါးကို အိမ်တွင်း ခုနစ်ဖော်အဖြစ် နှောင်းလူတို့ပူဇော်ကြပါကြောင်း…
အရှေ့တိုင်းမှကိုးကွယ်ပူဇော်မှုများ…
အိမ်တွင်းနတ် ၇ ဖော်







