အကြွေပန်း(စ/ဆုံး)

အကြွေပန်း(စ/ဆုံး)

ပျဥ်းမနားဘူတာသို့ ရထားတစ်စီး ဆိုက်ရောက် လာသောကြောင့် ခရီးသည်များနှင့် စျေးသည်များ ရောနှောလျှက် အလုအယက် တတ်သူကတတ် ဆင်းသူကဆင်းဖြင့် မနက်ခင်းသည် သက်ဝင်လှုပ် ရှားလျှက်။ “..ဟော့ဒီက…..ဖရဲသီး….အစ်မကြီး….ဖရဲသီးစိတ် စားဦးမလားရှင့်…” ဖရဲသီးစိတ်ဗန်း ခေါင်းပေါ်ရွက်လျှက် မမှီမကမ်း နှင့် စျေးရောင်းနေရသူမှာ “မိအေး”ဆိုတဲ့ အသက်၁၃နှစ်အရွယ် ကောင်မလေးပါ သနပ်ခါး ကို ဖုန်နေအောင်လိမ်း ဆံပင်ကို နှစ်ဖက်ခွဲစီးထား သောကြောင့် အလွန်ပင် ချစ်စရာကောင်းလှသည်။

ရထားတစ်စီး ပြန်ထွက်သွားတော့ နောက်တစ်စီး စိုက်လာရင် ရောင်းရဖို့အတွက် ဖရဲသီးများ ခွဲထား ရမှာမို့ ဘူတာနှင့် သိပ်မဝေးသော အိမ်ကိုပြန်ရလေ သည်။ “….ဟဲ့….သမီး….ရောင်းကောင်းလား…” အမေဖြစ်သူ ဒေါ်ကြော့၏ အမေးကြောင့် ခေါင်းပေါ် မှ ဖရဲသီးဗန်းအား အိမ်ရှေ့ကွပ်ပစ်ပေါ် တင်လိုက်ပြီး။ “….ကောင်းပါတယ်အမေ….ဒီနေ့က…တနင်္ဂနွေ ဆိုတော့….ဝန်ထမ်းတွေအတွက်….ပိုရောင်းရတယ်.. ….အခုဖရဲသီးက…နည်းနေလို့….လာထပ်ယူတာပါ..” ကွပ်ပစ်ပေါ် ဖရဲသီးခွဲစိတ်ပြီးနောက် အိမ်ထဲသို့ ရေတစ်ခွက် ဝင်သောက်တော့ အိပ်ယာထဲလဲနေ သော အဖေက လက်ဟန်ခြေဟန်ဖြင့် သူ့အနားကို ခေါ်နေလေသည် ဦးချစ်ငွေတစ်ယောက် လေဖြတ်ခဲ့တာ ၃နှစ်ကျော်ခဲ့ပြီဖြစ်သည် ကလေး နှစ်ယောက်၏ ဖခင်ဖြစ်ပြီး သမီးအကြီးနဲ့မောင်လေး နဲ့ အခုသမီးလတ်ဖြစ်တဲ့ မိအေးတို့ပင် ဖြစ်ကြသည်။

“….အဖေ….ဘာဖြစ်လို့လဲ…” မိအေးက ဖခင်ဖြစ်သူ ဦးချစ်ငွေအနား ကပ်ထိုင် လိုက်ပြီး မေးတော့ စကားမပြောနိုင်သူမို့ သမီး၏ လက်တစ်ဖက်ကို နွေးထွေးစွာ ဆုပ်ကိုင်လိုက်ပြီး နောက် မေးငေါ့ပြနေသည်မို့ မိအေးသဘောပေါက် လိုက်ပါသည် မိအေးကို အဆင်ပြေရဲ့လားလို့ အဖေ မေးနေခြင်းပင် မဟုတ်ပါလား။ “….ပြေပါတယ်အဖေ….စိတ်မပူနဲ့နော်…သမီးက…. …ဒီဘူတာနားမှာပဲရောင်းတာပါ…..ဘယ်မှမသွား ဘူး…..စိတ်ချနော်…..ပြန်လာရင်…အဖေ့အတွက် ….ဆေးဝယ်လာခဲ့မယ်နော်…” ဦးချစ်ငွေ သမီးလက်ကို ဆုပ်ကိုင်ထားရင် မျက်ရည်က ကြလာသည်မို့ မိအေး ပခုံးပေါ်မှ တဘက်ကိုယူကာ အဖေ့မျက်ရည်ကို သုတ်ပေး ရင်း မိအေးလဲ ငိုနေမိပါသည် လေက တစ်ခြမ်းထဲ ဖြတ်ထားတာဖြစ်လို့ လက်တစ်ဖက်ကတော့ လှုပ် ရှားလို့ ရနေပါသေးသည်။

မိသားစုရဲ့ ဝန်ထုပ်ဝန်ပိုးတွေကို ထမ်းပိုးရင်း မိအေး စာလဲ ကောင်းကောင်းမတတ်ခဲ့ပါ အစ်မဖြစ်သူက အိမ်ထောင်ကြသွားခဲ့ပြီမို့ ရှိသမျှ တာဝန်တွေဟာ မိအေး ခေါင်းပေါ်မှာပါ အမေက စျေးရောင်းကူလို့ အဖော်ရပေမယ့့် နေ့တိုင်းတော့ မခေါ်ဖြစ်ခဲ့ အဖေ့့ နားမှာ လူမရှိလို့ မဖြစ်ဘူးလေ ဒီလိုနဲ့ မိအေးအသက် ၁၅နှစ်လောက်မှာ အဖေဖြစ်သူ ဦးချစ်ငွေ ဆုံးပါး သွားခဲ့သည် မုတ်ဆိုးမဖြစ်သွားတဲ့ အမေနဲ့အတူ စျေးရောင်းရင်း ဘဝကို ကြမ်းကြမ်းတမ်းတမ်း ဖြတ်သန်းခဲ့ရပါသည်။ “…မိအေး…” အနောက်မှခေါ်သံကြောင့် မိအေးလှည့်ကြည့်လိုက် တော့ ဘူတာမှ ကုန်ထမ်းသမားဖြစ်တဲ့ “လှမိုး”ပင် ဖြစ်နေတော့သည်။

“…..ရှင်…..” လှမိုး ပတ်ဝန်းကျင်အခြေအနေကြည့်ကာ မိအေး အနားသို့ ကပ်လာပြီး။ “…ငါတောင်းထားတဲ့….အဖြေပေးတော့လေ…” မိအေးသက်ပြင်းချကာ။ “…လှမိုးရယ်….ငါတို့က….ငယ်ပါသေးတယ်… ….နင်အရူးမထချင်စမ်းပါနဲ့…” မအေးက မည်မျှပင် ဖြောင့်ဖြစေကာမူ လှမိုးက တော့ မိအေးဆီက အဖြေရဖို့ကိုသာ ဇွတ်တရွတ် တောင်းဆိုနေလေ၏ ဆယ်ကျော်သက်ဖြစ်တဲ့ မိအေးကလဲ ကိုယ်နဲ့ ဘဝကိုအတူရုန်းကန်နေတဲ့ ငယ်သူငယ်ချင်းတွေမို့ တိမ်းညွတ်မိသော စိတ်ဖြင့် ကြာကြာ မငြင်းဆိုနိုင်ခဲ့ပါ။

ချစ်သူတွေဘဝမို့ အလုပ်တူလုပ်ကြရင်း အပူအပင်ကင်းကင်းကင်းနဲ့ လှမိုးက သူမကို အမြဲ ပျော်ရွှင်အောင် ထားခဲ့ပါသည် တစ်နေ့တော့ မိအေးတို့အိမ်မှာ မိသားစုပြသနာတွေကများ စီးပွားရေးက အဆင်မပြေနဲ့ အရာရာကို အရှုံးပေး လိုက်ဖို့ မိအေး စဥ်းစားနေတဲ့ အခိုက် လှမိုးကလဲ ဒီနေ့မှ အပေါင်းအသင်းများနဲ့ သောက်စားပြီး မူး လာခဲ့သည်။ “…မိအေး…..ဘာဖြစ်လို့လဲဟ…နင်စိတ်ညစ်နေလား.. …ငါရှိတယ်နော်…နင်ဘာပဲဖြစ်ဖြစ်….ငါ့ကိုပြောပါဟာ…” အမှောင်ရိပ်ထဲ ဘူတာမှ ကုက္ကိုပင်ကြီးအောက် လှမိုး နှင့်မိအေးတို့နှစ်ယောက် ချိန်းကာ စကားပြောနေခြင်း ပင်ဖြစ်သည် အချိန်လင့်နေပြီဆိုပေမဲ့ အမှားအမှန် မချင့်ချိန်နိုင်သေးသော မိအေးကတော့ သူ့ရဲ့ အဆင် မပြေမှု့တွေ စိတ်ဖိအားတွေအတွက် အားကိုးချင်၏ ဆယ်ကျော်သက် အရွယ်လေးမို့ မှားသည်မှန်သည် သူမ မသိပေ။

“…ငါ…ငါ….စိတ်ညစ်တယ်….လှမိုးရာ…” ….စိတ်မညစ်ပါနဲ့ဟာ….နင့်အနားမှာ…..ငါရှိနေတာပဲ ….ငါနင့်အရှေ့ကနေ….ကာကွယ်ပေးမှာပါဟာ…” ကြည်နူးစရာ ချစ်သူ၏ စကားကြောင့် မိအေးရဲ့ ခေါင်းကလေး သူ့ရင်ခွင်ထဲ တိုးဝင်လျှက် အရက် တန်ခိုး​နဲ့ မရိုးသားသော လှမိုးရဲ့ အထိအတွေ့ အောက်မှာ မိအေး ယုန်သူငယ်ဘဝ ရောက်ခဲ့ရပါ တော့သည်။ “…အဟင့်……ဟင့်…” “…မငိုပါနဲ့ဟာ…အချိန်လဲ…မရှိတော့ဘူး….ငါတို့ ခိုးပြေးကြရအောင်နော်…” ထိုစကားကြားရတော့ မိအေး ဝမ်းသာကျေနပ်သွား၏။ “…နင်…..နင်တစ်ကယ်ပြောတာနော်…..လှမိုး…. ….တစ်ကယ်ပေါ့ဟ….လာ…ငါ့အဒေါ်တွေဆီ…. ….သွားကြမယ်…” အမှောင်ရိပ်ထဲ တွန့်ကြေနေသော အဝတ်အစားတို့ ကို သေချာဆန့်ကာ ချစ်သူလက်ကိုဆွဲရင်း ဘဝခရီးလမ်းအစကို လျှောက်လှမ်းခဲ့ကြသည်။

လှမိုးနဲ့ ခိုးရာလိုက်ပြီနောက် ထုံးစံအတိုင်း နှစ်ဖက်မိဘများဖြင့် အခြေခံလူတန်းစားခြင်းမို့ မင်္ဂလာဆွမ်းကျွေးရုံမျှဖြင့် လက်ထပ်ထိမ်းမြား ခဲ့ကြသည် ယူကာစတော့ လှမိုးဟာ အင်မတန် အလုပ်လုပ်ပြီး မိန်းမအပေါ် တအားသိတတ်ခဲ့ပါ သည် မိအေးကလဲ ငယ်ရွယ်သူမို့ လှမိုး၏ အထိ အတွေ့ကြား သာယာပျော်ဝင်လျှက် ငယ်ငယ်ရွယ် ရွယ်နှင့် ကိုယ်ဝန်ဆောင်ကာ ဗဟုသုတကလဲ နည်း ပါး စာကလဲ ကောင်းကောင်း မတတ်သူမို့ ကလေး မရအောင် တားရမှန်းလဲ သူမ မသိခဲ့ပါ ဒီလိုနဲ့ အသက်၂၄နှစ်အရွယ်မှာပင် ကလေး၃ယောက်ကို မွေးခဲ့ရလေ၏။

ကလေးတွေများလာတော့ လှမိုးတစ်ယောက် အရင်လို မဟုတ်တော့ သောက်စားမူးယစ်လာသည် မိန်းမရှုပ်လာခဲ့ပြီး မိအေးကိုလဲ အိမ်စရိတ် ပုံမှန် မပေးတော့ပဲ ထင်တိုင်းကြဲနေခဲ့သည် ဒီလိုနဲ့ ၄ယောက်မြောက်ကလေးကို မွေးဖွားပြီးကာစ ကလေး နှစ်လသားအရွယ်မှာပဲ လှမိုးတစ်ယောက် နောက်မိန်းမဖြင့် ပျောက်ခြင်းမလှ ပျောက်သွားခဲ့ လေတော့သည်။ မိအေးမှာ နှစ်လအရွယ် ကလေးနှင့် ကျန်ကလေး သုံးယောက်ကိုပါ သွေးနုသားနုနှင့် အရပ်ထဲ အဝတ် လိုက်လျှော် ခိုင်းတာလုပ်ပေးဘဝနဲ့ ရှာဖွေး​ကျွေးရင်း နောက်ဆုံးမှာတော့ မိအေး၏ မိခင်ဖြစ်သူ၏ အိမ်သို့ ပြန်ရောက်သွားကာ အမေရယ်မောင်လေးရယ် အစ်မ လင်မယားရယ် စုပေါင်းနေထိုင်ခဲ့ကြသည် အခြေအနေက မိအေးနှစ်ခါနာ ဆိုသလို မိအေး အတွက် အားကိုးရာ မရပဲ အလုပ်မရှိသော အမေနဲ့ ကျန်လူများကိုပါ ရှာကျွေးရပြန်၏ ကလေးတွေရဲ့ ပညာရေး ကျမ်းမာရေး အိမ်စရိတ်တွေက မိအေး အဝတ်လျှော်ရုံမျှဖြင့် မလောက်ငှ နိုင်တော့ပေ။

“….ဟဲ့မိအေး…” မိအေး အဝတ်လာလျှော်ပေးရသော အိမ်ရှင် မနေခြည်က မိအေးအား ခေါ်လိုက်ခြင်းကြောင့် လျှော်လက်စ အဝတ်များကို ချထားခဲ့ပြီး။ “..ဟုတ်ကဲ့…..ပြောလေ….မနေခြည်…” မနေခြည်က ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်လိုက် ပြီနောက် အနားသို့ကပ်ခါ လေသံတိုးတိုးဖြင့်။ “….ညည်းကိုကျုပ်ပြောမလို့….ညည်းကြည့်ရတာ …..မိသားစုအကြီးကြီးကို….တစ်ယောက်ထဲ…ရုန်း ကန်ကျွေးနေရတာ…..ပင်ပန်းလွန်းပါတယ်ဟယ်….. ….ငါက….ညီအစ်မလိုခင်လို့….ပြောတာနော်…” “….ဟုတ်ကဲ့….မနေခြည်…” မိအေးအသာခေါင်းညိတ်ပြတော့ မနေခြည် ဆက်ပြောလာသည်။

“….ဘယ်သူမှ…..မသိစေနဲ့…အခု…ငါလုပ်နေတဲ့….. ….KTVမှာ…..ညည်းလိုက်လုပ်ပါလား….ပိုက်ဆံက ရေရေလည်လည်ရတာနော်…..ငါတောင်အဲ့ဒီအလုပ် နဲ့…..အဆင်ပြေနေတာ…” မိအေး ခေတ္တမျှ ငြိမ်သက်သွားပြီးနောက်။ “….ကျွန်….ကျွန်မ….စဥ်းစားပါရစေ…..မနေခြည်…” ထိုသို့ပြောပြီး မိအေး လှည့်ထွက်လာခဲ့သည် အိမ်ရောက်တော့ မနေခြည်ပြောတာကို စဥ်းစားတော့ ကလေးတွေနဲ့ မိသားစုကလဲကြီး စားဝတ်နေရေးက ဘယ်လိုမှ အဆင်ပြေနိုင်တော့ပါ မိအေးမှာ ရွေးချယ် စရာ မရှိတော့ပြီမို့ ခေါင်းအုံးထက် မျက်ရည်ကို အဖော်ပြုရင်း မိမိအား အခုလိုဘဝမျိုးမှာ ထားခဲ့ရက် တဲ့ လှမိုးကို သူမ စိတ်နာနေမိပါတော့သည်။

KKTV ဆိုသည့်အတိုင်း လာသမျှလူတွေက စားတော့ဝါးတော့မယ့်အတိုင်း တစ်ချို့က မူး လာရင် ထိန်းမရပေ မိအေးကလဲ ရုပ်ရည်လေးရှိသူ မို့ စားဘဲကြီးတစ်ချို့က ​ချောင်းမြောင်းနေကြ၏ ဒီလိုနဲ့ ငွေလွယ်လွယ်ရလာသော မိအေးမှာ အလွယ် လမ်းကို မျက်စိစုံမှိတ် လိုက်ခဲ့သည် လမ်းပေါ်က ညတွေဟာ မိအေးအတွက် သန်းခေါင်အပြင် ညဥ့် မနက်ခဲ့ပါ။ “..ဟဲ့….မိအေး…” “….ရှင်…မနေခြည်…” မျက်နှာထားတင်းတင်းဖြင့် မိမိအား လှမ်းခေါ်သော မနေခြည်အနား မိအေး တိုးကပ်သွားသည်။

“…မိအေး….ညည်းလုပ်နေတာတွေကို….ငါသိတယ် နော်….ညည်းရပ်တန်းကရပ်တော့…..ညည်းပျက်သွား လိမ့်မယ်….ညည်းကို….ဒီလိုဘဝမျိုးနဲ့….ငါမြင်ချင် ခဲ့တာ…..မဟုတ်ဘူး….အမိုက်မရဲ့…” မနေခြည်က ညီအစ်မလိုချစ်သော ဂရုဏာ ဒေါသဖြင့် ပြောနေမှန်း မိအေးသိပါသော်လဲ မတတ်နိုင်တော့ပေ။ “…အစ်မရယ်….ဒီလိုမိသားစုကြီးကို…ညီမမှ… …မထောက်ပံ့ရင်….ဘယ်လိုလုပ်ကြမလဲ… ….အစ်မတို့လင်မယားကလဲ….အလုပ်မရှိ…. ….ကလေးတွေက…ကျောင်းနေရမယ့်အရွယ်ရောက် လာပြီ….မောင်လေးကလဲ….သောက်စားဆေးချ….. ….ညီမမှာ…ရွေးချယ်စရာ…မရှိလို့ပါ…အဟင့်…ဟင့်” မိအေး၏ ဘဝသည်မှာ သူပြောသလိုမျိူး ဖြစ်နေ တာမို့ မနေခြည် မိအေးကိုဖက်ကာ နှစ်ယောက်သား ငိုမိခဲ့ကြပါတော့သည်။

မိအေး ထိုအလုပ်ကိုလုပ်ပြီး နောက်ဆုံးမွေးခဲ့သော ကလေးလေး တစ်နှစ်ကျော်လောက် ရောက်တဲ့အခါ ရုတ်တရက် မိအေးမှာ ကိုယ်ဝန် ရလာခဲ့လေပြီ ကံဆိုးသူမိအေးကတော့ ပတ်ဝန်းကျင်မှာ ယောကျ်ား မရှိပဲ ဗိုက်ကြီးတယ်လို့ လက်ညိုး ထိုးမှာကို ကြောက် တဲ့စိတ်ကြောင့် အရပ်လက်သည်များဖြင့် ကိုယ်ဝန်ကို တိတ်တိတ်လေး ဖျက်ချပါတော့သည် အရပ်လက်သည်က မကျွမ်းကျင်ကျင်လို့လားမသိ ကိုယ်ဝန်မှာ ပျက်မကြပဲ အထဲ၌ကျန်နေကာ မိအေး ဒုက္ခရောက်လေပြီ။ ဒီနေရာမှာ စာရေးသူ ကျွန်တော်လေလွင့်လူ(တွံတေး) ၏ အခန်းကဏ္ဍပါလာခဲ့ပါပြီ မိအေးဆိုသူမှာ ကျွန်တော်နှင့် အိမ်နီးနားခြင်းဖြစ်ပြီး ခင်မင်ရင်းနှီးသူ လဲဖြစ်သည် မကြာခဏဆိုသလို အရင်င်က စာရေးသူ ကျွန်တော်တို့အိမ်မှာ အဝတ်လာလျှော်တတ်သော ကောင်မလေးဖြစ်သောကြောင့် ရင်းနှီးနေခြင်းဖြစ်၏ အမြဲလိုလို ပြုံးနေတတ်ပြီး ဖော်ရွေသော မိန်းကလေး ပင်ဖြစ်သည် ။

မိအေးတစ်ယောက် နေမကောင်းဘူးကြားတော့ အတွေ့အကြုံမရှိသော ကျွန်တော်က သာမန်ဖျားနာ တယ်ထင်ပြီး ဆေးရုံတင်ဖို့ ငွေစိုက်ထုတ်ခါ ပို့ပေးဖို့ လုပ်ပေမယ့် မိအေးကတော့ အကြိမ်ကြိမ် ငြင်းနေ ခဲ့သည် အဘယ့်ကြောင့် ငြင်းလဲ စာရေးသူ ကျွန်တော် မသိပေမယ့် အိမ်နီးနားခြင်းမို့ သူဝေဒနာခံစားရပြီး ညဘက်လူခြေတိတ်ချိန် ညည်းငြူနေတဲ့အခါ ကျွန်တော်ကလဲ စာရေးသူမို့ ညဘက်စာရေးနေချိန် တွေဆို အမြဲကြားနေရသောကြောင့် စိတ်မချမ်းသာ နိုင်ပါ။ “….ဟဲ့….မိအေး….ညီမလေး….နင်ဆေးရုံသွားပါဟာ… ….ငါအကုန်အကျခံပါ့မယ်….နင့်ကြည့်ရတာ… …အခြေအနေမဟန်ဘူးနော်….မွဲခြောက်ပြီး….နံစော် နေပြီ….ငါ့ကိုအားမနာပါနဲ့ဟာ….ငါတို့က…အိမ်နီး နားချင်းမောင်နှမတွေပဲ…..နင်သွားလိုက်ပါဟာ…” မိအေး ငိုမြဲငိုလျှက်။ “….ကျေးဇူးတင်ပါတယ်….အကို….မိအေး…မသွား ချင်လို့ပါ….ပျောက်သွားမှာပါ….အကိုတို့…အရမ်း လဲ….စိတ်မပူကြပါနဲ့….” ကျွန်တော် မည်မျှပင်ပြောသော်လဲ မိအေးက လက်မခံခဲ့ပါ တစ်ညတော့ ည၇နာရီလောက် ရှိပြီ မိအေးတစ်ယောက် ဘယ်လိုမှမရတော့ ရုန်းကန် အော်ဟစ်နေလေပြီ ကျွန်တော်သွားမေးချင်ပါသော် လဲ သူလက်ခံမည်မဟုတ် ထို့ကြောင့် ထမင်းမစားရ သေးသော သူ့ရဲ့ ကလေးလေးတွေကို စာရေးသူ ကျွန်တော်အိမ်မှာ ထမင်းခေါ်​ကျွေးရင်း သူ့အမေနဲ့ သူ့အစ်မကို အိမ်သို့ခေါ်ကာ ညတွင်းခြင်း ဆေးရုံတင် ပေးဖို့ ကျွန်တော်တို့ မိသားစု ပြောခဲ့သော်လဲ အချည်းအနှီးသာ ဒီလိုနဲ့ မနက် ၇နာရီလောက်မှ မိအေးကို မဖြစ်မနေဆေးရုံတင်လိုက်ကြပါတော့သည်။

ဒီနေ့ ကျွန်တော် အလုပ်မသွားဖြစ် ခါတိုင်းဆိုရင် ပျံကြစျေးမှာ ငါးရောင်းနေသော အမေနဲ့အစ်မကို ဒီအချိန် သွားကြိုဆိုင်သိမ်းပေးနေကြပါ ဒီနေ့မှ ခေါင်းထဲ သိပ်မကြည်တာနဲ့ မသွားဖြစ်ခဲ့ပါ။ “…ဘာ….မိအေးဆုံးပြီ….ဟုတ်လား…” အံ့သြဝမ်းနည်းခြင်းတွေနဲ့ အတူ ကျွန်တော် ရင်ဘက် ကိုလက်နဲ့ဖိထားရင်း။ “….ဖြစ်ရလေ….မိအေးရယ်….ကံဆိုးလိုက်တာဟာ…” ပါးစပ်က ရေရွတ်မိရင်း ထိုင်ချလျှက် ကျွန်တော် ရင် ထဲ ဆို့နင့့်လျှက် အိမ်ခြင်းက ကပ်လျှက်မို့ ဟိုဘက် အိမ်မှ မိအေး၏ ကလေးများ ငိုသံက ကျွန်တော်ရင် ထဲကို စူးရှနာကျင်စေပါသည် ဘာကြောင့်မှန်းမသိ သနားတတ်သော ကျွန်တော်သည် ထိုအဖြစ်မျိုးနဲ့ ကြုံတဲ့အခါ ယူကြုံးမခဲ့ပါ မိမိမှာ ဆေးရုံတင်ပေးဖို့ ကူညီပါသော်လဲ လက်မခံခဲ့သော မိအေး အခုတော့ ကလေးတွေကို ထားခဲ့ပြီး သူလောက်ကကြီးထဲက ထွက်သွားရှာလေပြီ။

ညနေ ၂နာရီလောက်ရောက်တော့ မိအေးအလောင်း ကို ဆေးရုံကားဖြင့် သယ်လာကြပြီး သူတို့အိမ်ရှေ့ ကုတင်ပေါ်၌ တင်ထားသည့့်အတွက် စာရေးသူ ကျွန်တော်တို့ အိမ်က ခြေတံရှည် အမြင့်မို့ လှမ်းမြင် နေရသည်ည်က ပို၍ ရင်ထဲမှာ မကောင်းပါ ကလေးတွေရဲ့ ငိုသံသည်လဲ ဆူညံလျှက် ဘာလုပ်ပေးရမလဲ မသိတော့ပါဘူး မိအေးရယ်။ မိအေးအလောင်းက မသေခင်ထဲက နံနေသည့် အတွက် နေ့ခြင်းပင် သင်္ဂြိုလ်ဖို့ လုပ်ကြရလေသည် ကျွန်တော်လဲ မိအေး အသုဘကို ဝိုင်းကူလုပ်ရင်း ညနေ၆နာရီ ဝန်ကျင်လောက်မှာ သင်္ချိုင်းသို့ ပို့ဆောင် ကာ မြေမြုပ် သင်္ဂြိုလ်လိုက်ကြပါတော့သည် မိအေးအခေါင်း မြေဖို့ပြီးတော့ သင်္ချိုင်းကို ကျောခိုင်း ကာ စိတ်မကောင်းခြင်းများစွာဖြင့် လှည့်ပြန်ရင်း ငြိမ်းချမ်းရာအရပ်ကို သွားလေဦးတော့ မိအေးရေ။

မိသားစုအပေါ် ဘဝနဲ့ရင်းပြီး သိတတ်ခဲ့သူ သားသမီးတွေအပေါ် ဘဝနဲ့ရင်းပြီး တာဝန်ကျေ ပြွန်ခဲ့သူ တာဝန်ယူမှု့ ကင်းမဲ့သော လူတိရိန္ဆာန်တွေရဲ့ သား ကောင်ဖြစ်ခဲ့ရသူ ဘဝကို ခက်ခဲပင်ပန်းစွာရုန်းကန်ရင်း ငယ်ငယ်ရွယ် ရွယ်နဲ့ လောကကြီးထဲက ထွက်သွားခဲ့ရသူ။ “မိအေး”အသက်(၂၅နှစ်) မိအေးရက်လည်ပြီးတဲ့နောက် သားသမီးတွေအပေါ် စွဲလမ်းတဲ့စိတ်ကြောင့် ထင်ပါရဲ့ မကျွတ်လွတ်နိုင်ပဲ အရိပ်အယောင်ပြတာတွေ ကလေးပုခက်လွှဲပေးတာ တွေ လာလုပ်ပေးနေတယ်လို့ သူ့အမေက ပြောတဲ့ အခါ ရင်ထဲမကောင်းပါ ထူးခြားသူက တတိယ​ မြောက်ကလေး ၃နှစ်ကျော်အရွယ်လေးကို အဖွား ဖြစ်သူက အိမ်ထဲမှာ သိပ်ထားခဲ့ပြီး အပြင်စျေးထွက် ဝယ်နေတုန်းမှာပဲ စောင်မခြံပေးခဲ့မိသော ကလေးကို ပြန်လာတော့ စောင်ခြုံလျှက်နှင့် တွေ့လိုက်ရခြင်းပင် ဖြစ်သည် ကလေးနိုးလို့ မေးကြည့်တဲ့အခါ စကားမပီ သေးသောအရွယ် ကလေးက။

“….ဖွားဖွား…အပြင်သွားတော့….အမေလာတယ်… …..အမေက…သားကိုနမ်းပြီး…စောင်ခြုံပေးတာ…. …အမေ့ကို…မုန့်လဲ…သားမှာလိုက်တယ်….အမေက ….အများကြီး….ဝယ်လာခဲ့မယ်တဲ့….” ထိုသို့ပြောကာ ပျော်ရွှင်နေသော ကလေးငယ်ကို ကြည့်ရင်း အဖွားဖြစ်သူမှာ မျက်ရည်ကြလျှက် မပြည့်စုံသော ဘဝပေးအခြေအနေမှာ ကလေးတွေ ကို သူဘယ်လို ​ကျွေးမွေးစောင့်ရှောက်ရမလဲ တွေး ရင်း ကြလာတဲ့မျက်ရည်တွေကို ထမီနှုတ်ခမ်းစနဲ့ သုတ်နေမိပါတော့သည်။ ~~~~ သြော် မိအေး မိအေး မဝေခင်ကြွေရ ဒီပန်းဘဝ ပန်းဖျက်ပုဆိုး နံ့သာခိုးတို့ ခြွေယူချိုးဖဲ့ ဘဝပါပဲ့ခဲ့ရပေါ့ အကြွေပန်းရေ မြေခပေမယ့် ထာဝရ နွမ်းမသွားတဲ့ ပန်းပါ စာဖတ်သူတွေရဲ့ ရင်ထဲမှာလဲ ထာဝရ လန်းနေဦးမှာပါလေ။ ပြီးပါပြီ . ဆက်လက်ကြိုးစားပါဦးမည်

Be the first to comment

Leave a Reply

Your email address will not be published.


*