ကံ ကံ၏အကျိုး(စ/ဆုံး)

ကံ ကံ၏အကျိုး(စ/ဆုံး)

“ဟာ သားတို့ထမင်းမစားရသေးဘူးလား၊မိန်းမနင်ကလေးတွေကို ခုထိ မကျွေးရသေးဘူးလားဟ” ကိုခင် ထမင်းစားနေရင်း အိမ်ခန်းဝခန်းဆီးနားက ထမင်းဝိုင်းရှိရာသို့ လှမ်းမျှော်နေသော သားနှစ်ယောက်ကိုတွေ့လိုက်ရတာမို့ ဇနီးဖြစ်သူကိုလှမ်းမေးလိုက်သည်။ “အိုတော် တော့သားတွေ ဘယ်နှစ်ခါရှိပြီတုန်းစားနေတာ၊ဆယ်ယောက်စား ဆယ်ခါပါချင်နေတာ၊ကဲ ရော့ ရော့ တစ်ယောက်တစ်ရာလာယူမုန့်သွားဝယ်စားချေ၊ကိုယ့်ဖအေက မောကြီးပန်းကြီးနဲ့ ပင်ပင်ပန်းပန်းအလုပ်ပြီးထမင်းလေး လာပြန်စားတာကို မျှော်နေ​ကြတယ်၊ဘယ့်နှယ် စားပြီးတာကိုလာ​မျှော်​နေတာ၊ယောကျာ်းရယ် တော့ခလေးကလည်း ကျုပ်ခလေးပါပဲ

၊ကျုပ်လည်း အငတ်မထားပါဘူးတော်​ကျွေးတာ​ပေါ့​တော်၊သူတို့ကိုကအချိန်ပြည့် စားချင်သောက်ချင်နေတာ” “အေးပါကွာ၊ငါလည်း မင်းကိုယုံပါတယ် ၊ခလေးတွေကမျှော်နေလို့မေးကြည့်တာပါ” မတင်တစ်ယောက် ထမင်းဝိုင်းကြည့်ကာ မျှော်နေကြသော လင်ပါသားကလေးနှစ်ယောက်ကို ပိုက်ဆံတစ်ရာစီပေးကာ အလျင်အမြန်ပင်ပထုတ်လိုက်လေသည်။

လင်ဖြစ်သူကလည်း မယားစကားသာယုံသူမို့ သားနှစ်ယောက်မှာအားကိုးရသူမရှိပေ။ ^^^^^^^^^^^ “ကိုကြီး သားထမင်းပဲစားချင်တယ်ဗျာ၊သားမုန့်မစားချင်ဘူး၊မုန့်စားရင် သားဗိုက်မဝဘူးဗျ” ကျော်ကျော်မှာ ဗိုက်ကလေးကို ပုတ်ကာပြောနေသည့် ညီလေးဖြစ်သူ ဇော်ဇော်ကိုကြည့်ကာစိတ်မကောင်းဖြစ်ရသည်။ “လာပါညီလေးရာ ၊ငါတို့မုန့်မစားလည်း တခြားဘာစားကြမလည်း၊ဒေါ်ကြီးက ဟင်းကောင်းချက်တိုင်းငါတို့ကို ဘယ်တုန်းက ကျွေးဖူးလို့လည်းကွာ” မိထွေးဖြစ်သူကို ကြောက်၍သာ ပေးတဲ့ပိုက်ဆံလေးယူပြီး ထွက်လာခဲ့ရပေမယ့် ထမင်းဝိုင်းကကြက်သားဟင်းပန်းကန်လေးကို ပြန်မြင်ယောင်ရင်း ညီအစ်ကိုနှစ်ယောက် ဗိုက်ကပို၍ပင်ဆာလာလေသည်။

​ဒါ​ပေမယ့် လော​လောဆယ်ဆာ​နေတဲ့ဗိုက်​ပြည့်ဖို့ သူတို့ပါတဲ့ပိုက်ဆံလေးနဲ့​လောက်မည့်မုန့်ဝယ်ရန်စျေးဆိုင်သို့ တရွေ့ရွေ့လာခဲ့သည်။သူ့စိတ်ထဲတွင်တော့ မိခင်ဖြစ်သူရှိစဥ်အခါက ထမင်းစားချိန်ရောက်တိုင်း မိခင်ကိုယ်တိုင်ခွန့်ကျွေးခဲ့သော ထမင်းလုတ်ကလေးတွေကို​အောက်​မေ့​နေမိသည်။ ^^^^^^^^^^^^^^^ “ဟဲ့ မသာလေးတေ၊နင်တို့သောက်စားဆိုရင်တော့ မျိုချင်လိုက်ကြတာ ဟမ်၊အခု အိမ်လေးသန့်ရှင်းရေးလုပ်ခိုင်းတာ​ကိုတော့ ပြောင်စင်အောင်မလုပ်နိုင်ဘူး၊ ​ပြီး​တော့ဟိုအကောင် ကျော်ကျော် နင့်ကို​ရေခပ်ခိုင်းထားတာ မခပ်ရသေးဘူးမလား” “ဒေါ်ကြီး သားရေထမ်းပုံးအပြည့်ကြီးမနိုင်လို့ပါ၊

ပုံးအသေးလေးနဲ့ဆွဲမယ်နော်” “ဟဲ့ သေနာလေး နင့်ကိုငါ အပြည့်မနိုင်ရင် တစ်ဝက်ထည့်ထမ်းလို့ပြောထားတယ်လေ၊ဘာကိုပုံးအသေးလေးနဲ့ဆွဲမှာလည်း၊ရေထမ်းပုံးနဲ့ပဲထမ်းရမယ်၊အခုထဲကထမ်းထားမှ ကျင့်သားရမှာ၊သွား ငါပြောတဲ့အတိုင်းသွားလုပ်” “ဟဲ့…နေဦး နင်အဖေပြန်လာလို့ ပြန်တိုင်ရင် နင်တို့နှစ်ကောင်လုံးသေပြီသာမှတ်နော်၊ငါ့ကြောင်းသိတယ်မှတ်လား” ကျော်ကျော်မှာ သူတို့ညီအစ်ကိုကို မျက်နှာထိမျက်နှာထား နဲ့လက်ညိုးငေါက်​ငေါက်ထိုးကာခိုင်း​နေ​သော ဒေါ်​ကြီးမတင်ကိုကြောက်လန့်တ​ကြား​ကြည့်ကာ ရေထမ်းပုံး​လေးဆွဲထွက်ခဲ့​လေသည်။

ဒီလို​တွေ​ကြောင့်လည်းသူတို့မိခင်ဆုံး​ပြီးသိပ်မကြာသေးခင် အမေအသစ်ဟုဆိုကာ ဖခင်အိမ်ခေါ်လာသော သူတို့ကိုရိုက်နှက်ဆုံးမပြီး တခါတလေသူတို့ညီအစ်ကို ထမင်းကျွေးလေ့မရှိသော အဒေါ်ကြီးမတင်ကို ​အလွန်ကြောက်ရသည်။ထမင်းကျွေးခဲ့ရင်တောင် ဟင်းအကြွင်းအကျန်တွေနှင့်သာစားရသည်။ ဖခင်​ဖြစ်သူ ကိုခင်ကလည်း အပြင်အလုပ်ထွက်လုပ်ရသူဖြစ်ပြီး အိမ်မှာ မတင်နှင့်သားက​လေးနှစ်ယောက်သာအ​မြဲရှိသည့်မို့​ ယောကျာ်း​ဖြစ်သူမှာမတင်ပြောသမျှကိုသာ အမြဲယုံကြည်လေ့ရှိပြီး သားနှစ်ယောက်အဆင်ပြေသည်သာထင်နေသည်။

မတင်က​တော့ လင်ပါသားနှစ်ယောက်ကလည်း ခုမှ ခြောက်နှစ်သားနှင့်ရှစ်နှစ်သားပေမို့ သူပြောချင်ရာပြော၊ခိုင်းချင်ရာခိုင်း၊ဆူချင်သလိုဆူ၊ရိုက်ချင်သလိုရိုက်​နေရ၍ မတင်အကြိုက်ဖြစ်နေလေသည်။ပတ်ဝန်းကျင်က ပြောသော်လည်း ဖခင်အရင်း​ဖြစ်တဲ့ကိုခင် ကိုယ်တိုင်ကမယားစကားမှလွှဲ၍တခြားနားမဝင်သည်မို့ ဘာမှမတတ်နိုင်ပေ။

^^^^^^^^^^^^^^^ “အဒေါ်ထည့်စားနော် ၊ရော့ ထည့်ပါအဒေါ်ရယ်” မတင် အိမ်သို့အလည်လာသော တစ်ရွာထဲ​နေခင်မင်သူအဒေါ်​ကြီးကို ထမင်းကျွေးမွေးနေ​ခြင်း​ဖြစ်သည်။ထမင်းဝိုင်း​​ဘေးက​နေ​ပြီး ထမင်းပန်းကန်ထဲသို့ ဟင်းတွေခပ်ခပ်ထည့်ပေးနေလေသည်။ဒါကိုမြင်တဲ့ကျော်ကျော်တို့ညီအစ်ကိုကတော့ ထုံးစံအတိုင်းဟင်းကောင်းလေးနဲ့စားရနိုးအခန်းထောင့်လေးကလှမ်းကြည့်နေကြသည်။

“ဟဲ့ တူမ၊ဟိုကလေးနှစ်ယောက် ထမင်းဆာပြီနဲ့တူတယ်၊ထမင်းမကျွေးရသေးဘူးမလား” ကျော်ကျော်တို့ညီအစ်ကိုကိုမြင်သွားတဲ့ ဧည့်သည်အဒေါ်ကြီးက မတင်အကြောင်းကို အများပြောစကားအရသိသော်​ငြားလည်း မသိချင်ယောင်ဆောင်ကာမေးလိုက်သည်။

“အမလေးး အဒေါ်ရယ်၊သူတို့ကိုဟင်းကျက်ကတည်းက ကျွေးပြီးပြီ၊စားရသလောက်ကိုငတ်ပါတယ်ရှင်၊ကဲ နင်တို့ဧည့်သည်မျိုမကျအောင် လာလုပ်မနေနဲ့ ရော့ မုန့်သွားဝယ်စားကြ” မတင်ထုံးစံအတိုင်း ကျော်ကျော်တို့ညီအစ်ကိုကို တစ်ရာတန်တစ်ယောက်တစ်ရွက်စီပေးကာ လွှတ်လိုက်လေသည်။ဒါကိုမြင်တဲ့ဧည့်သည်အဒေါ်ကြီးကစိတ်မကောင်း၍ ပန်းကန်ထဲကစားလက်စထမင်းပင်ကုန်​အောင်မစားနိုင်တော့ပေ။

^^^^^^^^^^^^^^^^ “ဟဲ့ ဟိုနှစ်ကောင် နင်တို့ဘာအလုပ်တွေလုပ်စရာရှိလည်း သိကြနော်၊ငါဗိုက်ထဲက ကလေးကမွေးခါနီး ဖွားခါနီးဖြစ်နေပြီ၊အဲ့တော့ နင်တို့ကို နေရာတကာလိုက်ပြောမနေနိုင်ဘူး၊ဟိုအကောင်ကျော်ကျော် ငါချိုးဖို့ရေခပ်ပြီးပြီလား” မတင်ကတော့ မနိုင်မနင်းနဲ့ကလေးတစ်ယောက်ခပ်ထားရတဲ့ရေတွေကို စာနာစိတ်မရှိပဲ တစ်ဝုန်းဝုန်းနဲ့ချိုးကာကျေနပ်နေလေသည်။

မတင်တစ်ယောက်မွေးခါနီးလေလေ ကျော်ကျော်တို့ညီအစ်ကိုမှာအဆူအငေါက်ပိုခံရပြီး၊အိမ်အလုပ်ပိုလုပ်ရလေသည်။ မတင်ကတော့ ဗိုက်အကြောင်းပြပြီး သက်သောင့်သက်သာအေးဆေး​ကျော့​မော့နေ​လေသည်။ “အမလေးးးးနာလှချည်သေးရဲ့၊အမလေးးးးအ​မေရဲ့နာလိုက်တာတော့ ” “ညှစ် မတင်ရေ၊မွေးခါနီးနေပြီဟဲ့၊ညှစ် ညှစ်” “မွေးပြီးဟဲ့ ၊ယောကျ်ားလေးတော်ရေ၊မတင် ညီးယောကျ်ားလေးမွေးသယ်အေ့” မတင်မှာ လင်ပါသားလေးနှစ်ယောက်အပေါ်သားသမီးချင်း ကိုယ်ချင်းမစာနာ အနိုင်ကျင့်နှိတ်စက်ခဲ့ပေမယ့် သူမွေးသည့်သားကလေးကျတော့ မျက်စိအောက်က အပျောက်မခံနိုင်အောင်ပင်ချစ်လှသည်။

သို့သော်လည်း ကျော်ကျော်တို့ညီအစ်ကိုကတော့ ပိုအပြောအဆိုခံလာရသည်။ ဒီလိုနဲ့မတင်တစ်ယောက် ကလေးမွေးပြီးလေးငါးရက်ခန့်အကြာတွင် မနက်စောစော​ဝေလီ​ဝေလင်းအိပ်ယာမှထပြီး မျက်နှာသစ်၊ကိုယ်လက်သန့်စင်ရန် သုံးရေအိုးရှိရာဆင်းလာခဲ့သည်။ “အားးးးအမလေးးးးးမလုပပွါနဲ့းးးအစွးးးးးအစွ” မတင်ရဲ့အလန့်တကြားအော်ဟစ်သံကြီးကြောင့် ကိုခင်လည်းအိမ်ပေါ်မှအပြေးအလွှားဆင်းလာသလို ပတ်ဝန်းကျင်က အိမ်နီးချင်းတချို့လည်း ရောက်လာခဲ့ကြသည်။

ဒါပေမယ့် အားလုံးရောက်လာခဲ့ချိန်မှာတော့ သုံးရေအိုးနားတွင် လျှာကြီးတစ်ထွာခန့်ထွက်ကာ မျက်လုံးကြီးပြူးသေဆုံးနေသော မတင်ရဲ့အသက်မဲ့ခန္ဓာကြီးကိုသာ တွေ့လိုက်ရပါတော့သည်။

“အမလေးးးးကြောက်စရာကြီးတော့” “ဟယ် ဒဏ်ရာလည်းမရှိပဲ ဘယ်လိုဖြစ်တာပါလိမ့်” “ဟဲ့ အဲ့ဒါ ကျော်ကျော်တို့အမေ ဂုတ်ချိုးသတ်လိုက်တာနေမှာပေါ့ဟဲ့၊သူ့သားသမီးတွေကိုဒီလောက်နှိတ်စက်နေမှာတော့အေ” “ဟုတ်လောက်တယ်အေ့၊ညီးပြောတာဖြစ်နိုင်လောက်တယ်” “ဟဲ့ကမတွေ ညီးတို့မသိပဲမဟုတ်တာတွေလျှောက်ပြောမနေကြနဲ့ကိုယ်သိတာမဟုတ်ပဲ” မည်သို့ပင်ဆိုစေကာမူ အကြောင်းအရင်းမသိ၊အဖြေတိတိကျကျမရှိပဲ မတင်ကတော့လူ့ဘဝကတစ်ခန်းရပ်ထွက်ခွာသွားချေပြီ။

နောက်ဆုံး၌သူများသားသမီးအပေါ် ကိုယ်ချင်းစာစိတ်မရှိ အနိုင် ကျင့်ခဲ့သမျှ ကိုယ့်သားသမီးကိုမွေးပြီး လေးငါးရက်သားလေးဘဝနဲ့ထားရစ်ခဲ့ရလေတော့သည်။ (အားလုံးပဲ လူသားအချင်းချင်းကိုယ်ချင်းစာတရားထားနိုင်ကြပါစေ)

#သန္တာထွန်း(အတွေးစု)

Be the first to comment

Leave a Reply

Your email address will not be published.


*