
ငှက်ဖမ်းသမား ငတောငလုံး
ငှက်ဖမ်းသမား လကွယ်ည။ လကွယ်ညဖြစ်သည့်အထဲ မိုးမှောင်ကြီး ကျနေ၍ ကြယ်ရောင်ပင်လျှင် မရှိ။ ခါတိုင်း လကွယ်ညများမှာ လရောင် မရှိသော်လည်း ကြယ်ရောင် ဖြိုးပြိုးပြက်ပြက် လင်းလက်နေ၍ သည်မျှ မမှောင်။ လကွယ်ညလည်းဖြစ် မိုးမှောင်ကြီးကလည်းကျ၊ တောရိပ်သစ်ရိပ်ကလည်း ဖုံးနေရာ တောတောင် တစ်ခွင်လုံး ပိန်းပိတ်ပိတ်မှောင်။ ပိတ်ဆို့နေသော အမှောင်ကို ဖြိုဖျက်သည့် အလင်းရောင်တို့က မိုးကောင်းကင် ထက်မှ ဝင်းခနဲ ဝင်းခနဲ တစ်ခါတစ်ရံ ထွက်ပေါ်လာ၏။ ဝင်းခနဲ ထွက်ပေါ်လာသော အရောင်က လျှပ်စီးလက်သည့် အရောင်။ ဂျိုးဂျိုးဂျိမ်းဂျိမ်း၊ ဒလိမ့်တုံးလှိမ့်သလို ထွက်ပေါ်လာသော မိုးခြိမ်းသံ များက ရှစ်ရပ်ခွင်လုံး ဖုံးလွှမ်းလာသည်။ မိုးခြိမ်းသံများ ကြိုးကြား ကြိုးကြား ပေါ်ထွက်သော ည။ လျှပ်စီးလက်တို့ ပြိုးခနဲ ပြက်ခနဲ ဝင်းလက်သော ည။ မိုးမှောင်ကျ၍ အကာလ ညအခါ ဖြစ်သည့်အချိန်၌ ရွာပြင် တောသွားလမ်းတွင် လှုပ်ရှား သွားလာ နေသော လူ နှစ်ယောက်။
သူတို့သည် လျှပ်စီးလက်စဉ် ခဏ မြင်ရသော အလင်းရောင် ပျောက် ကွယ် နေချိန်တွင် ပိတ်ဖုံးလာသော မဟူရာ ကမ္ဗလာထုကို အမှုမထားဘဲ သွားမြဲသွား၍ ခရီး ဆက်မြဲဆက်သည်။ အမှောင်ထဲမှ မြေသင်းရနံ့၊ တောရနံ့၊ အညာမိုးရနံ့တို့ မိုးကြို၊ လေရူးနှင့် အတူ လွင့်မျောလာသည်။ လွင့်မျောလာသည့်တိုင် သူတို့ ဂရုမပြု ။ သူတို့မှာ မီး ပါ,ပါလျက်နှင့် မီးကို ယခုထိ မဖွင့်၊ အမှောင်ကို ဂရုပြုဟန် မရှိသော လူသား နှစ်ဦး။ ဟုတ်သည်။ သူတို့မှာ မီးထိုးရန် ပါသည်။ သို့ရာတွင် သည်ယာ၊ သည်မြေ၊ သည်လယ်၊ သည်တော၊ သည်လမ်းသည် သူတို့ ကျင်လည်ကျက်စားရာ ဒေသ။ ကျွမ်းကျင် ဒေသ။ မီးဖွင့်ဖွင့် မဖွင့်ဖွင့် ကျင့်သားရနေသော မျက်စိ၊ ယဉ်ပါးပြီး သော နား၊ သူတို့ ခြေရာ ထပ်နေသော လမ်းများ ဖြစ်သည့်အတွက် အမှောင် ထဲမှပင်လျှင် လိုရာသွားနိုင်သည်အထိ ရင်းရင်းနှီးနှီး ကျွမ်းကျွမ်းဝင်ဝင် ဖြစ်သည်။
သူတို့သည် စားဝတ်နေရေး ပြဿနာ ဖြေရှင်းရန် အတွက် အကာလ ညအခါ မိုးမှောင်ကြီး ကျ၍ ရွာယောင်နိုးနိုး၊ မိုးခြိမ်း၊ လျှပ်စီးလက် တဝင်းဝင်း နေသည်တိုင် အိမ်မှာ ထိုင်မနေနိုင်သော ဘဝပိုင်ရှင်များ။ စားဝတ်နေရေး ပြဿနာသည် မိုးရွာရွာ၊ နေပူပူ၊ လသာသာ၊ လမိုက် မိုက်၊ နွေ၊ မိုး၊ ဆောင်း ဥတုရာသီ မည်မျှ ပြောင်းပြောင်း ထာဝရ ရှိနေသော ပြဿနာ။ သည်ပြဿနာက မဖြေရှင်းဘဲ နေမရသော ပြဿနာ။ ဖြေရှင်းမှ ပြေသည်။ ပြေလည်မှ အသက်တစ်ချောင်း ဘဝတစ်ခု ဆက်လက် ရှင်သန်ရသော အခြေခံ ပြဿနာ။ ဖြေရှင်းရာ၌ အချိန်ယူ ဖြေရှင်းနိုင်သူလည်း ရှိ၏။
အချိန် မယူနိုင်ဘဲ တွေ့လာသည့်အချိန်၌ တွေ့လာသလို အချိန်မရွေး ရင်ဆိုင် ဖြေရှင်းရသူလည်း ရှိသည်။ သူတို့သည် ရရစားစား တောသမားမို့ အချိန်ယူကာ မစောင့်နိုင်။ မိုးကြောင့်၊ ရေကြောင့်၊ လေကြောင့်၊ နေကြောင့်ဟု စောဒက တက်ပြီး ရက် မရွှေ့နိုင်။ ငါ့ဝမ်းပူဆာသောအခါ မနေသာတော့ဘဲ ထွက်လာရသူများ။ ထို့ကြောင့် မိုးခြိမ်း၊ လျှပ်တထောင်းထောင်းပစ်၊ မိုးကြိုးတွေထစ်၊ မိုးမှောင်ကြီး ကျနေသည်ကို သူတို့ သိသည့်တိုင် တောမထွက်ဘဲ မနေနိုင်ကြ။ အမှောင်ကြီးထဲမှာ စထွက်လာ၍ အမှောင်ကြီးထဲမှာ လျှောက်လှမ်းဆဲ။ မီးကို မထိုးသင့်သေး၍ မထိုးသည့်တိုင် သူတို့မှာ မီးပါသည်။ မီးမရှိဘဲ သူတို့ အလုပ် မလုပ်နိုင်။ မီးသည် ယနေ့ည သူတို့ အားကိုးရမည့် အားကိုးရာ တစ်ခု။ သူတို့ ဘာလုပ် သွားသနည်း။ ငှက်ရိုက်၊ ငှက်ခတ်၊ ငှက်ဖမ်းရန် သူတို့ သွားသည်။ သူတို့သည် ငှက်ဖမ်းသမား။ ငှက်ဖမ်းသမားပီပီ သူတို့မှာ ငှက်ဖမ်းရာတွင် ပါဝင်ရမည့် ပစ္စည်း ကိရိယာ အစုံအလင် ပါသည်။
သူတို့ဆိုသည်မှာ ငတောနှင့်ငလုံး။ သားဖြစ်သူငလုံး၏ ညာလက်မောင်းရင်းတွင် ဘက်ထရီအိုးကို လွယ် ထားသည်။ ဘက်ထရီအိုးမှာ ခြောက်ဗို့ အားရှိသော ဘက်ထရီအိုး။ ခရီးရှည်သယ်ယူနိုင်ရန် နိုင်လွန်ကြိုးတုတ်တုတ်ဖြင့် ဘတ်ထရီအိုးကို လွယ်ရစေရန် ရေပုံးဆိုင်း ဆိုင်းသလို ဆိုင်းထားသည်။ ဘက်ထရီအိုးကို ငါးခဲထိုး တုတ်မီး(လက်နှိပ်မီး)နှင့် မီးထိုးရရန် ဆက်သွယ်ထားသည်။ သည်မီးဖြင့် ငှက်ကိုရှာမည်။ အဖေဖြစ်သူ ငတော၏ လက်တွင် ညာဘက်၌ ငှက်ဖမ်းမည့် ပိုက်ကို ကိုင်လာသည်။ ငှက်ဖမ်းပိုက် ဝါးရိုးအရှည်က ဝါးမာ လေးတောင်ခန့် ရှိသည်။ သည်ဝါးမာ လေးတောင်ခန့် ရှည်သော ဝါးထိပ်၌ တစ်တောင် ပတ်ပတ် လည်ခန့်ရှိသော ကြိမ်ဝိုင်းခွေ တပ်ထားသည်။ သည်ကြိမ်ဝိုင်းဆွေနှင့် အံကိုက် တပ်ဆင်ထားသည်က အကွက်စိပ်စိပ် ထိုးထားသော ငှက်ဖမ်းပိုက်။ ငတော ကျောပေါ်၌ အပေါ်ကို အသွားထောင်ပြီး လွယ်လာသည်က သူ့ လက်ဆွဲတော် ဓားလှံ။
ဤသည်မှာ စားဝတ်နေရေးအတွက် လှုပ်ရှားရုန်းကန် ကြိုးစားနေရ သော လူသားနှစ်ဦး၏ ရုပ်ပုံလွှာ။ သို့မဟုတ် ညတောအုပ်လယ် လကွယ်ည မိုးမှောင်ကျချိန် သွားလာနေကြသော ငှက်ဖမ်းသမား နှစ်ဦး၏ ရုပ်ပုံလွှာ။ တွင်းကြီးဝမ်းမောင် ညသည် လျှပ်ပစ်သည့် အချိန်မှ လွဲ၍ ကျန်အချိန်၌ မှောင်မိုက်မြဲ။ မိုးခြိမ်းသံ၊ မိုးကြိုးထစ်သံ ကြားချိန်မှ လွဲ၍ ငြိမ်ဆိတ်မြဲ။ ငတောနှင့်လုံးတို့ သားအဖ နှစ်ယောက်မှာလည်း စကား မပြောဘဲ သွားလာမြဲ၊ ဖိနပ်သံ၊ သွားသံ၊ လာသံက ငြိမ်ဆိတ်မှုကို ဖြိုဖျက်ပေးသည်။ ကဇာခင်တန်းများထဲ ရောက်သော်လည်း မီးမထိုး။ သူ့အဖေက မခိုင်းမချင်း မီးမထိုးရသေးကြောင်း ငလုံး နားလည်သည်။ ကဇာခင်တန်း သုံးခုကျော် လွန်လာမှ ငတော ရပ်လိုက်သည်။ ငတော ရပ်လိုက်သောအခါ ငလုံး နားလည်လိုက်သည်။
သူတို့ အလုပ် စ,တော့မည်။ နှစ်ဦးသား ကိုယ့်လုပ်ငန်းခွင် ဝင်ရာ၌ ကိုယ်ကျမည့် ဘက်မှ ကိုယ် လုပ်နိုင်ရန် ကြိုတင် ပြင်ဆင်ကြသည်။ ပိုက်ကို ပြင်သူကငတော။ မီးကို အဆင်သင့် လုပ်သူက ငလုံး။ “လုပ်ငန်း မစခင် ကတည်းက ပြောထားမယ်ဟေ့၊ ကနေ့ည ဘာကောင် ရရ အကောင် လေးငါးဆယ် ရရင် တော်မယ်နော် ငလုံး” “ဟာ ဒီလောက်ရလို့ကတော့ဗျာ ဘယ်နည်းမလဲ၊ ကျေနပ်သင့်တာပေါ့” “မင်းက ငါပြောရင် အစကတော့ ဒီအတိုင်းပဲ အကောင် ပလောင်လေး ရလာရင် ရှေ့ဆက်ကြပါဦးစို့ အဖေ၊ ရွာပြန်ဖို့ စောပါသေးတယ် အဖေနဲ့၊ ပြောတတ် လုပ်တတ်လွန်းလို့ ကြိုပြောထားတာ” “အဟီး” သူ့အဖေ ပြောသည်မှာ မှန်ကန်နေ၍ ငလုံး အဟီးခနဲ တစ်ချက် ရယ် သည်။ “တို့ ပန်းပင်ကုန်း ကဇာကနေ တောင်ဘက်ဆင်းမယ်၊ ပြီးမှ အရှေ့လှည့်၊ လယ်ကွက်တွေကို နောက်ဆုံးထားသွားမယ်၊ အဲ့ဒီကနေ ရွာပြန်မယ် ဟုတ်လား” “ဟုတ်” “ကဲ ထိုး” ငလုံးက ထိုးမိန့်ရ၍ ဘက်ထရီအိုးနှင့် ငါးခဲထိုး တုတ်မီး (လက်နှိပ်မီး) ဆက်ထားရာ ခလုတ်ကို ဖွင့်လျက် မီး စတင် ထိုးသည်။ ခြောက်ဗို့အားရှိ ဘက်ထရီ အင်အားဖြင့် ထွက်ပေါ်လာသော မီးလမ်းကြောင်းမှာ ဝင်းခနဲ ဝင်းခနဲ တထိန်ထိန်။ ငတောတို့ ငလုံးတို့ ယခင် ငှက်ဖမ်းစဉ်က နွေခေါင်ခေါင်။
နွေကာလမှာ ချိုင့်ကြီးရွာ ယာမြေများ၌ ဘာ စိုက်ပင်ပျိုးပင်မှ မရှိ။ လွတ်လွတ်လပ်လပ် ဖမ်းဆီးရသော အချိန်မှာ နွေကာလ။ ယခု ငှက်ဖမ်းမည့် အချိန်က မိုးသုံးလေးမိုး ရွာပြီးသော မိုးဦးချိန်။ မိုးဦး တစ်မိုးနှစ်မိုး ရွာပြီးက နွားစာအတွက် ပြောင်း ကြဲပက် စိုက်ပျိုး လေ့ ရှိသည်။ နွားစာ ပြောင်း ကြဲပက် စိုက်ပျိုးထားသော ပြောင်းခင်းများ ယခုအချိန် ၌ ရှိနေပြီ။ ပြောင်းပင်လေးများမှာ တစ်တောင်ခန့်မျှ အရပ် ရှိနေပြီ။ သည်ပြောင်းပင်လေးများရှိရာ နေရာသည် ငှက်များ ဘေးကင်းရန်ကင်း ခိုနားရာ နေရာ။ ပြောင်းပင် စိုက်ပျိုးထား၍ ပိုက်ဖြင့် အုပ်ဖမ်းမရ။ အုပ်ဖမ်းလျှင်လည်း ပြောင်းပင်ကို အလျင် သွားထိပြီး အိပ်နေသော ငှက် နှိုးလွှတ်သလိုမို့ တစ်ကောင် တစ်မြီးမှ မရ။ ထို့ကြောင့် ပြောင်းပင်တောများကို ငှက်ခိုလှုံရာ ငှက် ပေါများရာ မှန်း သိသော်လည်း ငှက်ဖမ်းသမား ရှောင်ကွင်းရသည်။ သိသာသိ၍ ပိုက်ဖြင့် ဖမ်းမရသော နေရာသည် ထိုပြောင်းခင်းများ၊ “ပြောင်းပင် ပေါက်ခင်းမှန်သမျှ မီးကျော်ထိုး” “ဟုတ်” ငလုံးသည် ယာသားပြင်များထဲ မီးကို စွတ်ထိုးသည်။ ငတောက ပိုက်ကိုကိုင်ရင်း တွေ့လာမည့် သားကောင်ကို လင်းယုန် မျက်စိဖြင့် စူးစူးရှရှ ကြည့်သည်။
မီး ထိုး၍ ထိုး၍ ရှေ့သာ ဆက်သွားနေရသည်။ ဘာငှက်မှ မတွေ့။ ငှက် တွေ့နိုင်မည့် အဆင်ကောင်းသော နေရာ၌ ပြောင်းပင်များက ဝင်ဝင်တိုး နေရာ ငတောတို့ ငှက် မဖမ်းရသည်မှာ အဖြေ ရှင်းနေသည်။ သို့ရာတွင် ဇွဲမလျှော့။ မီးထိုးသူက ထိုး၍ ကြည့်သူက စိတ်ရှည် လက်ရှည် ကြည့်ဆဲ။ ယာခင်း တစ်ခင်း၏ ထောင့်၌ ပေါက်နေသော မြေစာ မြက်တော။ မြေစာမြက်တောတည့်တည့် မီးထိုးလိုက်သောအခါ မီးရောင်၌ မျက်လုံး လေးများ ပေါ်လာသည်။ ပေါ်လာသော မျက်လုံးလေးများက အိပ်ချင်မူးမူးအသွင်။ လင်းထိန် ဝင်းလက် စူးရှ၍ ကျလာသော ငလုံး ထိုးသည့် မီးရောင်ကို အိပ်ချင်မူးမူး မျက်လုံးများ ပိုင်ရှင်တို့က မျက်စိကို ဇွတ်ဖွဲ့၍ ယောင် ကြည့်သည်။ ငှက်လေး သုံးကောင်မှာ သူတို့ အန္တရာယ် ရှိကြောင်း တွက်ဆဟန် မရှိ။ ငတောက ရှေ့တိုးပြီး ငှက်သုံးကောင်ကို ဖျတ်ခနဲ ချဉ်းကပ်ပြီး ပိုက်ဖြင့် ရုတ်တရက် အုပ်လိုက်သည်။ သူတို့ကို ပိုက်ဖြင့် ဖမ်းလာမှ အလန့်တကြား ထပျံသော ငုံးစလိပ် သုံးကောင်သည် မည်မျှ ထပျံပျံ ပိုက်ထဲ လုံးထွေး လုံးထွေး။ ပိုက်ကို ဖိသူကဖိ ငုံးစလိပ်ကို ဖမ်းသူက ဖမ်းနှင့် ဘာမျှ အချိန်မကြာ။
ငတောက ငုံးစလိပ် သုံးကောင်ကို ငလုံးအား လှမ်းပေးသည်။ “နင့်အဖော် သိန်းတွေ သောင်းတွေ မခေါ်နိုင်တောင် ထောင်လောက် တော့ ခေါ် ” ငုံးသုံးကောင်ကို သူ လွယ်အိတ်ထဲ ထည့်ရင်း ငလုံး ပြောလာသောစကား “မြန်မြန်လုပ်ဟေ့ မိုးတွေ တက်လာပြီ ” ငတော ပြောသည်မှာ မှန်၏။ ထက်ကောင်းကင် တိမ်ယံ ကြားမှာ မိုးခြိမ်းသံ ဟိန်းလျှံ ထလျက် အိမ်းအိမ်းဂျိန်းဂျိန်းသံမစဲ။ လျှပ်ပန်းလျှပ်နွယ်တို့ ဖြိုးပြက်လင်းလက် ထွက်ပေါ်လာသည်မှာ မကြာမကြာ။ ဂျင်းခနဲ မိုးကြိုးထစ်သံပေးပြီး လျှပ် ကောက်လက်ကာ ဒင်းခနဲ ဂျင်းခနဲ မိုးကြိုး ပစ်လိုက်သံတို့မှာ မြေကြီး သိမ့်သိမ့်တုန်သွားသည်။ မိုးကြိုးပစ်သံကို လန့်ဖျပ်၍ အော်ဟစ်လိုက်သော တောကြက် ငှက် တို့ အသံမှာ တစ်တောလုံး ဆူဆူညံညံ တောလန့်သံသည် ပဲ့တင်သံဖြစ်၊ ပဲ့တင်သံကို ထပ်လန့်နှင့် အညီ တော်တော်နှင့် မစဲ။ ငလုံးရင်ထဲ ထိတ်ခနဲ ဖြစ်သွားသည်။ သူသည် ဝါရင့် ခေါင်းဆောင် တောသမား မဟုတ်။
သို့ရာတွင် သူသည် ဝါရင့် နောက်လိုက် တောသမား။ ငှက်ဖမ်းထွက်လာရာ တောလန့်၍ ငှက်တို့ သတိ ဝီရိယ ရှိနေက သာမန် အချိန်ကဲ့သို့ အလွယ်တကူ မရတတ်။ မျက်စိရှင် နားပါး သတိရှိသော အိပ်ရာ တစ်ရေးနိုး ငှက်ကို ဖမ်းရသည်မှာ မလွယ်။ အရ နည်းတတ်ကြောင်း သိထားသူမို့ စိတ်တထင့်ထင့်။ ငတောတို့ ငလုံးတို့ ယာငါးကွက်ကျော်ခန့်သာ ငှက်လှည့်ရှာရသေး သည်။ မိုးသက်လေတို့ တဖြည်းဖြည်း သုတ်ဖြူးလာသည်။ မိုးသက်လေထဲ မှာပင် မိုးရနံ့ စီးမျောလာသည်။ ငလုံး စိတ်ထဲ ထိတ်ခန်ဖြစ်ရာမှ စိုးရိမ်လာသည်။ ခုမှ သူတို့ ငုံးစလိပ် လေး သုံးကောင်မျှသာ ရသေးသည်။ အကယ်၍ မိုးများ ရွာချလာပါက ငှက် ဆက်ခတ်ရန် ဖမ်းရန် ဖြစ်တော့မည် မဟုတ်။ ငှက်ဖမ်း မဖြစ်ဘဲ ပြန်သွားရက မလွယ်။ သူ့အမေ ဒေါ်ဂျမ်းက အဖေ ငတောကို မှာကြားသံ ငလုံး အမှတ် မထင် ကြားခဲ့ရ၏။ ဆန်ရော ဆီရော ဘာမှ မရှိဘူး။ တော်တို့ ပြန်လာမှ ရလာတာလေး ရောင်းချပြီး ဝယ်ရမှာနော်ဟု မှာသံသည် ငလုံး နားထဲက မထွက်။ သည်ငှက်ဖမ်းရမှ ရောင်းချပြီး ဆန်ဆီဝယ်၊ ဟင်းလျာလေး ဝယ်ရမည့် သူတို့ မိသားစုဘဝသည် မိုးရွာချလာ၍ ငှက် မဖမ်းရပါက စားဖို့သောက်ဖို့ မည်သို့ လုပ်မည်နည်း။ ငလုံးသည် စဉ်းစားလိုက်မှ ပို၍ စိုးရိမ်စိတ် တဝေဝေ။
သူ့စိတ်ထဲမှာ ကျိတ်၍ ‘မိုးမင်းကြီးရယ်၊ ကျုပ်တို့ ဆန်ဖိုး ဆီဖိုးလေး ရအောင် ငှက်ဖမ်းပြီးမှ ရွာပါ’ဟု ငလုံး ဆုတောင်းနေမိသည်။ ငလုံး ဆုတောင်း ဘယ်တော့ ပြည့်ဖူးလို့လဲ။ နောက်ထပ် ယာတစ်ကွက် အကျော်၌ အညာမိုးဦး အစွမ်းပြသည်။ မရွာမိလျှင် မျှော်ရော့၊ ရွာမိလျှင် တော်တော့ဟု ရေရွတ် ညည်းညူယူရသည့် အညာမိုးသည် ဗြုန်းဗြုန်းဖြောင်းဖြောင်းဖြင့် အငြိုးကျဖြင့်ရွာသလို အိုးလှန် ရေသွန် ရွာလိုက်သည်မှာ တဝေါဝေါ။ ချောင်းကရေလျှံ၊ ကန်ရေကတိုး၊ ပျိုတို့ မောင် ရွှေညောင်ရစ်ကိုး ရေနစ်မှာစိုးလို့ လုံးဟု ကုန်းအော်ချင်စိတ် ပေါက် လောက်အောင် သည်းသည်းထန်ထန် ရွာရာ ရေများ ဖွေးဖွေးလျှံ။ အကာအကွယ်မဲ့ ယာသားပြင်၌ ငတော၊ ငလုံးပါ လူတစ်ကိုယ်လုံး ကြွက်စုတ်ရေနစ်သည်ထက် ဆိုးဝါးသည်။
မိုးရေများ ရွှဲရွှဲစိုပြီး အပေါ်ကလည်း ရေ၊ သူတို့ ကိုယ်၌လည်းရေ၊ သူတို့အောက် မြေပြင်ကလည်း ရေနှင့် ရေပတ်ပတ် လည် ထက်အောက်ဝဲယာ ဖြစ်လာသည်။ တစ်ခါတစ်ရံ လျှပ်ကောက်လက်ပြီး မိုးကြိုးပစ်ရာ သူတို့နှင့် ဝေးသည့်တိုင် သူတို့ပါလာလာတုန်သွားသည်။ ခိုနား စရာ သစ်ပင် ကြီးကြီးမားမား ကြည့်ရာ ဟင်းကွက်ပင်ကြီး မြင်၍ ဟင်းကွက် ပင်ကြီးဆီ ဒုန်းစိုင်းလျက် သားအဖ နှစ်ယောက် ပြေးရသည်။ ဟင်းကွက်ပင်ကြီးအောက် သူတို့ ရောက်ချိန်ထိ မိုးက သည်းသည်း ထန်ထန် ရွာသွန်းဆဲပင်။ လျှပ်ပြတ်ခိုက် ငတောနှင့် ငလုံးတို့သည်။ သူတို့ ဝန်းကျင် ဝဲယာ ရှေ့နောက် ကြည့်မိကြသည်။ ကြည့်မိသမျှ မြင်ရသည်မှာ ဖွေးဖွေး လှုပ်လှုပ် ရေများ အတိသာ။ ယာခင်းများထဲ ရေပြည့်လျှံပြီး မြင့်ရာမှ နိမ့်ရာသို့ စီးဆင်းစ ပြုနေပြီ။ မိုးမှာ တဝေါဝေါ ရွာဆဲ။ သူတို့ စိတ်ထင် တစ် နာရီခွဲ နှစ်နာရီလောက် မိုးကြီးသည်းထန်စွာ ရွာသည်ဟု ခန့်မှန်းမိကြသည်။ “ငလုံး” “ အဖေ” “တို့တော့ ကနေ့ည စားရကံကြုံလို့ မုတ်ဆိတ်ပျားစွဲပြီး ပွပေါက်တိုးပြီ” “ဗျာ ဒီလောက် မိုးရွာနေတာချည်းကို” “ဟုတ်တယ်၊ လာ သွားကြမယ်။
နေပူပူ၊ နှင်းကျကျ၊ မိုးသည်းသည်း၊ ဆင်းရဲသားဆိုတာ ဘာကိုမှ ရိုးမယ်ဖွဲ့ မနေရဘူး၊ တို့လို တောသမားအဖို့ သာမဖြစ်သေးတာပေါ့။ မိုးမရွာလည်း မရွာသလို ငှက်ဖမ်းတတ်ရမယ်၊ မိုးရွာ လည်း ရွာသလို ငှက်ဖမ်းတတ်ရမယ်၊ တို့လယ်ကွက်တွေဆီ သွားကြမယ်” “အခု သွားမှာလား အဖေ” “အေး” နောက်ဆုံးမှ သွားမည်ဟု မူလ ရည်မှန်းထားသော လယ်ကွက်များ ဆီသို့ သူ့ အဖေက ခေါ်သဖြင့် လုံးမှာ ဘုမသိဘမသိဖြင့် လိုက်ရသည်။ ငလုံး စိတ်ထဲ၌ သူ့ အဖေ လုပ်ရပ်ကို သံသယ မဖြစ်။ တောသမ္ဘာရင့် တောဝါရင့် ငှက်ဖမ်းသမား တစ်ဦးသည် သူ့ အဓိပ္ပာယ်ဖြင့် သူ့ လုပ်ငန်း လုပ်လိမ့်မည်ဟု လုံး ယုံကြည်သည်။ ထို့အတူ သူ့ စိတ်ထဲမှာ မိုးခြောက်သော နေ့မှသာ ငှက်ဖမ်းရလိမ့်မည်ဟု သူ၏ နုသော တောအတွေ့အကြုံကို အခြေခံ၍ ထင်မှတ်ထားသော သူ့ ယုံကြည် ထင်မြင် ယူဆချက်သည် သူ့ အဖေလို ဝါရင့် ငှက်ဖမ်းသမား၏ ထင်မြင် ယူဆချက်နှင့် ကွဲလွဲကြောင်း ငလုံး သတိပြုမိသည်။
သူ ထင်သည်က မိုးခြောက် ရေခြောက်မှ ငှက်ဖမ်းရမည် ထင်၏။ သူ့အဖေက မိုး တအားရွာလာ၍ စားရကံကြုံလို့ မှတ်ဆိတ်ပျားစွဲပြီး ပွပေါက်တိုးပြီဟု ဆို၏။ မိုးရွာကြီးထဲမှာပင်လျှင် ငတောနှင့် ငလုံးတို့ လယ်ကွက်များဆီ သွားကြသည်။ ယာသားပြင်ဆီမှ လယ်ကွက်များ ဆီသို့ စီးဆင်းနေသော ရေများ မှာ ဒူးလောက် ပေါင်လယ် ရောက်သည်။ ပေါင်လယ်လောက်ရှိသော ရေထဲ တဗွမ်းဗွမ်း တစွက်စွက် အသံပေးကာ သွားနေခိုက် မိုးသည် တဖွဲဖွဲ ရွာရာမှ တစ်စတစ်စဖြင့် မိုးစဲသွားသည်။ လယ်ကွက်များရှိရာ ရောက်သည့်အချိန်၌ ငတောက ငလုံးကို အနီးကပ် လုပ်ခွင်ဝင် သတိပေးသည်။ “လယ်ကန်သင်းရိုး နှစ်ခုကြားကို အဓိကထားပြီး မီးကို ဖြည်းဖြည်းချင်း ထိုး၊ ကန်သင်းရိုးပေါ် ထိုးရှာပြီး အားရမှ လယ်ကွင်း နှုတ်ခမ်းသားဘေး ကပ်လျက် ဖြည်းဖြည်းချင်းထိုး။
မီးကို အပြေး မထိုးနဲ့၊ လက်တစ်ကမ်း နှစ်ကမ်း ရှေ့မှာ စိုက်ထိုး။ ရှိတတ်တာက လယ်နှစ်ကွက်ကြား ကန်သင်းပေါ်မှာ ခုလို မိုးသည်း၊ ရေတွေဝင်ရင် ရှိတတ်တာပဲ ရပြီနော်” သူ့ အဖေ ထိုးစေချင်သော မီးထိုးကွင်းကို ငလုံး နားလည်လိုက်ပြီ။ လယ်နှစ်ကွက် ယှဉ်နေသော ကန်သင်းကြားထဲ၌ ငလုံး၏ မီးရောင် စတင် ကျရောက်လာသည်။ မီးရောင်သည် တဖြည်းဖြည်းဖြင့် ငှက်ကောင်ကို ပိုက်စိပ်တိုက် ရှာလာသည်မှာ စေ့စေ့စပ်စပ်။ “ဝါးနှစ်ရိုက်ခန့် မီးထိုးမိသောအခါ နှစ်ကောင်တွဲလျက် ဝပ်နေသော ရေကြက် နှစ်ကောင်ကို မီးရောင်အောက်မှာ တွေ့မြင်လာရသည်။ ဗျိုင်းအောက်ကဲ့သို့ ခြေတံရှည်၍ အနက်နှင့် အဝါမွေးများ ရောနှော ပေါက်ရောက်လျက်ရှိသည့် ရေကြက် နှစ်ကောင်။ ရေကြက် နှစ်ကောင်သည် ရေရော ကုန်းပါ ပျော်မွေ့သည်တိုင်၊ သူတို့ ခံနိုင်ရည်ထက် ပိုမို ပြင်းထန်သော မိုးဒဏ်ကို မမျှော်လင့်ဘဲ ခံရသောအခါ အေးလွန်းချမ်းလွန်း၍ နှစ်ကောင် ပူးကပ်နေသည်။
တစ်ကောင်နှင့် တစ်ကောင် ကွဲကွာ သွားမည်ကို စိုးရိမ်သည့် အလား အတင်း တိုးနေသည်။ ပျံသန်းဖို့ သတိ မရကြ။ မီးရောင် ကျသောအခါ မီးရောင်ကို အထူးအဆန်းသဖွယ် ရေကြက် နှစ်ကောင်က ကြည့်နေ၏။ ထိန်ဝင်း လင်းတောက်နေသော မီးရောင်ကို ရှေ့ တိုး၍ တိုး၍ လူပါ တက်လာသော ငလုံး။ ငလုံးနှင့် ယှဉ်တွဲပါလာသော ငတော။ လက်တစ်ကမ်းကွာ ပိုက်တစ်ဆုံး မီချိန်၌ ရေကြက် နှစ်ကောင် အပေါ် သေသေချာချာ ချိန်၍ ပိုက်ကို အုပ်လိုက်သော ငတော။ ရေကြက် နှစ်ကောင်သည် သူတို့ကို ပိုက်ဖြင့် အုပ်လိုက်သည့်တိုင် လှုပ်ရန် ရှားရန် ရုတ်တရက် သတိ မရသေး။ သူတို့ကို ဖမ်းလာမှ သတိရကာ ပိုက်တွင်း ပတ်ပြေးသည်။ ရေကြက် နှစ်ကောင်ကို ဂရုတစိုက် ဖမ်းပြီး၊ တောက ငလုံးကို ပေးသည်။ ငလုံး ဝမ်းသာအားရ ယူပြီး ကြည့်သည်။
“ရေကြက် မဟုတ်လား အဖေ” “ဟုတ်တယ်ကွ တိုးတိုး တိုးတိုး၊ ဆက် မီးထိုးစမ်း” “ဟုတ်… ဟုတ်” ငလုံးသည် မီးကို ဆက်၍ဆက်၍ ထိုးကာ ထိုးကာ ဖမ်းကွင်း ပြသည်။ ဒီလယ်တောမှ နောက်ထပ် ရေကြက် သုံးကောင် ငတောတို့ ထပ်ရပြန်ရာ၊ မိုးရွာမည်ကို စိုးရိမ်ခဲ့သော ငလုံး တစ်ယောက် မိုးရွာ၍ ရေကြက် ငါးကောင် အလွယ်တကူ ရသည်ဟု တွက်ဆပြီး မိုးကို ကျေးဇူးတင်မဆုံး။ “တို့ တစ်ခေါ်လောက် ဝေးတဲ့ ဟိုဘက် ရွာကွင်းက လယ်တွေဆီ သွားမယ်” “ဟုတ်” “ဟိုဘက် ရွာကွင်းက လယ်တွေဆီ မှန်း မီးထိုးသွား” ငလုံး ခြေသွက် နေပြီ။ စီးနေသော မိုးရေများ၊ ရွံ့ဗွက်များထဲ သွားရ သည့်တိုင် သူ့ခြေတို့ ပေါ့ပေါ့ပါးပါး သွက်သွက်လက်လက်။ မိုးစဲသွားသော်လည်း မိုးရေများမှာ တဝေါဝေါ အသံပေးပြီး ယာတစ်ခင်းမှ တစ်ခင်း၊ ယာခင်းပြင်မှ နီးရာ ရေစီးကြောင်းထဲ ပေါင်းစပ်လျက် စီးဆင်း နေကြသည်မှာ အားနှင့်အင်နှင့်။ တစ်ခေါ်ခန့် ဝေးသော အခြားရွာ လယ်ကွင်းများဆီ အရောက်၌ ငတော ခိုင်းလာသံ။ ငလုံးက အလျင် လယ်ကွက်များတုန်းက ပုံစံကဲ့သို့ပင် မီးကို ဖြည်းဖြည်း မှန်မှန် ထိုးပြသည်။ လယ်များ၌ ရေတို့ ပြည့်လျှံပြီး အချို့ လယ်ကန်သင်းများ၌ ရေကျော် ကာ တစ်လယ်နှင့် တစ်လယ် ရေကူး စီးဆင်းလျက် ရှိသည်။ ရေရောင်ကို မီးတည့်တည့် ထိုးမိက မီးရောင် ပြန်ဟပ်ပြီး ဖွေးဖွေး လက်လက်။
လယ်ကန်သင်း၌ ရှိနေသော ထန်းပင်ပုလေး ခြေရင်း၌ ဝပ်နေသော ငှက်၏ မျက်လုံးတို့က မီးလမ်းကြောင်းမှာ ထင်ထင်ရှားရှား။ “တိုး” ငတောက ငလုံးကို ရှေ့တိုးခိုင်းသလို သူပါ ရှေ့တိုးသည်။ ရှေ့သို့ တိုး၍တိုး၍ မီးထိုးရာ နောက်ထပ် မျက်လုံးများကို တွေ့ရ ပြန်သည်။ ထန်းပင်ရင်းမှာ နှစ်ကောင်၊ နောက်ထပ် တွေ့သည်မှာ သုံးကောင်။ “နှစ်ကောင်ကို မီးစိုက်ထိုး” ဖမ်းရသည့် ငှက် အနေအထားက နှစ်ကောင်တွဲက တစ်အုပ် အုပ်မှတ် ဖမ်းမှတ် တစ်ခု၊ သုံးကောင်တွဲက အုပ်မှတ် ဖမ်းမှတ်တစ်စု တစ်စုနှင့် တစ်ခု လက် သုံးလံမျှသာ ဝေးကွာသော အနေအထား။ နှစ်ကောင်တွေကို အလျင်ဖမ်းမည်ဟု ငတောက ငလုံး သိသာရန် အချက် ပေးရာ ငလုံးသည် နှစ်ကောင်တွဲ ပေါ်သို့ မီးကို စိုက်ထိုးပြသည်။ သားအဖ နှစ်ယောက် ရှေ့တိုးကာ နှစ်ကောင်တွဲကို အလျင် ပိုက်ဖြင့် အုပ်ကာ ဖမ်းသည်။ နှစ်ကောင်တွဲ ဖမ်းကာ အိတ်ထဲ ထည့်ပြီးသည်တိုင် စကား အထူးအထွေ မပြော။ အရေးကြီး နေ၍ လိုရင်းသာ ပြောသည်။
“ထိုး” သုံးကောင်တွဲကို ဆက်ထိုး ခိုင်းမှန်း ငလုံး နားလည်သည်။ သုံးကောင်တွေကို ဆက်ထိုးပြရာ သုံးကောင်တွေမှာ မျက်လုံးလေး ကလယ် ကလယ်၊ ဆတ်ဆတ်တုန်အောင် ချမ်းအေး၍ လန့်ကြောက် နေဟန်ဖြင့် သုံးကောင်စလုံး တစ်ကောင့်ကို တစ်ကောင် တိုးဝှေ့ နေကြသည်။ မီးရောင်ကို လျှပ်ရောင်ဟု ထင်၍လားမသိ သတိ မပြုကြ။ သူတို့ အချင်းချင်းသာ ပူးကပ် သည်ထက် ပူးကပ်အောင် တိုးတိုးဝှေ့ဝှေ့။ ငတောသည် သေသေချာချာ ချိန်ရွယ်၍ ပိုက်ကို ဖျတ်ခနဲ အုပ်လိုက် သည်။ ပိုက်သားက သူတို့ ခေါင်းပေါ် ကျလာမှ စူးစမ်းဟန်ဖြင့် အဖမ်းခံ ငှက်တို့က တအံ့တသြ ကြည့်သည်။ တအံ့တဩ ကြည့်မိရာ သူတို့ကို လူသား နှစ်ဦးက ဖမ်းဆီးရန် တစ်ဦးက ပိုက်ကိုဖိ၊ တစ်ဦးက ပိုက်တွင်း လက်လျှိုကာ တစ်ကောင်ချင်း ဖမ်း ဖမ်း ဆွဲထုတ်နေမှန်း သိသွားပြီး ပြေးပေါက် ရှာသည်။ ပြေးပေါက် ရှာသော်လည်း သူတို့ နောက်ကျသွားပြီ။ သုံးကောင်စလုံး ဖမ်းပြီး၊ ငတောက ငလုံးကို ပေးရာ ဖမ်းရလာသော ငှက်များကို ငလုံးက အထူးအဆန်းသဖွယ် ကြည့်သည်။ “အမွေးက အနက်နဲ့ အညိုမွေး၊ ခြေထောက်က ဘဲခြေထောက်လိုပဲ၊ တစ်ဆယ်သား၊ နှစ်ဆယ်သားတော့ ရှိမှာပဲ၊ အဖေ အဲ့ဒါ ဘာကောင်လဲ” ငတောက ပြုံးသည်။ “ရေငုံး ဟုတ်လား ” “အေး ဟုတ်တယ်၊ ရေကြက်ကျ ဗျိုင်းအောက်လို ခြေတံ ရှည်တယ်၊ အမွေးက အနက်နဲ့ အဝါ ရောလို့နေတယ်၊ အလေးချိန် သုံးဆယ်သား ပတ်ဝန်းကျင် ရှိတယ်။
ရေငုံက ခြေထောက်ဟာ ဘဲခြေထောက်လိုပဲ၊ အနက်နဲ့ အညို၊ မွေး၊ အလေးချိန် တစ်ဆယ်သားကနေ နှစ်ဆယ်သား ပတ်ဝန်းကျင် ရှိတယ်။ တို့ဒေသမှာတော့ ရေကြက်နဲ့ ရေငုံးကို ဒီအမွေး၊ ဒီအပုံစံနဲ့ ဒီအရွယ် တွေ့ဖူးတာပဲ၊ တခြား ဒေသတွေတော့ ဒီထက်မက များပြားတဲ့ ရေကြက်၊ ရေငုံး အမျိုးအစား အများအပြား၊ အရွယ် အများအပြား ရှိချင်ရှိမှာပေါ့၊ ကဲ ဒါထားတော့ မိုးရွာလို့ စားရကံ ကြုံတဲ့အခါ မုတ်ဆိတ် ပျားလာစွဲ ဆိုတာကို တို့ ပွပေါက် တိုးမယ့်ဆီ သွားရအောင်” “ဟင် ဒီဟာတွေအပြင် ပွပေါက် တိုးဦးမယ် ဟုတ်လား အဖေ၊ ကျုပ်က ရေကြက်နဲ့ ရေငုံ ရမှာမို့ ပွပေါက်တိုးမှာလို့ ပြောတာထင်နေတာ” “ဆက်ရန် ကျန်ပါသေးသည်ပေါ့ကွာ” ငလုံးနှင့် ငတောတို့ လယ်ကွင်းများ ဘက်ဆီမှ ရေကြက် ငါးကောင်နှင့် ရေငုံးငါးကောင် ရအပြီး၌ စီးနေသော မိုးရေများ ထဲမှပင် တဗွမ်းဗွမ်း ဖြတ်သန်း ကာ ပြန်ခဲ့ကြသည်။ ငလုံးအနေဖြင့် သူ့အဖေ မည်သည့် နေရာသွားမည်နည်း ဟု သိလိုစိတ်ဖြင့် လျှောက်လှမ်းနေသည်။ ငတော သွားသည်က သူတို့ပိုက်ဖြင့် အုပ်ဖမ်း မရနိုင်၍ ချန်လှပ်ထားခဲ့ သော ပြောင်းခင်းတောများ ရှိရာသို့ ဖြစ်သည်။
မိုးမရွာခင်က ချန်လှပ်ထားခဲ့သော ပြောင်းခင်းများဆီသို့ ငတော သုတ်ခြေတင် လှမ်းသည်။ ပြောင်းခင်း တစ်ခင်း ဆီသို့ ရောက်သောအခါ ငလုံးကို မီးစေ့စေ့စပ်စပ် ထိုးခိုင်းသည်။ ငတော ကိုယ်တိုင် အပြန်ပြန် အလှန်လှန် ကြည့်သည်။ “ဘာကောင်တွေ့လဲ ငလုံး” “ဘာမှ မတွေ့ဘူး အဖေ” “အေး ငါလည်း ဘာမှမမြင်လို့ မင်းကို မေးတာ” မိုးသည်းသည်းထန်ထန် ရွာထား၍ လဲကျနေသော တစ်တောင်ခန့်ရှိ ပြောင်းပင်လေးများ။ ပြောင်းပင်လေးများ အပေါ်မှ ဖြတ်သန်း စီးဆင်းနေသော မိုးရေများ မိုးရေများနှင့် ပြားပြားဝပ်မျှ လဲကျနေသော ပြောင်းပင်လေးများကိုသာ မြင်ရ၍ ငတော မကျေနပ်။ နောက်ထပ် ပြောင်းခင်း တွေ့ရန် ငတော ရှာသည်။ ပြောင်းခင်း တွေ့ရာ ရှေ့နောက် ဝဲယာမှ ညှပ်ကာညှပ်ကာ မီးထိုးသမား ငလုံးကို မီးဖြင့် ဖြည်းဖြည်းချင်း ထိုးခိုင်းသည်။ “တောက် ဒီပြောင်းခင်းကလည်း ဘာမှ မတွေ့ဘူး၊ မင်း တွေ့ လား” “မတွေ့ဘူး အဖေရ၊ ပြောင်းခင်းရယ် စီးနေတဲ့ရေတွေရယ်၊ ဒါပဲ တွေ့တာ၊ အဖေ ဘာရှာတာလဲ” “ငှက်ဖမ်းလာမှတော့ ငှက်ရှာတာပေါ့ ကောင်လေးရ” နောက်ထပ် ပြောင်းခင်း တစ်ခင်း ရှာသည်။ ဘာငှက်မှ မတွေ့။
နောက် တစ်ခင်း၊ နောက်ထပ် တစ်ခင်း၊ နောက် တစ်ခင်း။ နောက် တစ်ခင်း၊ နောက်ထပ် တစ်စင်း၊ နောက် တစ်ခင်း။ “တွေ့ပါမင့်လားကွ၊ တွေ့ပြီဟု ငလုံးရေ စိတ်ရှည်နဲ့သာဖမ်း” လဲကျနေသော ပြောင်းပင်လေးများ။ စီးဆင်းဆဲ ဖြစ်သော မိုးရေများ။ အတောင် ရေစွတ်၍ မပျံနိုင်။ သူတို့ အိပ်စက်ရာ မြေပြင်၌လည်း ရေတို့ ဒလဟော စီးနေ၍ နားနေရာ မရ သူတို့ ခြေထောက် ထောက်မိရာ သူတို့ကို မမြုပ်ရုံ နေရာများ၌ မတ်တတ်ရပ်လျက် ငေါင်းစင်းစင်း ရပ်နေကြသော ဝါဝါကျားကျား ငှက်များ။ အစုလိုက် အဖွဲ့လိုက် အုပ်လိုက် ကောင်ရေ အများ အပြား။ စူးရှသည့် မီးရောင်ကို ဖြုန်းခနဲ တွေ့လာ၍ မျက်လုံးများက မရဲတရဲဖြင့် ကြည့်ဟန် ပြနေသော ရေထဲ ရပ်နေရသည့် ဝါဝါကျားကျား ပြေလုံးငှက်များ။ ပြေးရန်၊ လွှားရန်၊ ပျံရန် အင်းအား ကုန်နေသော ပြေလုံးငှက်များ။ သည်ငှက်များမှာ ပြောင်းခင်း ရှိရာသို့ အုပ်လိုက် ကောင်ရေ လေး ငါး ခြောက်ရာ ခန့်မျှအထိ အုပ်ကြီးအောင် ဖွဲ့ကာ ပုန်းခို အိပ်တတ်သော ဓလေ့စရိုက် ရှိသည်။ အနည်းဆုံးအုပ်ပင်လျှင် ကောင်ရေ ကိုးဆယ် တစ်ရာခန့် ပေါင်း အိပ်တတ်သည်။ ယခု မီးထိုး ကြည့်ရသမျှ ကောင်ရေ နှစ်ရာ သုံးရာထက် မနည်းဟု ငတော ထင်သည်။ သူ လွယ်လာသော ဓားလှံကို ပြောင်းခင်းပေါက် ကန်သင်း တစ်နေရာ၌ ငတော မြေထိုး စိုက်လိုက်သည်။ တောလိုက်မီးကို ဓားလှံရိုးနဲ့ ချည်ပြီး ပြောင်းခင်းဘက် မီးရောင် လှည့် ပေးထားသည်။
မီးလမ်းကြောင်းမှာ လူ ထိုးပေးထားသကဲ့သို့ ဦးတည့် ထားရာ တန်းတန်းမတ်မတ် ဝင်းလက် တောက်ပနေသည်။ “ငါ့သားရေ၊ အဖေနဲ့ မင်းနဲ့ ဒီမီးလမ်းကြောင်း ကျရာမှာ ရှိနေတဲ့ ပြေလုံးတွေကို ဖမ်းကြမယ်၊ ဖမ်းလို့ ဒီမီးလမ်းကြောင်းထဲက ကုန်မှ ကန်သင်ရိုး စိုက်ထားတဲ့ ဓားလှံကို ပြန်ပြီး နေရာပြောင်းစိုက်၊ ပြန်မီးထိုး၊ ထပ်ဖမ်းမယ်၊ အဲလို အဲလို ပိုင်းပိုင်း ဖမ်းသွားမယ်။ ပိုက်စိပ်တိုက် ဖမ်းတဲ့သဘောပေါ့၊ မင်းပါ ပြောင်းခင်းထဲဆင်း ရင်ပေါင်တန်း ဖမ်း” “ပိုက်မပါဘဲ လက်နဲ့ဖမ်းလို့ ရပါမလား၊ အဖေရ” “ဟား ဟား ဖြစ်မှ ဖြစ်ရပလေကွာ၊ သာမန် အချိန် မဟုတ်ပါဘူး ငါ့သားရ၊ မိုးပြင်းရိုက်၊ ရေဒဏ် ခံထားရတာ တွက်ကြည့်” လုပ်သက်က ပေးသော အတွေ့အကြုံ။ အတွေ့အကြုံက ပေးသော လုပ်ငန်းအသိ။ လုပ်ငန်းအသိ အပေါ် အခြေခံ ပြောသော ငတော စကား။ သည်စကား ပြောပြီး တောနှင့် လုံးတို့ ပြောင်းခင်း ပေါက်ထဲ ပြိုင်တူ ဆင်းလိုက်သည်။ ရေထဲ မတ်တတ်ရပ်၍ အားကုန်အင်ကုန် ပင်ပန်း တုန်ခိုက်နေသော ပြေလုံးများကို ငတောနှင့် ငလုံးတို့ လိုက်၍ လိုက်၍ အသာအယာပင် လက်ရ ဖမ်းသည်။
အတောင်ရေနူး မိုးပြင်းရိုက်ခတ် စီးလာသော ရေထဲ မတ်တတ်ရပ် နေရသော ပြေလုံးများကို ရွှံ့ရုပ် ကောက်ယူသလို ငတောနှင့် ငလုံး ကောက် ကောက်ယူသည်။ မီးလမ်းကြောင်း တစ်ခု၌ ရှိနေသော ပြေလုံးများကို ကုန်အောင် ဖမ်းပြီး မှ ဓားလှံရိုးကို နေရာ ပြောင်းကာ ရွှေ့စိုက်ပြီး မီးလမ်းကြောင်းသစ် ထပ်တိုးကာ တစ်ခါ ဖမ်းပြန်သည်။ ဖမ်းလိုက်၊ မီးနေရာ ရွှေ့လိုက်၊ ဖမ်းလိုက်၊ မီးနေရာ ရွှေ့လိုက်နှင့် အချိန် ကုန်မှန်းမသိ ကုန်သွားသည်။ ပြောင်းခင်း တစ်ခင်းလုံးမှ ပြေလုံးများ အားလုံးကို ဖမ်းပြီး ငလုံးက အကောင်ရေ ရေတွက်ကြည့်သည်။ သည်ပြောင်းခင်း ကစ်ခင်းထဲမှ ဖမ်းဆီး ရမိသော ပြေလုံးငှက်မှာ နှစ်ရာရှစ်ဆယ့်သုံးကောင်။ “အဟီး တစ်ချက်တည်းနဲ့ ပွတာပဲ။ ဒါမျိုး နောက်ထပ် နှစ်ခင်းလောက် သာ ထပ်ရှာပြီး တွယ်လိုက်ရရင် ငှက်ဖမ်းထွက်တာ နှစ်ည သုံးညစာလောက်နဲ့ ကို ညီသွားပြီး ပိုပွမှာ၊ ရှေ့ဆက် တွယ်ကြဦးစို့လား အဖေ” “မင်းကို ဒါကြောင့် အဖေ စောစောကတည်းက ပြောခဲ့တာပဲ၊ အကောင် ပလောင်လေး ရလာရင် ဆက်ကြဦးစို့၊ ဆက်ကြဦးစို့ ပြောတတ်တယ်လို့၊ ကိုယ့် လောဘဇောနဲ့မို့သာ ကိုယ် မသိတာ ကောင်းကင်ကို မော့ကြည့်ပါဦးကွာ” ငလုံး ကောင်းကင်ကို မော့ကြည့်လိုက်သည်။ ညဦးပိုင်းက မိုးရွာပါသည်ဟုပင် ပြော၍ မယုံနိုင်စရာ။
ကောင်းကင် တစ်ခုလုံး ကြယ်နက္ခတ်တာရာတို့ အပြည့်။ အရှေ့ဆီမှ ကြယ်နီကြီး၏ အရောင် ဖြိုးဖြိုးပြက်ပြက်။ ရေကြက်၊ ရေငုံနှင့် ပြေလုံးများကို အိမ်ရောက်က အမွေး နုတ်ရ၊ ရင်ခွဲရ၊ ညှပ်လုပ်ရနှင့် ရောင်းချိန် မီရေး သူတို့ ကြိုးစား ရဦးမည်။ ရောင်းချိန်မီမှ ရောင်းချရာ ချောမောမည်။ ချောချောမွေ့မွေ့ ရောင်းချရမှ ငွေရမည်။ ငွေရမှ ဆန် ဆီလေးအစ၊ ငါးပိ၊ ဆား၊ နနွင်းမှုန့်လေးအစ သူတို့ ဝယ်နိုင်မည်။ ငတောတို့သည် ရရစားစား ငှက်ဖမ်းသမား၊ လုပ်လုပ်စားစား ဆင်းရဲ သားမို့ ဘာဆိုဘာမှ နှစ်လည်ခါကျူးစာ တစ်လ၊ နှစ်လစာမျှ မဝယ်နိုင်။ တစ်လ နှစ်လစာမျှထား။ တစ်ပတ် နှစ်ပတ်စာမျှပင်လျှင် မဝယ်နိုင်။ အမြီးက ကျက် အမြီးက စား၊ ခေါင်းကကျက် ခေါင်းက စား၊ လှေဦးစိုစို၊ လှေဦး ခြောက်ခြောက်သမားများ၏ လှုပ်ရှားနိုင်ရန် လုပ်နိုင်ကိုင်နိုင်မှ ကနေ့အတွက် ကနေ့ စိတ်အေးရသည့် ဘဝပိုင်ရှင်များ။ မိဂျမ်းက သည်အခြေအနေကို တိုရှင်းလိုရင်း မှာသည် ပြောသည်။ ဆန်လည်း မရှိဘူး၊ ဆီလည်း မရှိဘူး၊ တော်တို့ပြန်လာမှ ရောင်းချ ဝယ်ရမှာ ရောင်းချိန်မီ ပြန်ခဲ့ပါတဲ့။ ငတော နားအာရုံ၌ ယခုပင်လျှင် ကြားယောင်နေမိဆဲ။
ထို့ကြောင့် သူ့သား ငလုံးကို ကောင်းကင် မော့ကြည့်ခိုင်းသည်။ “ဟာ ကြယ်နီကြီးတောင် ပေါ်နေပြီ ကိုယ်ဇောနဲ့ ကိုယ် မို့သာ အဖေရာ၊ ဒီလောက်အချိန် ကုန်သွားမှန်း မသိဘူး။ ကြယ်နီကြီး ပေါ်နေမှ အမြန် ပြန်မှ ဖြစ်မှာ ဒါမှ ဈေးမီပြီး ရောင်းချိန် ရှိမှာ” သူ့အမေ စကားမှတစ်ဆင့် သူတို့ ဘဝကို နားလည်ထားသော ငလုံး၏ သူ့အဖေကို ပြောသောစကား။ သားအဖ နှစ်ယောက်သည် ရွှံ့များ၊ ဗွက်များ၊ ရေများကို တဗွမ်းဗွမ်း တစွမ်းစွမ်း ဖြတ်သန်း၍ ရွာဆီသို့ ပြန်ခဲ့၏။ အရှေ့ဆီမှ ကြယ်နီကြီးအရောင် ပို၍ ဝင်းဝင်းစက်စက် လင်းလင်း လက်လက်။ ပြီးပါပြီ #စာစီ – မီးမီး #ညမဖတ်ရ
Leave a Reply