ဘွားမယ်စိန်နှင့်မကျွတ်မလွတ်ဒေါ်နှင်းမြိုင် စဆုံး

ဘွားမယ်စိန်နှင့်မကျွတ်မလွတ်ဒေါ်နှင်းမြိုင် စဆုံး

“ကိုရင်မောင်…” “ဘာတုန်း မိန်းမရဲ့” “တော်…ဟိုအိမ်ကြီးကိုဘာလို့ဝယ်လိုက်တာတုန်း ကျုပ်တို့ကို မပြောမဆိုဘဲနဲ့” “အိုကွာ…ဒါလေးဝယ်တာ မင်းတို့ကိုပြောနေရမှာလားမိတင်… ငွေပေါပေါနဲ့ရောင်းတာမို့ဝယ်လိုက်တာပေါ့ကွာ” ဦးရင်မောင်ဆိုသော အသက်ငါးဆယ်ကျော်ဆံပင်ဖြူဖြူလူကြီးတစ်ဦးနှင့် ဒေါ်တင်ဆိုသော အမျိုးသမီးကြီးတို့သည်လင်မယားများဖြစ်ကြ၏။ ဦးရင်မောင်…ဒေါ်တင်ဆိုလျှင်ဖြင့် ရွာသစ်ရွာ၏ လူချမ်းသာစာရင်းဝင်သူများပင်ဖြစ်ကြသည်။ ယခု ဒေါ်တင်တစ်ယောက် ဦးရင်မောင်တစ်ယောက်သူ့အားမပြောမဆို ဝယ်လိုက်သည့်အိမ်ကြောင့်စိတ်တိုဒေါသထွက် နေခဲ့ရှာသည်။

“တော်ဝယ်တာကျုပ်မပြောလိုပါဘူး… ဝယ်ရင်လည်းတခြားအိမ်ကိုဝယ်ပါလားတော်… ဘယ့်နဲ့လူသေလို့ သရဲခြောက်ပါတယ်ဆိုပြီးနာမည်ကြီးတဲ့ အဲ့အိမ်ကိုမှတော် ဝယ်ရသလားကိုရင်မောင်ရဲ့” “ဟ…အဲ့အိမ်လူသေတာ လွန်ခဲ့တဲ့အနှစ်နှစ်ဆယ်ကျော်လောက်ကပါဟ… ပိုင်ရှင်တွေတောင်တစ်ယောက်ပြီး တစ်ယောက်ပြောင်းနေတဲ့ဟာ…။ မင်းကဘာကိုကြောက်နေတာတုန်း” “အမယ်…အမယ်…ကြည့်စမ်းပါဦး… တော်ဝယ်လိုက်တဲ့အဲ့အိမ်အကြောင်းဒီရွာကခွေးကအစ သိတယ်ကိုရင်မောင်…ပိုင်ရှင်တွေပြောင်းတယ် ဟုတ်သလား…ပြောင်းမှာပေါ့…ပြောင်းမှာပေါ့… ဘယ့်နဲ့ဝယ်သာဝယ်လိုက်ရတယ် သရဲမ အ​ခြောက်ကြမ်းလို့ဘယ်သူမှမနေရဲတဲ့အိမ်လေ…” “နင်ပြောတာတွေငါသိတယ်မိတင်… ငါအလကားသက်သက်ဝယ်တယ်လို့ နင်ထင်နေသလား…မိတင် ဟမ်…” “အလကားဝယ်တယ်ဆိုထား… အခုပေးရတဲ့ငွေတွေကအဲ့အိမ်မှာနင့်နေတယ်လေ” “ဟာ…ငါပြောတာနားထောင်စမ်းပါမိတင်ရာ…” “ပြောစမ်းပါ…တော်ဘာများပြောနိုင်မှာလဲ” သရဲခြောက်လှသည့်အိမ်ကိုဝယ်လိုက်၍ အခဲမကျေဖြစ်နေပါသော ဒေါ်တင်သည် ခင်ပွန်းဖြစ်သူဦးမောင်ရင်အားမဲ့ကာရွဲ့ကာပြောဆိုလို့နေ၏။

ဦးရင်မောင်သည်ကား… “ဒီလိုဟ…ငါအဲ့အိမ်ကိုဝယ်တာကအကြံရှိတယ်…။ဒီလောက်ခြောက်နေတဲ့အိမ်ကြီးကသရဲကို တို့ဟိုဘက်သောင်ထွန်းရွာက ဘွားမယ်စိန်ရဲလက်ကို အပ်ပြီး သရဲကိုချွတ်မလို့ဟေ့…” “ဟုတ်မှလည်းလုပ်ပါတော်… အရင်ကတည်းကဘုန်းကြီးပင့် ပရိတ်ရွတ်တာတောင် အဆင်မပြေခဲ့တာ… တော်ပြောတဲ့ဟိုအဘွားကြီးကဘယ်လိုလုပ်နိုင်မှာတုန်း” “ဟာ…ဒီမိန်းမတော့… ဘွားမယ်စိန်ဆိုတာ သောင်ထွန်းရွာတင်မကဘူး…ဘေးကတို့ရွာတွေကပါ လေးစားရိုသေနေရတာ မင်းကလွဲရင်အကုန်သိတယ်မိတင်… ဘွားမယ်စိန်က ဘုရားတရားသမား… ဒီလိုကိစ္စတွေမှာသူက ကူညီနေတဲ့သူတစ်ယောက် ဒါတွေမင်းကိုပြောလည်းသိမယ်မထင်ပါဘူး… မင်းတို့မိန်းမတွေကသန်းတုပ်ဖို့ အတင်းပြောဖို့ပဲသိကြတာ…” “ဘာပြောတယ်…တော်ဘာပြောလိုက်တယ် ကိုရင်မောင်” “ဘာမှမပြောဘူးဟေ့…ငါသွားစရာရှိတယ်… သွားဦးမယ်ကွာ” ဦးရင်မောင် မိန်းမဖြစ်သူဒေါ်တင်နှင့်ဆက်လက်အငြင်းမပွားချင်တော့၍နေရာမှထွက်လာခဲ့တော့၏။

ဦးရင်မောင်ထွက်လာခဲ့သည့်နေရာသည်ကား ရွာသစ်ရွာ၏ သူကြီးဦးမျိုးသစ် ၏နေအိမ်ဆီသို့ဖြစ်ပေသည်။ “ဗျို့…သူကြီးရေ…သူကြီးရှိလား” “ရှိတယ် ဦးကြီးရေ ဝိုင်းထဲဝင်ခဲ့လေ….အဘရေ ဦးကြီးရင်မောင်လာတယ်တော့” သူကြီးဦးမျိုးသစ်၏သမီးလုံမက အော်ပြောလေသည်။ ဦးရင်မောင်ဟာ သူကြီးဦးမျိုးသစ်၏အိမ်ဝိုင်းထဲသို့ဝင်လာခဲ့လေတော့ သူကြီးက ဦးရင်မောင်အား… “လာဗျာ…ဒီမှာထိုင်” ဟုဆိုကာကုလားထိုင်၌နေရာပေးလေသည်။ ဦးရင်မောင်ကုလားထိုင်၌ဝင်ထိုင်လိုက်လေတော့… “ဘာအကြောင်းများရှိသလဲကိုရင်မောင်… သြော်…နေပါဦး..ခင်ဗျားတောင်ပိုင်းက အိမ်ကိုဝယ်လိုက်တယ်ဆို” ဦးရင်မောင် မပြောခင်သူကြီးကမေးလေသည်။ “အင်း…ကျုပ်လာတာလည်းဒီကိစ္စပဲဗျ…” “လုပ်ပါပြောပါဦး…။

ခင်ဗျား ဘာအတွေးနဲ့များအဲ့အိမ်ကို ဝယ်လိုက်တာတုန်း” “အင်း…ပြောချင်လို့လာတာသူကြီးရေ… ဒီလိုဗျ…ဒီလို…ကျုပ်လွန်ခဲ့တဲ့သုံးညက အိမ်မက်တစ်ခုမက်တယ်…အဲ့အိမ်မက်ထဲမှာ မိန်းမတစ်ယောက်ကလာပြီးအဲ့အိမ်နဲ့ခြံကိုဝယ်ပါ… ဝယ်ပြီးရင်သောင်ထွန်းရွာကဘွားမယ်စိန်ကိုခေါ်ပေးပါ… အဲ့လိုသာလုပ်ပေးရင် ကျုပ်အတွက်အကျိုးအမြတ်ရှိမယ်ဆိုပြီးပြောတယ်ဗျ” “ဟင်…အဲ့လိုကြီးမက်တာလား” “ဟုတ်ပါ့သူကြီးရာ…ကျုပ်လည်းအစရက်ကမယုံခဲ့ဘူးဗျ။

အဲ့လိုမျိုးပုံစံတူအိမ်မက်နှစ်ခါမက်တော့ ကျုပ်လည်းယုံချင်လာရောဗျာ…အဲ့လိုနဲ့ အိမ်ရောင်းမယ်ဆိုတာလည်းကြားကော ကျုပ်ဝယ်လိုက်မိတော့တာပဲဗျို့” “အင်း…ကိုရင်မောင်မက်တယ်ဆိုတဲ့ အိမ်မက်ကထူးဆန်းသားဗျ… တစ်ခါထဲမက်တယ်ဆိုရင်စိတ်စွဲလို့ထင်ယောင်ထင်မှားမက်တယ်ဆိုပြီးယူဆလို့ရပေမယ့်… အခုလိုနှစ်ညမက်တာကတော့ထူးဆန်းတာပဲ… ကဲပါလေ…အဲ့အိမ်ကိုလည်းကိုရင်မောင်ဝယ်ပြီးသွားပြီ ဆိုတော့ ဘာဆက်လုပ်မှာလဲကျုပ်ကို ပြောဗျာ” သူကြီးဦးမျိုးသစ်သည် ဦးရင်မောင်အားပြောလိုက်လေတော့ ဦးရင်မောင်က သူ၏ခေါင်းအားတစ်ချက်ငြိမ့်လိုက်ပြီး… “အင်း…ကျုပ်က ကျုပ်မိန်းမမိတင်ကိုတောင် ဒီအကြောင်းတွေမပြောပြခဲ့ဘူးသူကြီးရ…။ကျုပ်မိန်းမကနူတ်လုံတာမဟုတ်ဘူးဗျိုု့…။

အခုကျုပ်လုပ်ရမှာက သောင်ထွန်းရွာက ဘွားမယ်စိန်ကို ပင့်ဖိတ်ချင်လို့ပါဗျ အဲ့တာ သူကြီးကောလိုက်ခဲ့ပေးပါလို့ပြောချင်တာ” “သြော်….ရတာပေါ့ဗျာ…ကျုပ်လိုက်ခဲ့ပါ့မယ်” ” ကျေးဇူးပါပဲသူကြီးရာ…” “ဒါတွေပြောဖို့လိုသလားဗျ” ဦးရင်မောင်၏စကားအား သူကြီးဦးမျိုးသစ်ကလက်ခံလိုက်သည်။ ****************** “ဘွားရေ…ဘွား…………” “ရှိတယ်ဟေ့ဝင်ခဲ့ကြ…မောင်ဘစီအသံပါလား… ဝင်ခဲ့ကြကွယ်” ခြံဝိုင်းအပြင်မှအသံကြောင့်ဘွားမယ်စိန်ကွပ်ပျစ်ထက်မှဖြေကြားလိုက်သည်။ ခြံဝိုင်းအပြင်တွင်ကာရံထားသော ဝါးထရံကြောင့် အပြင်မှလူအားမမြင်ရဘဲ အသံကိုသာ အမှတ်ပြုလိုက်ရသည်။ ဘွားမယ်စိန်ထင်သည့်အတိုင်းပင် ရှေ့ဆုံးမှ ဦးဘစီဝင်လာခဲ့ပြီး ဦးဘစီ၏နောက်ပါး၌ ရွာသစ်ရွာ၏သူကြီးဦးမျိုးသစ်၊ဦးမောင်ရင်တို့အပြင်နောက်ဆုံးမှာတော့ မောင်တိုး၊မောင်အုန်းလည်း ပါရှိကြသည်။ “လူအများသားပါလား….။

လာ…လာ. သင့်တော်ရာမှာဝင်ထိုင်ကြပါကွယ်” ” လူများတာကကျုပ်ကဟောသည် ဧည့်သည်နှစ်ယောက်ကိုဘွားဆီကိုလာပို့တာပါဗျာ… ဟိုနှစ်ကောင်ကတော့လိုက်ချင်ပါရဲ့ဆိုပြီး ပါလာခဲ့တာပဲဗျို့” “အေးပါကွယ်…ထိုင်ကြ…ထိုင်ကြ… ဟောသည်ဧည့်သည်က ရွာသစ်ကသူကြီးမလား” “ဟုတ်ပါတယ်ဘွား” ဘွားမယ်စိန်၏အမေးအား ရွာသစ်ရွာသူကြီးဦးမျိုးသစ်ကဖြေလိုက်လေသည်။ “အင်း…ဘာအကြောင်းများရှိလို့ ဘွားဆီကိုလာခဲ့ကြရတာလဲသူကြီးတို့က” “အကြောင်းကတော့ ဟောသည် ကျုပ်တို့ရွာက သူဌေးဦးရင်မောင်ကြောင့်ပါဘွား….ကိုရင်မောင် ခင်ဗျားကိစ္စဘွားကိုပြောပြလိုက်လေဗျာ” သူကြီးဦးမျိုးသစ်က ဘွားမယ်စိန်အားဖြေကြားရင်းသူ့အနီးတွင်ထိုင်နေသော ဦးရင်မောင်အားပြောလိုက်တော့၏။ “ဟုတ်ကဲ့ဘွား….ကျုပ်နာမည်က ရင်မောင်လို့ခေါ်ပါတယ်ဗျ… ဘွားဆီလာရတာက ပြောရရင်တော့ ကျုပ်ဝယ်လိုက်တဲ့ အိမ်ကြောင့်ပေါ့…အဲ့အိမ်ကလည်း သာမာန်မဟုတ်ဘူးဘွားရဲ့…။

အဲ့အိမ်ကသရဲအခြောက်ကြမ်းပါတယ်ဆိုပြီး နာမည်ရှိနေခဲ့တာ..ကျုပ်အဲ့လိုအိမ်ကိုဝယ်လိုက်ရတာလည်း အကြောင်းရှိသေးပြန်တယ်ဘွား…။ အကြောင်းကဒီလိုပါဗျာ………” ဦးရင်မောင်သည် သူသိထားသည့်အရာအားဘွားမယ်စိန်သိရှိစေရန်အတွက် မရပ်မနားပြောပြတော့သည်။ ကွပ်ပျစ်၌ထိုင်နေကြသော ဦးဘစီ၊သူကြီးဦးမျိုးသစ်တို့နည်းတူ ဘေးတွင်မတ်တပ်ရပ်လျှက်ရှိသော မောင်အုန်းနှင့်မောင်တိုးတို့သည်လည်း ဦးရင်​မောင်ပြောနေသည်များကို နားစွင့်နေကြလေသည်။ အကြောင်းစုံအားပြောပြပြီးလေ​တော့ ဘွားမယ်စိန်က ဦရင်မောင်အား… “မောင်ရင်​ပြောပြတဲ့အိမ်အကြောင်းကို သေချာလေးသိချင်ပါသေးရဲ့ကွယ်…။ အဲ့အိမ်မှာခြောက်လန့်တာ အမျိုသမီးသရဲဆိုတော့သူကအဲ့အိမ်နဲ့ ဘာပတ်သတ်တာလဲ…။

နောက်ပြီး အဲ့အိမ်မှာသူဘယ်လိုသေသွားခဲ့ရတယ်ဆိုတာလေး ကိုတော့ဖြင့် ဘွားသေချာသိချင်ပါသေးတယ်” ဘွားမယ်စိန်၏အမေးအား ဦးရင်မောင်မဖြေကြားခင် သူကြီးဦးမျိူးသစ်မှ… “ကျုပ်ပြောပြပါ့မယ်ဘွား…ဒီလိုဗျ အဲ့အိမ်ကြီးအကြောင်းက လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်ကျော်ကပေါ့ဗျာ…အဲ့အိမ်ကြီးကို ဆောက်လုပ်တဲ့အမျိုးသမီးအမည်က ဒေါ်နှင်းမြိုင်လို့ခေါ်တယ်ဗျ…သူကလည်းအဲ့အိမ်ကြီးကိုဆောက်ပြီးမကြာသေးခင်မှာပဲဆုံးသွားခဲ့တာ… ဆုံးတာကတော့ အခြားနေရာမှာပါ… ဒါပေမယ့်လို့သူဝိညာဥ်ကအဲ့အိမ်ကြီးမှာပဲရှိနေတယ်… အိမ်ကြီးကလူမနေရဲလောက်အောင် ​ခြောက်တယ်လန့်တယ်ဆိုပြီးပြောကြဆိုကြတာ အခုထက်ထိပါပဲဘွား” “အေး…မောင်ရင်ပြောပုံအရဆိုရင်တော့ အဲ့နှင်းမြိုင်ဝိညာဥ်ကအခုထက်ထိခြောက်လန့်နေတာပေါ့။

ဘွားထပ်ပြီးသိချင်တာကနှင်းမြိုင် ဘယ်လိုဆုံးပါးသွားခဲ့တာလဲဆိုတဲ့အဲ့အချက်ပဲ” ဘွားမယ်စိန်၏အမေးအား သူကြီးဦးမျိုးသစ်မှ… “ဒေါ်နှင်းမြိုင်လို့သာခေါ်ကြတာ သူအသက်ရှိစဥ်ကအသက်အားဖြင့် သုံးဆယ်သာသာပဲရှိသေးတယ်ဗျ… အယ် နောက်ပြီးသူက ဒီရွာကသူဌေး ဦးဝမ်နဲ့လက်ထပ်ဖို့ပြင်နေတာ….သူဌေးဦးဝမ်က မယားကြီးကဆုံးသွားတဲ့သူဆိုတော့ ဒေါ်နှင်းမြိုင်ကိုလက်ထပ်ချင်တာပေါ့… အဲ့လိုနေရင်းကနေပဲ လက်မထပ်လိုက်ကြရပါဘူး ဒေါ်နှင်းမြိုင်ဆုံးသွားခဲ့လေရော… ဆုံးတာကလည်းအချို့ကတော့သူ့ကိုယ်သူ သတ်သေတာလိုလို… သူများသတ်တာလိုလိုပြောကြ​သေးတယ်ဘွားရေ… သူဌေးဦးဝမ်ကလည်းဒေါ်နှင်းမြိုင်ဆုံးသွားတော့ အဲ့ကတည်းကရွာကနေပြောင်းသွားတော့တာပါပဲဗျာ” “အင်းပါလေ….မောင်ရင်တို့ရွာကိုဘွား နောက်ရက်လာခဲ့ပါ့မယ်” ” ကျေးဇူးတင်ပါတယ်ဘွားရယ်… ဘွားကိုကျုပ်တို့လာခေါ်ပေးပါ့မယ်ဗျာ” “လာမခေါ်ကြပါနဲ့ကွယ်…ဘွား….ဟောသည်ကမောင်တိုးတို့နဲ့လာခဲ့ပါ့မယ်…. နောက်ပြီးဘွားတို့ကရွာသစ်ကိုညနေဘက်လာခဲ့မှာနော်… ညမှောင်ရင်တော့ဖြင့် အဲ့သည်အိမ်ကိုသွားကြတာပေါ့… မောင်ရင်တို့ဘက်ကပြင်ဆင်စရာလေးတွေ ပြင်ဆင်ထားပေးပါ” “ဟုတ်ကဲ့ဘွား….ဘာတွေများလိုအပ်သေးလဲ… ကျုပ်ပြင်ဆင်ပေးထားရအောင်လို့” “အင်း…မောင်ရင်အိမ်အတွက်ဆိုတော့ မောင်ရင့်ဘက်က ထမင်းတစ်အိုးနဲ့ကြက်တစ်ကောင်ချက်ပေးထားကွယ်… သရဲမအကြောင်းကသေချာမသိရသေးတော့ သူစိတ်ကျေနပ်အောင်ပြင်ဆင်ပေးတဲ့သဘောပေါ့” “ဟုတ်ကဲ့ဘွား….။ကျုပ်ပြင်ဆင်ထားပေးပါ့မယ်…စိတ်ချပါဗျာ” “အေးပါကွယ်…အေးပါ” ဦးရင်မောင်၏စကားအား ဘွားမယ်စိန် ကျေနပ်သွားလေသည်။ ဘွားမယ်စိန်နည်းတူစွာ သူကြီးဦးမျိုးသစ်နှင့် ဦးရင်မောင်တို့သည်လည်း ဝမ်းသာနေကြရှာသည်။

***************** နောက်တစ်နေညနေခင်း၌ ရွာသစ်ရွာဆီသို့ နွားလှည်းတစီးဖြင့်လူသုံးဦး ရောက်ရှိလာခဲ့သည်။ ထိုသုံးဦးမှာနွားလှည်းပေါ် ၌ထိုင်လိုက်လာသော ဘွားမယ်စိန်နှင့်မောင်အုန်း…ထိုသူတို့အပြင်နွားလှည်းအားမောင်းနှင်လာသူ မောင်တိုးတို့ပင်ဖြစ်ကြသည်။ “ဘွားတို့လာပြီဟေ့…နေရာထိုင်ခင်းတွေပြင်ထားပေးကြ” “ဘွား….ကြွပါခင်ဗျ…အိမ်အပေါ်ထပ်မှာထိုင်ဖို့ပြင်ဆင်ထားပါတယ်” ဘွားမယ်စိန်တို့အား ဦးရင်မောင်နှင့်သူကြီးဦးမျိုးသစ်တို့ကကြိုဆိုခဲ့ကြသည်။ မောင်တိုးနှင့်မောင်အုန်းတို့သည်က နွားလှည်းချွတ်ဖို့အိမ်ဝိုင်းထဲ၌ကျန်ရစ်ခဲ့လေသည်။ အိမ်အပေါ်ထပ်သို့ရောက်လေတော့ အသင့်ခင်းထားသောသင်ဖြူးဖျာထက်၌ ထိုင်ကြရင်းစကားစမြည်ပြောဖြစ်ကြ၏။ ထို့နောက် ဦးရင်မောင်တို့လင်မယားမှဘွားမယ်စိန်တို့သုံးဦးအားထမင်းစားဖို့ရန်အတွက်ပြင်ဆင်ပေးကြပြန်သည်။ ထမင်းစားသောက်ပြီးကြသောအခါ အချိန်သည် ညဘက်သို့ပင်ရောက်ရှိနေခဲ့လေပြီ။ ထို့ကြောင့် ဘွားမယ်စိန်က… “ကဲ..အချိန်တော့ကျပြီမောင်ရင်တို့ရေ… တို့တွေ သွားကြတာပေါ့” ဟု… ပြောလိုက်တော့၏။

ထိုသို့ဖြင့် သူကြီးဦးမျိုးသစ်နှင့်ဦးရင်မောင် တို့နှစ်ဦးသည်မီးတုတ်များကိုင်ဆောင်ကာ ရှေ့မှသွားကြလေသည်။ သူတို့၏နောက်ပါး၌တောင်ဝှေးကိုထောက်၍လိုက်ပါလာခဲ့သောဘွားမယ်စိန်နှင့် ဘွားမယ်စိန်၏နောက်ပါးဆီမှာတော့ ထမင်းအိုးကိုထမ်းလာသောမောင်အုန်းနှင်ဟင်းအိုးကို ကိုင်ဆောင်လာသော မောင်တိုးတို့ပါရှိလေသည်။ ခြေလှမ်းအနည်းငယ်မျှဆက်လှမ်းကြအပြီးမှာတော့ဖြင့် ပျဥ်ထောင်နှစ်ထပ်ဆောက်လုပ်ထားသော အိမ်ကြီးဆီသို့ရောက်ရှိလာခဲ့ကြသည်။ ထိုအိမ်ကြီး၏ခြံဝိုင်းသော့ကို ဦးရင်မောင်ကဖွင့်နေရင်း… “ခြံဝိုင်းထဲကအပင်ရိုင်းတွေတော့ ကျုပ်ရှင်းခိုင်းထားပေမယ့် အိမ်အတွင်းတော့မရှင်းလင်းရသေးဘူးဗျ… ဘယ်သူမှလည်းအိမ်ထဲမဝင်ရဲကြလို့ဖုန်တွေ ဘာတွေတော့ရှိနေမယ်ထင်ရဲ့… အဲ့တာ ဘွားတို့အဆင်​ပြေပါ့မလား” “အင်း…ရပါတယ်ကွယ်… အိမ်လည်းရောက်နေပြီဆိုတော့ မောင်ရင်တို့နှစ်ယောက်ကခြံထဲမှာပဲနေခဲ့ကြပါ…။ မောင်အုန်းတို့နှစ်ယောက်ကတော့ ဘွားနောက်ကိုလိုက်ရဲကြတယ်မလား” “လိုက်ရဲပါတယ်ဘွား” “လိုက်မယ်ဘွား” ဘွားမယ်စိန်၏အမေးအား မောင်တိုးတို့က တက်ကြွစွာဖြေကြသည်။ ထိုသို့ဖြင့် မောင်တိုးသည် ဦးရင်မောင်ထံမှမီးတုတ်ကိုယူ၍ ဘွားမယ်စိန်အားအလင်းပြပေး၏။

သုံးဦးသားအိမ်အတွင်းပိုင်းရှိအခန်းများကို လိုက်လံ၍ကြည့်ရှု့ကြသည်။ နောက်ဆုံးအောက်ထပ်ရှိအခန်းတစ်ခုတွင် မည်သည့်ပစ္စည်းကိရိယာမှမရှိရှင်းလင်းသော အခန်းလွတ်ဖြ​စ်၍နေသည်ကိုတွေ့ရှိပြီး… ” ဟိုနေရာလေးမှာ ထမင်းအိုးနဲ့ဟင်းအိုးကိုအဖုံးဖယ်ပြီးချထားလိုက်ကြ… ပြီးရင်မောင်တိုးကဟောသည်ဖယောင်းတိုင်သုံးတိုင်ကိုအဲ့အရှေ့မှာထွန်းပေးကွယ်” “ဟုတ်ကဲ့ဘွား” ဘွားမယ်စိန်ခိုင်းစေသည့်အတိုင်းမောင်တိုးတို့က ဆောင်ရွက်ပေးကြသည်။ ဖယောင်းတိုင်များလည်းအသင့်ထွန်းပြီးသည်မို့ ဘွားမယ်စိန်က… “မောင်ရင်တို့ခပ်လှမ်းလှမ်းမှာနေကြပေတော့… သရဲမကိုဘွားရှေ့ခေါ်တော့မယ်” ဘွားမယ်စိန်သည်မောင်တိုးတို့အားသတိပေးလိုက်၏။ ဘွားမယ်စိန်စကားအတိုင်းပင်မောင်တိုးတို့သည်နောက်သို့ဆုတ်ခွာသွားကြပေသည်။

ဘွားမယ်စိန်သည်ကားတော့ ဖယောင်းသုံးတိုင်၏ အရှေ့ခပ်လှမ်းလှမ်းနေရာလေးမှသူ၏တောင်ဝှေးကိုကိုင်ဆောင်ကာမတ်တပ်အနေအထားဖြင့် ရှိနေခဲ့သည်။ ထိုသို့နေရင်း… “ဒုန်း…” “နှင်းမြိုင်…ညည်းဆီကိုငါရောက်လာခဲ့ပြီ… အခုဒီရှေ့ကိုလာခဲ့ပါ… နှင်းမြိုင်ရောက်တဲ့နေရာကနေလာခဲ့ပါ” ဟု…ကြမ်းပြင်ပေါ်သို့တောင်ဝှေးအားဆောင့်ချလိုက်ပြီးပြောလိုက်လေသည်။ ထိုသို့ပြောအပြီးတခဏအကြာ… “ဝေါ……….ဟူးးးးးးးးးး….” မည်သည့်အရပ်ကမှန်းမသိ တိုက်ခတ်လာသော လေများသည် အခန်းအတွင်းသို့ဝင်ရောက်၍ လာခဲ့သည်။ ထိုလေတို့ကြောင့်အခန်းအတွင်းရှိဖုန်များအမှိုက်များ လွှင့်စင်၍နေခဲ့ရာ မောင်တိုးနှင့်မောင်အုန်းတို့သည် မျက်စိများမှိတ်ထားကြရ၏။ ဘွားမယ်စိန်သည်ကား လက်ဖြင့်သူ၏မျက်နှာအားကာရံလို့ထားလေသည်။

တခဏအတွင်းတိုက်ခတ်သွားသောလေသည်ရုတ်ချည်းဆိုသလိုငြိမ်သက်၍သွားခဲ့၏။ လေငြိမ်သည်နှင့် ငြိမ်းသွားခဲ့သောဖယောင်းတိုင်များအား မောင်တိုးကမီးထွန်းပေးဖို့ရန်ဟန်ပြင်ရင်း… “ဘွား…ဖယောင်းတွေမီးထွန်းရမလား” မောင်တိုး၏အမေးကိုမဖြေခင် ရှေ့ရှိမည်းမည်းအရိပ်ကြောင့်ဘွားမယ်စိန်က လက်ကိုကာ၍ဟန့်တားလိုက်သည်။ ပြီးလေမှ… “သူရောက်နေပြီ…” ဟု…ပြောလိုက်လေသည်။ သို့သော်ဘွားမယ်စိန်ကြည့်သောနေရာဆီသို့ မောင်တိုးတို့နှစ်ဦးကြည့်ကြပါသော်လည်းမည်သည့်အရာကိုမှမတွေ့ကြရပေ။ ဘွားမယ်စိန်မြင်ရသည်က ဖယောင်းတိုင်သုံးတိုင်၏နောက်၌ ထိုင်နေသောမည်းမည်းအရာပင်။

ထိုသည်က ဆံပင်ဖျားလျားချပြီး ခါးကြီးကုန်းကာထိုင်နေသော သရဲမ ဒေါ်နှင်းမြိုင်ပင်ဖြစ်ပေသည်။ “ကဲ…နှင်းမြိုင် ညည်းရောက်လာပြီဆိုတော့ အဲ့မှာထမင်းနဲ့ဟင်း ညည်းစားဖို့ဒီအိမ်ပိုင်ရှင်ကပြင်ပေးထားတာ စားလိုက်ဦး……စား…စား……” ဟု… ဘွားမယ်စိန်ကဆိုလိုက်ရာ ချက်ချင်းပင် ထထိုင်၍ထမင်းနှင့်ဟင်းများကိုလောဘတကြီးစားသောက်တော့သည်။ “ဂျွတ်……ဂျွတ်……… ကြက်ရိုးများကိုပင်ဝါးစား၏။ ထိုအသံကိုတော့မောင်တိုးနှင့်မောင်အုန်းသေချာစွာ ကြားကြလေသည်။ ထိုမျှမကတစတစလျော့ပါးလာသောထမင်းနှင့်ဟင်းများကိုလည်းသူတို့မြင်ရ၏။ သရဲမဒေါ်နှင်းမြိုင်သည် စားသောက်နေရင်း သူ၏မျက်လုံးနီကြီးများဖြင့်ဝေ့ဝိုက်ကြည့်တတ်သေး၏။

ထမင်းနှင့်ဟင်းများပြောင်သလင်းခါသည်ကိုတွေ့ရသောအခါဘွားမယ်စိန်က… “ကဲ…စားလို့သောက်လို့လဲပြီးပြီဆိုတော့ ညည်းအကြောင်းပြောပေးတော့နှင်းမြိုင်” ဘွားမယ်စိန်စကားကြောင့် သရဲမနှင်းမြိုင်သည်သူ၏ခေါင်းအားငုံ့လိုက်ပြီး… “အီးးး…..ဟီးးး…..ဟီး……. ကျုပ်အကြောင်းကပြောရရင် ကျုပ်ဝမ်းနည်းလို့ပါတော်….အီး….ဟီးး…ဟီး…..ကျုပ်ကဒီအိမ်ကိုစွဲနေတာ….ကျုပ်အိမ်ကို ကျုပ်စွဲနေတာတော့……..အီးးး….ဟီးးးးး….ဟီးး…….” “အေး…ညည်းကဘာကိုစွဲရတာတုန်း အကြောင်း​ ရင်း ကိုသေချာပြောပြမှဘွားဘက်က ကူညီလို့ရမှာပေါ့နှင်းမြိုင်ရယ်” “ကျုပ်ဘဝရဲ့အရေးကြီးတဲ့အရာတစ်ခုက ဒီအိမ်မှာရှိနေတာ…အီး….ဟီး…..ဟီးးးးး….ကျုပ်ပိုင်တဲ့အရာလေးရှိနေလို့ ကျုပ်ဘယ်မှမသွားနိုင်ဘူး……သူတို့က ကျုပ်ကိုနှင်ဖို့ပဲသိကြတယ်တော် ……. ကျုပ်ကမသွားနိုင်ဘူး ဘွားရဲ့…….” “နားတွေတော့ရှုပ်ကုန်ပြီနှင်းမြိုင်ရယ်… ငိုတာရပ်ပြီးသေချာပြောစမ်းပါအေ့” ဘွားမယ်စိန်စကားကြောင့်သရဲမဒေါ်နှင်းမြိုင်ငိုတာရပ်သွားလေသည်။

ပြီးလေတော့… “ကျုပ်မကျွတ်ရတဲ့အကြောင်းကိုသိရဖို့ဆိုရင် ကျုပ်ဘဝအကြောင်းကိုဘွားကိုပြောပြမှဖြစ်မှာ…. အကြောင်းကဒီလိုပါဘွားရယ်………” ဇာတ်သိမ်း လွန်ခဲ့သောအနှစ်နှစ်ဆယ်ခန့်က ရွာသစ်ရွာ၌ နှင်းမြိုင်ဆိုသော မိန်းမချောမိန်းမလှတစ်ယောက်ရှိပေသည်။ နှင်းမြိုင်သည် အသက်သုံးဆယ်သာသာအရွယ်ဖြစ်ပြီး ရွာ၏ကွမ်းတောင်ကိုင်ပန်းတောင်ကိုင်တစ်ဦးပင်ဖြစ်သည်။ နှင်းမြိုင်မှာကား မိဘများမရှိကြတော့။ အဒေါ်ဖြစ်သူမိသားစုနှင့်သာအတူနေထိုင်ရလေသည်။ အဒေါ်ဖြစ်သူ၌သားတစ်ယောက်ရှိသည်။ ထိုသူ၏အမည်သည်ကား ငစိုးဟုခေါ်ကြ၏။ နာမည်စီး၍ပေလားမသိ ငစိုးသည် အရက်သမား ဖဲသမား တစ်ယောက်ဖြစ်သည်။

နှင်းမြိုင်နှင့်အဒေါ်ဖြစ်သူမှာသူများလယ်၌ပေါင်းသင်ပေါင်းနုတ်လိုက်ရပြီးဝင်ငွေရှာကြရသော်လည်း ငစိုးမှာကား နှင်းမြိုင်တို့ရှာဖွေရသမျှကိုသာယူ၍ သောက်စားပျော်ပါးလေသည်။ နှင်းမြိုင်၌ မိမိနှင့်ဘဝတူ မောင်တင်မောင် ဆိုသော ချစ်သူရှိ၏။ မောင်တင်မောင်သည်လည်း သူများလယ်ငှားဘဝဖြင့် ရပ်တည်နေသူပင်ဖြစ်သည်။ သို့သော် နှင်းမြိုင်တို့နှစ်ဦးသည် တစ်ဦးကိုတစ်ဦးသိပ်ချစ်ကြလေသည်။ နှစ်ကိုယ်တူဘဝထူထောင်ဖို့ရန်လည်းကြိုးစားနေကြရှာ၏။ “နှင်း…” “ဟုတ်ကဲ့အကို…” “ဒီမှာ… နှင်းအတွက် အကိုယူလာတာလေးကိုကြည့်ပါဦး” “အို…ပုလဲပုတီးလေးပဲ” “ဟုတ်ပါ့ဗျာ ဟိုတလောကမြို့တက်ရင်းကြုံလို့ နှင်းအတွက်ဝယ်လာခဲ့တာ…ဘယ်လိုလဲနှင်းသဘောကျရဲ့လား” “အကိုဝယ်ပေးတာဆိုဘာပဲဖြစ်ဖြစ်သဘောကျပါရဲ့ရှင်… ဒါပေမယ့်လေ ဒီပုတီးကုံးလေးတွေက မြို့ကြီးသူတွေလိုဝတ်ဆင်မှလှတာအကိုရဲ့” “အိုကွယ်…အကိုမျက်စိထံမှာတော့ဖြင့် နှင်းဟာ မြို့ကြီးသူတွေထက် အစပေါင်းများစွာလှသဗျာ…” “အကိုကတော့ပိုပြန်ပြီ…ဟင်း…ဟင်း……” “ဟုတ်သလား…။

အကိုကလိုသေးတယ်ထင်နေတာ နှင်းရဲ့” မောင်တင်မောင်ပြောသောစကားကြောင့် နှင်းမြိုင်ရယ်မောနေခဲ့သည်။ ချစ်ရသူပေးသော ပုလဲ ပုတီးလေးအား နှင်းမြိုင်ထိုနေ့မှစ၍ တယုတယဖြင့် သိမ်းဆည်းထားခဲ့လေသည်။ ************************* “ဟဲ့….နှင်းမြိုင် နင်နဲ့ဟိုအကောင်တင်မောင်နဲ့ ကြိုက်နေကြတယ်ဆို ဟုတ်သလားအဲ့တာ….. ညနေခင်းအရက်ဆိုင်မှပြန်ရောက်လာခဲ့သော ငစိုးသည် အိမ်ကွပ်ပျစ်၌ဆန်ထိုင်ရွေးနေသော နှင်းမြိုင်ကိုမေးလိုက်ခြင်းပင်။ “ဟုတ်တယ်လေ…အဲ့တာဘာဖြစ်တုန်း” “အောင်မာ…အောင်မာ….ဘာဖြစ်တုန်းဟုတ်သလား… နင့်ကိုငါက သူဌေးဦးဝမ်နဲ့လက်ထပ်ပေးဖို့ကြိုးစား နေတာလေ…ဒါကိုနင်က ဟိုမျက်နှာမွဲကိုလင်တော်ဖို့ကြိုးစားနေတယ်ပေါ့” “အို…ဒါနှင်းမြိုင်ရဲ့ကိစ္စပါ….ဒီအတွက် ကိုစိုးပြောတာကိုနှင်းမြိုင်လက်မခံနိုင်ဘူး” “ဘာ……နင်ကများ လူပါးဝလို့………” “ဖြန်း……..” “အမလေး………..” “ဟဲ့…..ဟဲ့……ဘာဖြစ်ကြတာတုန်း………သမီးနှင်းမြိုင်” “ဒေါ်လေး…….အဟင့်……အဟင့်…………” နှင်းမြိုင်ပြောလိုက်သောစကားကြောင့် ငစိုးသည် နှင်းမြိုင်၏ပါးအား ရိုက်ချလိုက်ခြင်းဖြစ်သည်။ ဆူညံသံတို့ကြောင့် အဒေါ်ဖြစ်သူအပြေးအလွှားရောက်ချိန်၌ နှင်းမြိုင်ဟာ ငိုရှိုက်လို့နေရှာသည်။

“ဟဲ့….ငစိုး နင် ငါ့တူမကိုဘာလို့ရိုက်ရတာတုန်း နွားရဲ့” “အမေ့တူမက လူပါးဝလို့လေ…ဘယ်နဲ့ အစ်ကိုဖြစ်သူကရွှေဘုံပေါ်ထိုင်ဖို့လုပ်ပေးနေတာကို နွားချေးတောကိုဆင်းချင်တယ်လေ အဲ့ဟာမက” “ဘာကိုရွှေဘုံပေါ်ထိုင်ဖို့လဲ… ကျုပ်အတွက်အဲ့တာတွေမလိုဘူး… အစ်ကို့ဘာသာသုံးချင်တာသုံး၊ဖြုံးချင်တာဖြုံးရဖို့ကျုပ်ကိုခုတုံးလုပ်နေတာလေ….အီး….ဟီး…….ဟီးးးး….ဟီး…..” နှင်းမြိုင်ဒေါသတကြီးပြောရင်း အဒေါ်ဖြစ်သူ၏ရင်ခွင်၌ငိုရှိုက်လိုက်လေသည်။ “အေး…ဒီမှာကြည့်နှင်းမြိုင်…ငါကလည်း လုပ်ချင်တာဆိုလုပ်ရမှကိုကျေနပ်တာဟ…နင်သာ ငါပြောစကားနားမထောင်ရင် ဟောသည်ဓားကနင့်အကောင်ရဲ့ ရင်ဘက်ကိုစိုက်ဝင်သွားလိမ့်မယ်ဆိုတာကိုတော့ နင်သိထားလိုက်” ငစိုး သူ၏ခါးကြား၌ ထိုးထားသောဓားတိုကို ထုတ်ကာ နှင်းမြိုင်အား ဒေါသတကြီးပြောလိုက်သည်။

ထိုအခါ အဒေါ်ဖြစ်သူက “ငါ့တူမကိုငါရအောင် ဖျောင်းဖျမယ် ငစိုး… နင်သာ မဟုတ်တာတွေမလုပ်နဲ့” “ဒါဆိုပြီးတာပဲအမေရာ…ကျုပ်ပြောတဲ့အတိုင်းမဟုတ်ရင်တော့ သိတဲ့အတိုင်းပဲ…ကျုပ်ဆိုတဲ့အကောင်အကြောင်းကိုမွေးထားတဲ့အမေကပိုသိမှာပေါ့ဗျာ” ဟု…ပြောကာငစိုးထွက်သွားလေတော့သည်။ “ဒေါ်လေး……..အီး….ဟီးးး…..ဟီး……. နှင်းမြိုင် ဘယ်လိုလုပ်ရမလဲဒေါ်လေးရယ်…….” “တူမလေးရယ်….ဒေါ်လေးလည်းမတတ်သာပါဘူးကွယ်…. နင့်အစ်ကိုအကြောင်းသိတယ်မလား…အဲ့အကောင်က အတော်မိုက်ရိုင်းနေတာ….သူပြောသလိုသာမဟုတ်ရင် ဒေါ်လေးတို့တွေအခက်တွေ့မှာကွယ့်” အဒေါ်ဖြစ်သူသည် နှင်းမြိုင်အားပွေ့ဖက်ကာ ငိုကြွေးနေရှာသည်။ သူသည်လည်းသားဆိုးသားမိုက်အားကြောက်ရသူတစ်ဦးပင်ဖြစ်၍နေ၏။

*************************** ထိုသို့ဖြင့်တစ်ပတ်မျှကြာလေတော့ရွာထဲ၌ မင်္ဂလာသတင်းတစ်ခုပျံနှံလို့နေလေပြီ။ ထိုသည်က သူဌေးဦးဝမ်နှင့်ကွမ်းတောင်ကိုင်အလှပဂေး နှင်းမြိုင်တို့၏ မင်္ဂလာဆောင်သတင်းပင်ဖြစ်ပေသည်။ ထိုသတင်းကို ကြားရသော မောင်တင်မောင်သည်လည်း နှင်းမြိုင်အား စိတ်အနာကြီးနာကာ ရွာမှထွက်သွားတော့၏။ နှင်းမြိုင်မှာကား ချစ်ရသူအတွက်ကော မချစ်မနှစ်သက်ရသူနှင့်ပေါင်းဖက်ရမည့်အရေးကြောင့် အတွက်ပါမစားနိုင်မအိပ်နိုင်ဖြစ်လို့နေရှာသည်။ ထိုကြားမှသူဌေးဦးဝမ်က မင်္ဂလာဆောင်ပြီးလျှင်နေဖို့ရန်အတွက် အိမ်အသစ်အား နှင်းမြိုင်စိတ်ကြိုက်ဆောက်လုပ်စေသည်။ နှင်းမြိုင်သည်လည်း မိမိချစ်သူနှင့် တိုင်ပင်ခဲ့ဖူးသော အိမ်ပုံစံအား စိတ်ထဲတွင်စွဲကာ ထိုပုံစံအတိုင်းပင်ဆောက်လုပ်စေခဲ့သည်။

အိမ်ဆောက်နေစဥ်မှာလည်း ထိုအိမ်ဆီသို့နှင်းမြိုင်မကြာခဏသွားတက်၏။ ထိုသို့သွားရခြင်းမှာလည်း ချစ်သူကိုလွမ်းဆွတ်လေးတိုင်း ချစ်သူပေးထားခဲ့သည့် ပုလဲပုတီးလေးကိုကိုင်ကာ ချောင်ကျကျထောင့်တတစ်နေရာတွင်မည်သူမှမသိအောင်ငိုကြွေးဖို့ဖြစ်ပေသည်။ ထိုသို့ဖြင့် နှင်းမြိုင်၏အိမ်သည်ဆောက်လုပ်ပြီးစီးချိန်၌ နှင်းမြိုင်၏လက်ထပ်ပွဲသည်မကြာမီရောက်ရှိတော့ပေမည်။ သို့သော် လက်ထပ်ပွဲရက်သို့မရောက်မီ နှင်းမြိုင်တစ်ယောက် ပိုးသတ်ဆေးများသောက်ကာ သေပွဲဝင်သွားခဲ့၏။ နှင်းမြိုင်ခမျာ ချစ်ရသူနှင့်ဝေးကွာရသည့်စိတ်…မချစ်မနှစ်သက်သူနှင့်အတူနေထိုင်ရမည်ဟူသောစိတ်တို့ကြောင့် ကိုယ့်ကိုယ်ကိုသတ်သေသွားခြင်းဖြစ်ပေသည်။ နှင်းမြိုင်သေဆုံးသွားသည်ဟုသော သတင်းကြောင့် သူဌေးဦးဝမ်လည်း ရွာမှပြောင်းရွေ့သွားတော့သည်။ ပတ်ဝန်းကျင်၏အမြင်၌ သူဌေးဦးဝမ်ကြောင့် နှင်းမြိုင်သေဆုံးရသည်ဟုထင်မြင်နေကြလေသည်။ ထိုသို့ နှင်းမြိုင်သေဆုံးပြီးနောက် နှင်းမြိုင်၏အိမ်အား သူဌေးဦးဝမ်က ရရာစျေးဖြင့်ရောင်းချခဲ့လေသည်။ ဝယ်ယူသူများနေထိုင်ကြသောအခါ သရဲမ နှင်းမြိုင်၏ခြောက်လန့်ခြင်းကိုခံကြရသည်ဟူသောသတင်းများထွက်ပေါ်လာခဲ့တော့သည်။

************************************ သရဲမနှင်းမြိုင်သည်သူ၏အကြောင်းများအား ဘွားမယ်စိန်အားပြောပြသွားလေသည်။ ဘွားမယ်စိန်သည် သူ၏တောင်ဝှေးကိုထောက်၍ ဟိုမှာသည်မှာ လမ်းလျှောက်ရင်း… “ဒီအိမ်ကိုစွဲရတဲ့အကြောင်းရင်းကဘာလဲနှင်းမြိုင်” “ကျုပ်ပုတီးလေးရှိနေလို့ပါ ဘွား” နှင်းမြိုင်၏စကားကြောင့် ဘွားမယ်စိန်စိတ်မကောင်းဖြစ်မိသည်။ “ညည်းအေ…ညည်းရဲ့ ဝဋ်ကလည်း ကြီးလိုက်တာနှင်းမြိုင်ရယ်” “ကျုပ်ကံပါလို့ပါဘွားရယ်…” “အင်း…ဒါဆို အဲ့ပုလဲပုတီးက ဒီအိမ်မှာရှိတယ်ပေါ့… အဲ့ပုလဲပုတီးကို ဘွားဖျက်စီးပစ်ပြီး ညည်းကိုလည်း ဒီဘဝကနေဘွားကယ်ပေးပါ့မယ်” “ကျေးဇူးတင်ပါတယ်ဘွားရယ်… ကျုပ်ရဲ့အစွဲလည်း ကျွတ်ချိန်တန်ပြီထင်ပါတယ်တော်” “ဟုတ်တာပေါ့အေ…ညည်းကိုယ်တိုင်ဒီလိုဘဝကြီးထဲနေရတာစိတ်ပျက်နေပြီမလား…ညည်းကျွတ်လွတ်ဖို့အလှုအတန်းကိစ္စတွေကို ဒီအိမ်ပိုင်ရှင်ကစီစဥ်ပေးပါလိမ့်မယ် နှင်းမြိုင်….။

အခု ပုလဲပုတီးရှိတဲ့နေရာကိုသာ ဘွားက်ိုပြောပြပါ” “ပုလဲပုတီးက ဒီအခန်းထဲမှာပါပဲ…ဟော…ဟိုနားကကြမ်းပြင်ကိုနည်းနည်းခွာလှန်လိုက်ရင်တွေ့ပါလိမ့်မယ်….” “သြော်…အေး…အေး…..မောင်တိုးရေ…. လာပါဦးကွယ်…ဟောသည်နားကကြမ်းပြင်ကိုနည်းနည်း ထိုးကလန့်ပေးစမ်း ဘွားကို” “ဟုတ်ကဲ့ဘွား……..” မောင်တိုးသည် သူ၏ခါးကြား၌လိုရမယ်ရယူဆောင်လာခဲ့သော ဓားတိုလေးဖြင့်ကြမ်းခင်းအားထိုးကလန့်ပေးလေသည်။ ကြမ်းသည်လည်းဟောင်းနေပြီမို့လွယ်ကူစွာကျိုးပဲ့သွား၏။ “မီးတုတ်လေးယူပြီးအောက်ကိုသေချာကြည့်နှိုက် မောင်တိုး…အဲ့နေရာမှာ ပုလဲပုတီးလေးကိုရှာ” ဘွားမယ်စိန်ပြောသည့်အတိုင်းမောင်တိုးရှာဖွေသည်။ ခဏမျှရှာဖွေပြီးနောက်…….. “ဒါမှတ်လားဘွား……..” မောင်တိုးသည်သူ၏လက်အတွင်းပါလာခဲ့သောမဲညစ်နေသောပုလဲပုတီးလေးကို ဘွားမယ်စိန်မြင်စေရန်မြှောက်ပြလေသည်။ ထိုအခါ ဘွားမယ်စိန်က သရဲမနှင်းမြိုင်အားကြည့်လိုက်လေရာ သရဲမ နှင်းမြိုင်က ဝမ်းသာအားရခေါင်းငြိမ့်ပြလေသည်။ ထိုပုလဲပုတီးအား ဘွားမယ်စိန် မှ သူ၏ပုဝါလေးထဲထည့်ကာသိမ်းလိုက်တော့သည်။

ပြီးလေတော့… “ဒါဆို ဘွားရဲ့လာရင်းကိစ္စပြီးပြီနှင်းမြိုင် ဒီပုလဲပုတီးကို ဘွားယူသွားတော့မယ်။ ဒီအိမ်ပိုင်ရှင်ကိုလည်းမှာခဲ့မယ်….ညည်းအတွက်ဒီအိမ်ပေါ်မှာပဲအလှူအတန်းလုပ်ပေးဖို့ပေါ့……။ တစ်ခုက ဘယ်သူ့ကိုမှညည်းမခြောက်လန့်နဲ့တော့နှင်းမြိုင် ညည်းဒီဘဝကနေကျွတ်လွတ်ဖို့အချိန်ရောက်ပြီအေ” “ဟုတ်ကဲ့….စိတ်ချပါဘွား………..” “အေး.. အေး….ကဲ မောင်ရင်တို့ ပစ္စည်းတွေသိမ်းပြီးပြန်ကြတာပေါ့ကွယ်” “ဟုတ်ကဲ့ဘွား” သရဲမနှင်းမြိုင်ကအရင်ပျောက်ကွယ်သွားခဲ့သည်။ ဘွားမယ်စိန်လည်းစိတ်ချသွားခဲ့ပြီးပြန်ဖို့ပြင်ကြတော့သည်။ ခြံဝိုင်းထဲရောက်တော့ စောင့်ဆိုင်းနေကြသည့် ဦးရင်မောင်နှင့် သူကြီးဦးမျိုးသစ်တို့ကိုတွေ့ကြရသည်။ ထိုအခါဘွားမယ်စိန်က……….. “မောင်ရင်မောင်ရေ….ဒီအိမ်ကိုမောင်ရင်စျေးပေါပေါနဲ့ဝယ်လိုက်ရတာဒါမောင်ရင်နဲ့ထိုက်လို့ပဲ…အခု ဘွားက နှင်းမြိုင်ကိုသေချာမှာခဲ့တယ်….မောင်ရင်တို့ဘက်က ဒီအိမ်မှာသူ့အတွက်ရည်စူးပြီးအလှူအတန်းလုပ်ပေးဖို့ပဲလိုတော့တယ်ကွယ်” “စိတ်ချပါဘွား….ကျုပ်တို့သူ့အတွက်ရည်စူးပြီး လှူဒါန်းပေးပါ့မယ်….အခုလိုအဆင်ပြေသွားအောင်ကူညီပေးတဲ့ဘွားကိုကျေးဇူးတင်ပါတယ်ဗျာ……….” ထိုသို့ဖြင့် ဘွားမယ်စိန်တို့သည်ဦးရင်မောင်၏အိမ်သို့ပြန်လာခဲ့ကြ၏။

ညသန်းခေါင်ပင်ရောက်နေပြီမို့ ဦးရင်မောင်အိမ်၌သာညအိပ်လိုက်ကြရသည်။ နောက်တစ်ရက်မနက်၌ ဘွားမယ်စိန်တို့ပြန်ဖို့ပြင်ဆင်လေ​ရာ ဦးရင်မောင်တို့လင်မယားမှ ဘွားမယ်စိန်အား ငွေများဖြင့်ကန်တော့လေသော်လည်း ဘွားမယ်စိန်ကမယူခဲ့ပေ။ နောက်ဆုံးဦးရင်မောင်တို့လည်းလက်လျော့ကာ ဘွားမယ်စိန်အတွက်ဆန်နှင့်ဆီများလက်ဆောင်ထည့်ပေးကြလေသည်။ အတူလိုက်ပါလာသော မောင်တိုးနှင့်မောင်အုန်းကိုလည်း မုန်ဖိုးများ ပေးလိုက်ကြသေး၏။ အဲ့သည်နောက်မှာ​တော့ ဘွားမယ်စိန်တို့ရွာသို့ပြန်သွားကြတော့သည်။ သောင်ထွန်းရွာသို့ရောက်လေတော့ ဘွားမယ်စိန်သည် အိမ်သို့တန်းမပြန်သေးပဲ…သင်္ချိုင်းကုန်းသို့သွားကာ ပုလဲပုတီးလေးအား သင်္ချိုင်းမြေ၌ မြုပ်နှံလိုက်တော့လေသည်။ နောက်ဆုံး၌ သရဲမနှင်းမြိုင်တစ်ယောက် ဦးရင်မောင်တို့၏အလှူ၌သာဓုခေါ်ကာကျွတ်လွတ်သွားခဲ့ရှာသည်။ ပြီးပါပြီ……..။ စာဖတ်သူတို့လည်း နှင်းမြိုင်လိုဘဝမျိုးနဲမကြုံကြရဘဲ ချစ်သောသူနဲ့သာပေါင်းဖက်ကြရပါစေရှင်။ ယဥ်မင်း(ကန့်ဘလူ)

Be the first to comment

Leave a Reply

Your email address will not be published.


*