
အောင်မြတ်သာနှင့်နာမ်စွဲခေါင်းပြတ်အရုပ်
#စာရေးဆရာ -ဇေယန(ရာမည)
ညနေမှောင်ရီပျိုးတာနဲ့ ညောင်လိပ်ဘုရားပတ်ဝန်းကျင်ကို ဘယ်သူမှမသွားရဲကြတော့ပေ။ ညောင်လိပ်ဘုရားဆိုတာက ညောင်လိပ်ပင်အနီးနားမှာတည်ထားတာဖြစ်လို့ မူရင်းဘွဲ့တော်ပျောက်ပြီး ညောင်လိပ်ဘုရားလို့သာ လူသိခဲ့ကြတယ်။ ညောင်လိပ်ပင်ဆိုတာက မနက်ဘက်ဆိုရင် သာမန် ညောင်ရွက်တွေလိုဖြစ်ပြီး မှောင်စပျိုးတာနဲ့ ညောင်ရွက်တွေက လိပ်သွားတဲ့ညောင်ပင်မျိုး။ အဲဒီအချိန် ညောင်ပင်နားမှာရှိနေပါက ညောင်ရွက်လိပ်သံ တဖျစ်ဖျစ်ကိုကြားရမှာဖြစ်တယ်။
ယခင်က ညောင်လိပ်ဘုရားပတ်ဝန်းကျင်ဆိုတာခုလိုခြုံနွယ်တွေမထူထပ်သေးပဲ တရားအားထုတ်လိုသူတွ လာရောက်တတ်ကြသလို ရည်းစားသနာတွေချိန်းတွေ့ ရာနေရာတစ်ခုလဲဖြစ်ခဲ့ကြတယ်။ ဒါပေမယ့် လွန်ခဲ့တဲ့ လေးလလောက်က ညောင်လိပ်ဘုရား ပရဝဏ်ထဲကို အင်းပြားတွေနဲ့ရစ်ပတ်ထားတဲ့ ကြေးပန်းပုရုပ်တစ်ရုပ် ဘယ်ကနေ ရောက်မှန်းမသိရောက်လာခဲ့တယ်။ အချို့ကတော့ ရှေးဟောင်းပစ္စည်းခိုးယူသူတွေမသယ်နိုင်လို့ ချန်သွားခဲ့တယ်လို့ပြောကြသလို အချို့ကျတော့လဲ အောက်လမ်းအတတ်ပညာနဲ့စီရင်ထားတဲ့ အရုပ်ဖြစ်နိုင်တယ်ဆိုပြီးကောက်ချက်ချခဲ့ကြတယ်။
ညနေစောင်း ဘုရားဘက်ကနေ နွားကျောင်းသိမ်းပြီးပြန်လာတဲ့ မောင်ပိန် ပြောတာကတော့ ကြေးရုပ်က အသက်ဝင်ပြီး လမ်းလျောက်နေတာတဲ့။ သမီးရည်းစားချိန်းတွေ့ကြတဲ့ ငညွန့်ကလဲ ဘုရားပရဝဏ်မှာချစ်ကြောင်းကြိုက်ကြောင်းပြောနေစဉ် ကြေးပန်းပုရုပ်ဆီကနေ ကြောက်မက်ဖွယ် ရယ်သံထွက်လာတယ်လို့လဲပြောခဲ့ကြတယ်။ ဒါပေမယ့် ဒီစကားတွေကို ယုံတဲ့သူရှိသလို မယုံတဲ့သူတွေလဲရှိခဲ့ကြတယ်။ အဲဒီထဲကမှ မောင်မှတ်တို့အဖွဲ့ကတော့ ကြေးရုပ်ကကြေးရုပ်ပဲ၊ ဒါကို ငပိန်နဲ့ ငညွန့်တို့ကချဲ့ကားပြီးပြောတာလို့ထင်နေကြတယ်။ ဒီလိုမယုံကြည်မှုကပဲ သူတို့တစ်ဖွဲ့လုံးကို ဒုက္ခပေးပါလေရော။
+++++++ ” ငဒွေးအောင်… မင်းကရော ကြေးရုပ်က သက်ရှိတစ်ကောင်လို လျောက်သွားနေတယ်ဆိုတာယုံလား” ထန်ရည်ခါးကိုပြွတ်ခနဲစုပ်ရင်း မေးလိုက်တဲ့ မောင်မှတ်စကားကြောင့် ပဲကြီးလှော်ထုပ်ကိုဖောက်နေတဲ့ ငဒွေးအောင်က ” ဒီကောင်တွေက နဂိုထဲက ကြောင်တောင်တောင်ပါကွာ၊ အရုပ်ကအသက်ဝင်တာ ဘယ်လိုမှမဖြစ်နိုင်ဘူး… ဟုတ်တယ်မလား မောင်ထွန်း” ” ငါလဲမယုံပါဘူးကွာ… ဒါပေမယ့် ရွာထဲကလူတွေ ဒီလိုယုံတာက ငါတို့အတွက် အခွင့်အရေးပဲ” ” ဟမ်… ဘာအခွင့်အရေးလဲကွပြောပါဦး..” ” ငါက မြို့ပေါ်မှာအလုပ်လုပ်ဖူးတာဆိုတော့ အဆက်သွယ်နည်းနည်းပါးပါးရှိတယ်ကွာ၊ ဒီအရုပ်သာ ကြေးအစစ်ဆိုရင် ခုခေတ်တန်ကြေးနဲ့မနည်းမနောရမှာကွ” ငထွန်းစကားကြောင့် ကျန်တဲ့သူတွေအကုန် ခေါင်းထောင်လာပြီး ” အေးကွ လုပ်စမ်းပါဦး… ဒီအရုပ်ကို ခိုးပြီးရောင်းစားရမှာလား” ” ခိုးတယ်လဲမဟုတ်ဘူးပေါ့ကွာ၊ ဘယ်သူလာထားသွားမှန်းမသိတဲ့အရုပ်ဖြစ်နေတဲ့အတွက် ခိုးတယ်လို့ပြောမရဘူးလေ” ” ဟားဟား မင်းပြောတာလဲဟုတ်တာပဲ၊ ဒါနဲ့ ကြေးအစစ်ဟုတ်မဟုတ် အခုပဲသွားကြည့်ကြမလား၊ သေချာတယ်ဆိုရင် ဘယ်လိုလုပ်ရမလဲ ပြန်တိုင်ပင်ကြတာပေါ့”
” ကဲကဲ ဒီတစ်မြူကုန်တာနဲ့သွားကြတာပေါ့…” ငဒွေးအောင်က မြူအိုးကိုပင့်ပြီး ခွက်တွေထဲလိုက်ထည့်ကာ လက်စဖြတ်ပစ်လိုက်တယ်။ ++++ နေ့လည်ခင်းဖြစ်လင့်ကစား ညောင်လိပ်ဘုရားပတ်ဝန်းကျင်က တိတ်ဆိတ်ခြောက်ကပ်နေခဲ့တယ်။ ဘုရားပတ်ဝန်းကျင်မှာတော့ တစ်ခါတစ်ရံ ဖြတ်ပြေးသွားတဲ့ တောကြက်ငယ်လေးတွေကိုမြင်လိုက်ရတယ်။ ” မောင်မှတ်… ရွာထဲကလူတွေပြောတာ ဟိုအရုပ်လား” ငထွန်းက မြက်တွေပေါက်နေတဲ့ ရင်ပြင်နေရာကိုလက်ညိုးထိုးပြလိုက်ရာ ” အေး ဟုတ်မယ်ကွ… အနီးကပ်သွားကြည့်ရအောင်” မောင်မှတ်တို့အနားရောက်သွားပြီးကြည့်လိုက်တော့ ယောင်္ကျားတစ်ယောက်မျက်လုံးကြီးပြူးပြီး မတ်တပ်ရပ်နေတဲ့ကြေးရုပ်တစ်ရုပ်။ သူ့ရဲ့ကိုယ်မှာတော့ ကြေးပြားတွေကိုလိပ်ပြီးကြိုးအနီနဲ့စလွယ်သိုင်းထားတဲ့ပုံစံချိတ်ဆွဲထားသလို ခြေထောက်တွေကိုလဲ ကြေးပြားလိပ်ကြိုးအနီစတွေနဲ့ ချည်နှောင်ထားတာကိုလဲ မြင်လိုက်ရတယ်။
ငထွန်းက အရုပ်နားကိုကပ်ပြီး လက်နဲ့ခေါက်လိုက်၊ အနီးမှာရှိတဲ့ကျောက်ခဲနဲ့ခြစ်ကြည့်လိုက်လုပ်ပြီးကာမှ ” ပွတာပဲဟေ့.. ဒီကြေးရုပ်က ခြစ်ပိတ်ကြီးဟ” ” ခြစ်ပိတ်ဆိုတာ ဘာကြီးလဲ” ” ဒီမှာကြည့်ကွာ… ငါပြမယ်” ငထွန်းက ကျောက်ခဲတစ်လုံးကိုကောက်ယူပြီး ကျေးရုပ်ရဲ့မျက်နှာကိုအားနဲ့ခြစ်လိုက်ရာ ဂျစ်ဆိုတဲ့အသံနဲ့အတူ အစင်းကြောင်းရာတစ်ခုပေါ်သွားခဲ့တယ်။ မကြာခင်မှာပဲ ပေါ်နေတဲ့အစင်းကြောင်းက သူ့အလိုလိုပြန်ပိတ်သွားတာကို မောင်မှတ်တို့ ပါးစပ်အဟောင်းသားမြင်တွေ့လိုက်ရတယ်။ ” တွေ့လား… ဒါက ဂမ္ဘီရပစ္စည်းလိုက်တဲ့သူတွေအရမ်းကြိုက်တဲ့ ကြေးခြစ်ပိတ်လို့ခေါ်တယ်ကွ၊ ငါတို့နဲ့ထိုက်လို့ရတာ ဟီးဟီး သူဌေးဖြစ်တော့မယ်ကွ” ” နေစမ်းပါဦး… အခြားနေရာတွေကိုလဲစမ်းကြည့်ပါဦးကွ” ငဒွေးအောင်စကားကြောင့် ငထွန်းက ကြေးရုပ်ရဲ့အခြားနေရာတွေကိုစမ်းကြည့်ရာ မျက်နှာလိုမဟုတ်ပဲ သာမန်ကြေးတွေပဲဖြစ်နေခဲ့တယ်။
” ခေါင်းတစ်ခုပဲ ခြစ်ပိတ်ဖြစ်နေတာကွ… ” ” ဒါဆို ငါတို့ကခေါင်းကိုပဲယူကြမှာလား.. ” ” ဒါပေါ့ကွ… ဒီခေါင်းတစ်လုံးထဲနဲ့တင် သိန်းချီရမှာ.. ဒါပေမယ့် ငါတို့မှာ ဘာပစ္စည်းမှမပါလာတော့ ပြန်ယူကြတာကောင်းမယ်” ” မောင်မှတ် … မင်းအိမ်မှာဆောက်တွေ သံဖြတ်လွှတွေရှိတယ်မလား” ” အေးကွ… ငါ့အဘ လယ်ထွန်စက်ပြင်တဲ့ပစ္စည်းတွေတော့ရှိတယ်၊ ဒီညတွင်းချင်းပဲလုပ်ကြမလား” ” ညတွင်းချင်းလုပ်မှာပေါ့ကွ… နောက်နေ့ဆို အခြားသူတွေဦးချင်ဦးသွားမှာ” မောင်မှတ်တို့လဲ ဝမ်းသာအားရနဲ့ ရင်ပြင်ပေါ်ကဆင်းလာတဲ့အချိန် ကြေးရုပ်ရဲ့ပါးစပ်ကအနည်းငယ်ဟသွားပြီး အထဲကနေ အနီရောင်အရည်ပျစ်ပျစ်အချို့ စီးကျလာခဲ့တယ်။ ++++++ အမှောင်ထုက တစ်ဖြေးဖြေးသိပ်သည်းလာသလို အအေးဓါတ်ကလဲ ချမ်းစိမ့်လာခဲ့တယ်။
ရင်ပြင်နားမှာရှိတဲ့ညောင်ပင်ရဲ့ အရွက်လိပ်သံတဖျစ်ဖျစ်ကလဲ ပိုပြီးချောက်ချားစေခဲ့တယ်။ ” ဟေ့ကောင် ဓါတ်မီးကိုသေချာထိုးစမ်းပါဟ” မောင်မှတ်က အသံအုပ်အုပ်နဲ့ လှမ်းပြောလိုက်ပြီး ရုပ်ထုခေါင်းကို သံဖြတ်လွှနဲ့ဖြတ်ဖို့အလုပ် ” လည်ပင်းမှာ ကြေးပြားတစ်ပြားနဲ့ချည်ထားပါလား.. ” ” ဖြတ်ပစ်လိုက်လေကွာ… အချိန်ကရတာမဟုတ်ဘူး မြန်မြန်လုပ်” မောင်မှတ်လဲ ကြေးပြားလိပ်ကြိုးကိုဆွဲဖြုတ်လိုက်ပြီး လည်ပင်းကိုတဂျိဂျိမြည်အောင် သံဖြတ်လွှနဲ့ဖြတ်နေလိုက်တယ်။ ကျန်တဲ့သူတွေကလဲ ဆောက်နဲ့ထွင်းသူကထွင်း လွှနဲ့ဖြတ်သူကဖြတ်နဲ့ အလုပ်ရှုပ်နေတဲ့အချိန် ” အီး ဟီး ဟီး” ဆိုတဲ့ရယ်သံတစ်ချက်ကြားလိုက်ရတယ်။ ” ရယ်သံကြားလိုက်သလိုပဲ… မင်းတို့ရောကြားလား” ငဒွေးအောင်စကားကို မောင်မှတ်က ကျွတ်တစ်ချက်စုပ်ပြီး ” လုပ်စရာရှိတာကိုသာ လုပ်စမ်းပါ.. မင်းကလဲအတွေးလွန်နေပြန်ပြီ” လို့ပြောကာ ချွေးသံတရဲရဲကျအောင် ဖြတ်ထုတ်နေခဲ့တယ်။ ဒီလိုနဲ့ တစ်နာရီလောက်ကြာတော့ ကြေးရုပ်ရဲ့ဦးခေါင်းကပြတ်လုဆဲဆဲဖြစ်ပြီး ယိုင်ကျလာတဲ့အချိန် ငဒွေးအောင် တစ်ကိုယ်လုံး တုန်တုန်ရီရီဖြစ်လာပြီး မျက်လုံးတွေပြူးကာ လက်ထဲကိုင်ထားတဲ့ ဆောက်နဲ့ ငထွန်းရဲ့ပေါင်ကို ထိုးစိုက်ချလိုက်တယ်။ ” အား….. ” နာကျင်စွာအော်လိုက်တဲ့ ငထွန်းရဲ့အသံကြောင့် မောင်မှတ်တစ်ယောက် လှည့်ကြည့်လိုက်ရာ ပေါင်ကနေ သွေးတွေဒလဟော ကျနေပြီး ခြေထောက်တစ်ဖက်ကတစ်ဆတ်ဆတ်တုန်နေခဲ့တယ်။ ငဒွေးအောင်ကတော့ နာကျင်စွာညဉ်းညူနေတဲ့ ငထွန်းရဲ့မျက်နှာကို သားရည်တမြှားမြှားကျနေတဲ့ လျာကိုထုတ်ကာ ကြည့်လိုက်ပြီး ” ဟီး ဟီး ဟီး… သွေးနံ့က မွှေးနေတာပဲ အဟက် အဟက်” လို့ပြောကာ သွေးတွေကိုလျာနဲ့ယက်ဖို့အလုပ် ငထွန်း လက်ထဲကိုင်ထားတဲ့ သံဖြတ်လွှက ငဒွေးအောင်ရဲ့ လည်မြိုထဲကိုစိုက်ဝင်သွားခဲ့တယ်။
ဒီတစ်ခါတော့ ငဒွေးအောင်တစ်ယောက် စကားမေးတောင်မရပဲ သွေးတွေပန်းထွက်နေတဲ့ လည်ပင်းကိုကိုင်ကာ အသက်ငင်နေတဲ့ချိန် ငထွန်းက ဆောင့်ကြောင့်ထိုင်ကာ တဟားဟားရယ်ရင်း ” သေကြစမ်း… ဟီးဟီးဟီး… ဟက်ဟက်… အကုန်သေကြ ” လို့အော်နေခဲ့တယ်။ မှတ်ကြီးကတော့ မြင်လိုက်ရတဲ့မြင်ကွင်းကြောင့် သွေးပျက်ပြီး ပြတ်လုဆဲဆဲဖြစ်နေတဲ့ ကြေးရုပ်ခေါင်းကို ဆတ်ခနဲဆွဲယူကာ ဘုရားရင်ပြင်ကနေ သုတ်ချေတင်ကာပြေးလာခဲ့လိုက်တယ်။ သူ့အနောက်မှာတော့ ရင်ခေါင်းသံနဲ့အော်ရယ်တဲ့အသံက ပဲ့ထင်လျက်။ ++++ အမှောင်ထဲမှာ ခြေဦးတည့်ရာပြေးလာရင်း အမောကရင်ဝထိတက်ပြီးဆို့လာတဲ့အတွက် လုံချည်နဲ့ပတ်ထားတဲ့ကြေးခေါင်းပြတ်ကိုရင်ဝယ်ပိုက်ပြီး ခေတ္တနားနေလိုက်တယ်။ ဒါပေမယ့် သူပြန်လာတဲ့လမ်းက တစ်ခါမှမမြင်ဖူးတဲ့လမ်းဖြစ်နေတာကြောင့် အမောပြေလိုက်ဆက်သွားလိုက်တဲ့ တစ်ညလုံးလမ်းပျောက်နေခဲ့ရာ မနက်အရုဏ်တက်ချိန်ရောက်တော့ ခြေကုန်လက်ပန်းကျပြီး မြေကြီးပေါ်လှဲချချင်တဲ့စိတ်တွေဖြစ်လာခဲ့တယ်။
ဆောင်းမနက်ခင်းရဲ့ အအေးဓါတ်က ပိုလာပေမယ့် မောင်မှတ်ရဲ့ နဖူးပြင်မှာတော့ ချွေးစက်တွေက တွဲခိုနေခဲ့တယ်။ အဲဒီအချိန် ” ဟားဟား အဟီးအဟီး ဟက်ဟက်… မင်းငါ့ကို ဘယ်ခေါ်သွားမလို့လဲဟင်” ဆိုတဲ့ခြောက်ကပ်ကပ်အသံက ရင်ခွင်ထဲပိုက်ထားတဲ့ ကြေးဦးခေါင်းဆီကနေ ထွက်လာတာကြောင့် ရုတ်တရက်လန့်ဖြန့်သွားပြီး အထုပ်ကိုလွှတ်ချလိုက်တယ်။ လုံချည်နဲ့ပတ်ထားတဲ့ ခေါင်းပြတ်က မြေကြီးပေါ်ကျတာနဲ့ တစ်ဆတ်ဆတ်ခုန်ကာလှုပ်ရှားလာပြီး မောင်မှတ်ရဲ့ လည်မြိုကိုခုန်အုပ်လိုက်တဲ့ချိန် အေးစက်စက်အထိအတွေ့နဲ့အတူ အသိစိတ်တွေ လွင့်ပျောက်သွားခဲ့တယ်။ +++++ ” ဝေနေယျသတ္တဝါအပေါင်း ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာပါစေ.. လိုအင်ဆန္ဒတွေပြည့်စုံကြပါစေ” ဆိုတဲ့ မေတ္တာပို့သံက ပြိုလုဆဲဆဲဇရပ်ပေါ်ကနေထွက်လာခဲ့တယ်။
ဇရပ်ပတ်ပတ်လည်မှာတော့ ဆောင့်ကြောင့်ထိုင်နေတဲ့မဲမဲကောင်တွေအပြင် အနီးနားကသစ်ပင်တွေပေါ်မှာလဲ နီရဲနေတဲ့မျက်လုံးတွေနဲ့ စိုက်ကြည့်နေကြတဲ့ နာနာဘာဝတွေက မေတ္တာပို့သံကိုရတဲ့အလား ငြိမ်သက်စွာနားထောင်နေခဲ့ကြတယ်။ အောင်မြတ်သာလဲ အတန်ကြာတဲ့ထိ မေတ္တာပို့ပြီးတဲ့နောက်မှာတော့ ငြိမ်းလုငြိမ်းခင်ဖြစ်နေတဲ့ ဖယောင်းတိုင်မီးကို မီးညှိဖို့အလုပ် ဇရပ်ပေါ်ကို လူတစ်ယောက်တက်လာတာကိုမြင်လိုက်ရတယ်။ ” ဒဏ်ရာတွေအရှင်းပျောက်သွားပြီလား မောင်ကောင်း” ဖယောင်းတိုင်ထွန်းနေရင်းမေးလိုက်တဲ့စကားကြောင့် ဇရပ်ပေါ်တက်လာတဲ့သူက နှစ်လိုဖွယ်ပြုံးလိုက်ပြီး ဒူးထောက်ထိုင်ကာ ကန်တော့ကာ ” ကျွန်တော်မှာ ဆရာပေးတဲ့အသက်ပဲရှိပါတော့တယ်၊ အခုချိန်ကစပြီး အသက်ထက်ဆုံး ဆရာ့နားမှာနေပြီး ပြုစုလုပ်ကျွေးပါ့မယ်” ” မင်းနဲ့ငါက အမြဲတမ်းတူတူနေရမယ်လို့ တစ်ထစ်ချမတွေးရဘူး၊ တကယ်လို့ငါမရှိတဲ့ချိန်တွေမှာ မင်းရဲ့ဘဝကို ဒုက္ခရောက်နေတဲ့ ခုနှစ်ရက်သားသမီးတွေအပေါ်နှစ်ထားရမယ်၊ ဒါက ငါဖြစ်စေချင်တဲ့ ဆန္ဒပဲ” ” ကျွန်တော် ဆရာ့ဆုံးမစကားကိုအမြဲမှတ်သားထားပါ့မယ်၊ လိုက်နာနိုင်အောင်လဲကြိုးစားပါ့မယ်” ” သာဓု သာဓု သာဓု… ” အောင်မြတ်သာက လှိုက်လှဲစွာသာဓုခေါ်ပြီး ဇရပ်အပြင်ဘက်ကိုလှမ်းကြည့်လိုက်ရာ ဆံပင်တွေဖိုသီဖတ်သီနဲ့ ဒယီးဒယိုင်လျောက်လာတဲ့ လူတစ်ယောက်ကိုမြင်လိုက်ရတယ်။
အဲဒီလူက ဇရပ်အောက်ခြေကိုရောက်တော့ ” ဆရာရယ် ကျုပ်ရွာကိုကယ်ပါဦး… ဆရာမှမကယ်ရင် တစ်ရွာလုံး ဒုက္ခရောက်ကြတော့မယ်” လို့ပြောပြီး ချုံးပွဲချငိုပါလေရော။ ” ဘယ်သူများလဲလို့ကြည့်နေတာ… ကြက်သမားမောင်ငယ်ဖြစ်နေပါလား… ပြောစမ်းပါဦး မင်းရဲ့ ရွာကဘာတွေဖြစ်နေတာလဲ” ” ဘယ်ကရောက်လာမှန်းမသိတဲ့ ကြေးရုပ်ခေါင်းပြတ်ကြောင့် တစ်ရွာလုံးကျီးလန့်စာစားဖြစ်နေပြီ၊ ဒီခေါင်းပြတ်က သူ့ကိုထိမိတဲ့သူတိုင်းကို ခြောက်လှန့်ဖမ်းစားနေတာ ဒီနေ့ဆို လန့်ဖျားဖျားပြီး လူနှစ်ယောက်တောင်သေသွားပြီ” ” ဒုက္ခတော့များပြီထင်ပါတယ်… မင်းလဲခုချက်ချင်းပြန်ပြီး ရွာလူကြီးကို အိမ်မက်ပေးလိုက်၊ အဲဒီကြေးရုပ်ခေါင်းပြတ်ကို ဘယ်သူမှမထိမကိုင်မိစေနဲ့လို့၊ မကြာခင် ငါတို့အရောက်လာခဲ့မယ်” ” ဟုတ်ကဲ့ဆရာ … ကျုပ်ရွာလူကြီးကို ပြောလိုက်ပါ့မယ်၊ အမြန်တော့လာခဲ့ပေးပါဆရာရယ်” ကြက်သမားမောင်ငယ်ထွက်သွားပြီးချိန်မှာတော့ မောင်ကောင်းက ” ခုနက ကြက်သမားမောင်ငယ်ဆိုတဲ့သူက ဘယ်လိုအဆင့်ထဲပါနေတာလဲ၊ ခုနကပြောသွားတဲ့ထဲ သူ့ရွာလို့ပြောတာကြားလိုက်မိလို့မေးကြည့်တာပါ” ” လွန်ခဲ့တဲ့နှစ်ပေါင်း ၆၀လောက်က ကြက်တိုက်ရင်း ဓါးထိုးခံရလို့သေခဲ့တဲ့ မောင်ငယ်ဆိုတဲ့သူပါ၊
သူသေတဲ့နေရာမှာ ရွာတည်ဖို့လုပ်တော့ သူ့အတွက် ရွာအဝင်ဝမှာ နန်းတစ်ခုဆောက်ပေးဖို့ ပြောတာနဲ့ ရွာလူကြီးတွေက မောင်ငယ် နတ်နန်းဆိုပြီး လုပ်ပေးခဲ့တာ၊ အချိန်တွေကြာလာတော့ သူကပဲရွာတော်ရှင်ဖြစ်လာခဲ့တာလေ” ” ကြက်သမားက ရွာတော်ရှင်ဖြစ်တယ်ဆိုတာ အခုမှကြားဖူးတယ်ဆရာရယ်… ဒါနဲ့ သူပြောတဲ့ ကြေးရုပ်ခေါင်းပြတ်ကိစ္စကို ဆရာဘယ်လိုမြင်လဲ” ” ဒါကတော့ တပ်အပ်မပြောနိုင်သေးဘူး… ရွာကိုရောက်အောင်သွားကြည့်တော့မှပြောနိုင်မှာ.. မင်းလဲ ခရီးပန်းလာတာဆိုတော့ နားလိုက်ပါဦး၊ မနက်အရုဏ်တက်တာနဲ့ သူ့ရွာကိုသွားကြရအောင်” ” ဟုတ်ကဲ့ပါဆရာ… ကျွန်တော်ခဏနားလိုက်ပါဦးမယ်” မောင်ကောင်းလဲ လွယ်အိတ်ကိုခေါင်းခုပြီးလှဲအိပ်လိုက်ပေမယ့် စိတ်ထဲမှာတော့ ကြေးရုပ်ခေါင်းပြတ်အကြောင်းကိုသာတွေးနေမိခဲ့တယ်။ ဒါပေမယ့် ခရီးကပန်းလာတာကြောင့် တွေးနေရင်း မှေးခနဲအိပ်ပျော်သွားခဲ့တာ မနက်အရုဏ်တက်ချိန်ရောက်မှပြန်နိုးလာခဲ့တယ်။ ” ဟော ဆရာတောင် နိုးနေပါရောလား… ” မောင်ကောင်းက အိပ်ချင်မူးတူးနဲ့ပြောကာ ဇရပ်အနီးမှာရှိတဲ့ ရေကန်မှာကိုယ်လက်သန့်စင်ပြီး ဆရာတပည့်နှစ်ယောက် ခရီးဆက်ခဲ့ကြတယ်။
တစ်နာရီလောက် လမ်းလျောက်ပြီးချိန်မှာတော့ ဝါးရုံပင်တွေထူထပ်စွာပေါက်နေတဲ့ ရွာဝင်လမ်းကိုရောက်လာခဲ့တယ်။ ဝါးရုံပင်တွေရဲ့မလှမ်းမကမ်းမှာတော့ သစ်သားနဲ့ဆောက်လုပ်ထားတဲ့ နတ်ကွန်းတစ်ခုရှိပြီး အထဲမှာတော့ ကြက်ဖရုပ်တစ်ရုပ်နဲ့ မတ်တပ်ရပ်နေတဲ့လူတစ်ယောက်ရုပ်ထုကို ထည့်သွင်းထားတာမြင်လိုက်ရတယ်။ ” ဆရာ… ဒီနတ်ကွန်းက ကြက်သမားမောင်ငယ်အတွက် ရည်စူးပြီးဆောက်ထားပေးတာဖြစ်မယ်နော်” ” ဟုတ်တယ် မောင်ကောင်း… ရွာနီးချုပ်စပ်က ကြက်သမားတွေကတော့ မောင်ငယ်က သူတို့ကို ကြည့်ရှုစောင့်ရှောက်တယ်ဆိုပြီး ယုံကြည်ကြတယ်။ ဒါကြောင့် ကြက်တိုက်သွားတော့မယ်ဆိုရင် တိုက်မယ့်ကြက်ကို မောင်ငယ်နတ်ကွန်းကိုလာပြပြီး ကြက်ရဲ့အမွှေးကို နတ်ကွန်းပေါ်မှာတင်ကာ ဆုတောင်းကြတယ်” မောင်ကောင်းလဲ အောင်မြတ်သာစကားကို စိတ်ဝင်စားစွာနားထောင်နေတဲ့အချိန် နတ်ကွန်းဘေးကနေ ကြက်ဖတစ်ကောင်ကိုပိုက်ထားတဲ့လူတစ်ယောက်ပေါ်လာခဲ့တယ်။
” ဆရာတို့ရောက်မယ်ဆိုတာသိလို့ အရုဏ်တက်ထဲကစောင့်နေတာ… ဒီကြားထဲ တိမ်ညိုက ခွပ်လက်ထိုးဖို့ မာန်ကြွနေလို့ မနည်းထိန်းထားရတယ်ဗျာ” အမောက်တကားကား အတက်တမြမြနဲ့ ရုန်းကန်နေတဲ့ အညိုရောင်ကြက်ဖတစ်ကောင်ကို ပွတ်သပ်ချော့မြူရင်းပြောလိုက်တဲ့ မောင်ငယ်စကားကြောင့် အောင်မြတ်သာက သဘောကျစွာပြုံးလိုက်ပြီး ” မင်းမလဲ တစ်ခါလာလဲ ဒီကြက်ကိစ္စနဲ့ကို အလုပ်ရှုပ်နေတာ၊ အခု ကြေးခေါင်းပြတ်ရုပ်ကိစ္စ ဘယ်လိုအခြေအနေရှိလဲ” ” ရွာထဲမှာရှိနေတာပဲသိတယ်ဆရာ.. သူကအသက်ဝင်နေတော့ မနက်ဘက်ဆိုရင် ပုန်းအောင်းနေပြီး ညဘက်ရောက်မှ ရွာလမ်းတွေထဲကို လိုက်သွားပြီးခြောက်လှန့်နေတာ” ” မင်းရွာမှာဖြစ်တဲ့ကိစ္စ မင်းမသိဘူးလား.. တကယ်ဆို သိရမှာလေ” ” ဆရာရယ် ကျွန်တော်က ရွာတော်ရှင်သာဖြစ်တာ အခြားပုဂ္ဂိုလ်တွေလို အစွမ်းမရှိဘူးလေ၊ ကြက်သမားဆိုတော့ ဘယ်သူကမှအဖက်မလုပ်ကြဘူး၊ ဒါကြောင့် ကျွန်တော်ရွာလေး ဒုက္ခမရောက်အောင် ဆရာတို့ကိုအကူအညီလာတောင်းရတာပါ”
” ညကရော ဘာတွေထူးသေးလဲ… ” ” ညကတော့ ရွာတောင်ပိုင်းဘက်မှာ ခွေးတွေ စူးစူးဝါးဝါးထိုးဟောင်တဲ့အသံကြားရတယ်၊ ရွာသားတွေကလဲ မှောင်စပျိုးတာနဲ့ အိမ်တံခါးပိတ်မီးမှိတ်ပြီးနေကြတော့ ဒီကောင်အတော်အခက်တွေ့နေတယ်ထင်တယ်” ” ဒါဆို ဒီကောင်က အိမ်တွေထဲထိတော့ ဝင်ပြီးခြောက်လှန့်တာမရှိဘူးပေါ့” ” အဲလိုတော့မရှိဘူးဆရာ… သူက အပြင်ထွက်တဲ့လူတွေကိုပဲ ခြောက်လှန့်နေတာ” ” ဒီကိစ္စတွေရဲ့ အစကိုသိချင်ရင် ဘယ်သူ့ကိုသွားမေးရမလဲ” ” ရွာထဲမှာ ဝက်သားသည်ဒေါ်မိလုံးဆိုတာရှိတယ်… သူက ဒီကြေးရုပ်ကိုစတွေ့တဲ့သူဆိုတော့ သူ့ကိုမေးလို့ရတယ်၊ ဒါပေမယ့် သူက အကြောက်လွန်ပြီးဖျားနေတာ ဆယ်ရက်လောက်ရှိပြီဆရာ” ” ဒီလောက်သိရရင် ရပါပြီ… မင်းလဲ ဒီရက်ပိုင်း ကိုယ့်နန်းမှာပဲကိုယ်နေဦး၊ အခုကြုံနေရတဲ့အခြေအနေက သာမန်မဟုတ်ဘူးဆိုတာ သိတယ်မဟုတ်လား” ” သိပါတယ်ဆရာ… လိုအပ်တာရှိရင် မောင်ငယ်ဆိုပြီး စိတ်ထဲကနေခေါ်လိုက်ပါဆရာ၊ ချက်ချင်းရောက်လာစေရပါမယ်”
အောင်မြတ်သာတို့လဲမောင်ငယ်ကို ဆုံးမပြီး ရွာထဲကိုဝင်လာတဲ့အချိန် ခြင်းတောင်းကိုခေါင်းရွက်ပြီး လယ်ထဲဆင်းကြမယ့် ရွာသားအချို့ကိုမြင်လိုက်ရတယ်။ ” တစ်ဆိတ်လောက်ဗျ… ဝက်သားသည်ဒေါ်မိလုံးအိမ်ကဘယ်နားလောက်မှာလဲ” အောင်မြတ်သာစကားကြောင့် သနပ်ခါးပါးကွက်ကြားလူးထားတဲ့ မိန်းမကြီးက ရွာလမ်းမကြီးကိုလက်ညိုးထိုးပြပြီး ” ဒီလမ်းအတိုင်းတည့်တည့်သွားရင် မန်ကျီးပင်တစ်ပင်ကိုတွေ့လိမ့်မယ်၊ အဲဒီအပင်ရဲ့ အနောက်ဘက်ကပ်လျက်က ဒေါ်မိလုံးအိမ်ပဲ” ” ကျေးဇူးတင်ပါတယ်ဗျ… ကျုပ်တို့ကိုခွင့်ပြုပါဦး” အောင်မြတ်သာတို့လဲ ရွာလမ်းအတိုင်းလျောက်လာခဲ့တာ လူကြီးနှစ်ဖက်စာလောက်ကြီးတဲ့ မန်ကျီးပင်ရှေ့ကိုရောက်လာခဲ့တယ်။ မန်ကျီးပင်ရဲ့အနောက်ကပ်လျက်မှာတော့ ဖက်မိုး၊ ထရံကာထားတဲ့ အိမ်တစ်လုံးကို မြင်လိုက်ရတာကြောင့် အနားကပ်သွားပြီး ” အိမ်ရှင်တို့ အိမ်ရှင်တို့…” ” ဘယ်သူများလဲရှင့်..” အသက်နှစ်ဆယ်အရွယ်မိန်းကလေးတစ်ယောက်ရဲ့အသံကြောင့် အောင်မြတ်သာက ” ဒေါ်မိလုံးနဲ့တွေ့ချင်လို့ပါ… ဝင်လာလို့ရမလားဗျ” ” ဟုတ်ကဲ့ … အမေကတော့ မထနိုင်လို့ ကိုယ့်ဘာသာဝင်လာခဲ့ကြပါ”
အိမ်ပေါ်ရောက်တော့ ဖြူဖျော့နေတဲ့အသားရည်နဲ့ အိပ်ယာထဲလဲနေတဲ့ မိန်းမကြီးတစ်ယောက်ကိုမြင်လိုက်ရတယ်။ ” မောင်ရင်တို့က ဘယ်သူများလဲကွယ့်. အဟွတ်အဟွတ်” ” ကျုပ်တို့က ဒေါ်မိလုံးကြုံတွေ့ခဲ့ရတာကို မေးဖို့ရောက်လာတာပါ… ဒါပေမယ့် အခုတော့ ဖျားတာကိုအရင်ကုပေးရတော့မယ်” ” အဟွတ် အဟွတ်.. မောင်ရင်တို့ကဆေးဆရာတွေလား” ” အဲလိုလဲပြောလို့ရပါတယ်… ခုတော့ ကျုပ်တို့ပေးတဲ့ဆေးကိုအရင်သောက်ပေးပါဦး” အောင်မြတ်သာက စကားပြောနေရင်း လွယ်အိတ်ထဲထည့်ထားတဲ့ လေးကွက်အင်းတစ်ရွက်ကိုပြာချကာ ရေနဲ့ဖျော်လိုက်ပြီး ဒေါ်မိလုံးကို သောက်စေခဲ့တယ်။ ” ဆရာ… အမေရောဂါက ပြန်ကောင်းနိုင်ပါ့မလား” ” ဘာမှဖြစ်တာမဟုတ်ပါဘူး… စိတ်ချောက်ချားစရာကိစ္စတစ်ခုခုနဲ့ကြုံလို့ ဖြစ်သွားတာပါ၊ မကြာခင်သက်သာလာပါလိမ့်မယ်” အောင်မြတ်သာစကားကြားတော့ မိန်းကလေးက သူ့အမေဘက်ကိုလှည့်ပြီး ” သမီးပြောတယ်မဟုတ်လား… အမေက ဟိုခေါင်းပြတ်အရုပ်ကြောင့်ဖြစ်တာပါလို့”ပြောလိုက်တော့ မောင်ကောင်းက ပါးနပ်စွာနဲ့ စကားလမ်းကြောင်းဖောက်လိုက်ပြီး ” ခေါင်းပြတ်အရုပ်ဆိုတာက ဘာများလဲဗျ” ” ဒီလိုပါဆရာ… လွန်ခဲ့တဲ့ ဆယ်ရက်လောက်က အမေနဲ့ကျွန်မ ဟိုဘက်ရွာမှာပေါ်တဲ့ဝက်သားကို သွားယူပြီးအပြန် ရွာထိပ်မှာလူတစ်ယောက် လဲကျနေတာတွေ့လိုက်တယ်။
သူလည်ပင်းမှာလဲ သွေးထွက်နေတဲ့ကိုက်ရာတစ်ခုက အထင်းသားကြီး။ သူ့ဘေးနားမှာလဲ ခေါင်းပြတ်နေတဲ့ကြေးရုပ်တစ်ခုက ဒီတိုင်းကျနေတာ၊ ကျွန်မလဲ အမှုမဲ့အမှတ်မဲ့နဲ့ သတိလစ်နေတဲ့လူနာကိုခေါ်ဖို့ ရွာထဲပြန်လာတဲ့အချိန် အမေက အဲဒီကြေးရုပ်ခေါင်းပြတ်ကို သူ့ခြင်းထောင်းထဲကောက်ထည့်ထားတာ၊ အမှန်တိုင်းပြေရရင် အမေက ဒီအရုပ်ကိုရွာထဲကိုသယ်လာခဲ့တာဆရာ” ” အင်း… နောက်တော့ရော ဘာဆက်ဖြစ်သေးလဲ” ” သတိလစ်နေတဲ့လူနာက ကျွန်မတို့ရွာရဲ့ သုံးရွာကျော်ကတဲ့၊ မွန်းတည့်လောက်ရောက်တော့ သူ့မိဘတွေလာပြန်ခေါ်သွားကြတယ်၊ သူတို့လဲကြေးရုပ်ကိစ္စကိုမမေးတာရယ်၊ အမေကလဲ မပြောတာရယ်ကြောင့် အမှုမဲ့အမှတ်မဲ့နေလာခဲ့တာ၊ အဲဒီညဘက်ရောက်တော့ တစ်ရေးနိုးအပေါ့ထသွားတဲ့ အမေကို ခြင်းတောင်းထဲထည့်ထားတဲ့ ကြေးရုပ်က သွားကြီးဖြဲပီး လှမ်းခေါ်တာ” ဒေါ်မိလုံးက သမီးဖြစ်သူပြောနေတာကို အားမရတဲ့ဟန်နဲ့ ကုန်းထလိုက်ပြီး ” ဒီလိုပါဆရာရယ်… ဒီအရုပ်ကကြေးရုပ်ဆိုတော့ ရောင်းရင် ဈေးကောင်းရမယ်ထင်ပြီးယူလာခဲ့မိတာ၊ ညဘက်ရောက်တော့ သမီးပြောတဲ့အတိုင်း ခြင်းတောင်းထဲကနေ သွားဖြဲပြီးရယ်ပြတာ.. ပါးစပ်ထဲကနေလဲ သွေးလိုလိုအရည်တွေယိုကျနေတာ ကြက်သီးထစရာကြီး၊ ကျွန်မလဲ ရုတ်တရက်မို့ အသံတောင်မထွက်နိုင်ပဲ အခန်းထောင့်မှာ ကြောက်လန့်နေတဲ့ချိန် ခေါင်းပြတ်အရုပ်ကြီးက သက်ရှိတစ်ကောင်လို ခုန်ဆွခုန်ဆွနဲ့ ပြူတင်းပေါက်ကနေ ခုန်ချသွားတာ၊ အမလေးလေး ပြောနေရင်းကြက်သီးတွေတောင်ထတယ်” ဒေါ်မိလုံးက လက်နှစ်ဖက်ကို ဆုပ်ကိုင်ပြီး ကြောက်လန့်တကြားပြောနေတာမြင်တော့ အောင်မြတ်သာက ” အိမ်း… သာမန်လူတွေအဖို့ မမြင်ဖူးတာ မြင်လိုက်ရတော့ ကြောက်လန့်ပြီးဖျားသွားတာပါ၊ သိပ်လဲမစိုးရိမ်ပါနဲ့ မကြာခင် ခံစားနေရတာတွေသက်သာသွားမှာပါ၊ ဒါနဲ့ ဒီခေါင်းပြတ်အရုပ်နဲ့ပတ်သတ်ပြီး ဘာတွေထူးခြားသေးလဲ” ” ထူးခြားတာပေါ့ဆရာရယ်.. အမေဖြစ်ပြီးနောက်နေ့ အရက်ဆိုင်ကပြန်လာတဲ့ ဦးလေးသိန်းဝင်းနောက်ကို လိုက်သေးတာ၊ သူပြန်ပြောပြတာက မျက်လုံးကနီရဲနေတာပဲတဲ့၊
ပါးစပ်ကနေလဲ သူ့နေရာပြန်ပို့ပေးဆိုပြီးအော်နေတာလို့ပြောတယ်” ” အဲလိုဖြစ်တာညတိုင်းပဲလား…” ” ဟုတ်တယ်ဆရာ… မနက်ဘက်ဆို ဘာမှမဖြစ်ဘူးညဘက်ရောက်တာနဲ့ လမ်းပေါ်ထွက်တဲ့သူတွေနောက်ကို တကောက်ကောက်လိုက်တာ၊ ရွာထဲကလူအချို့ပြောတာကတော့ ဒီခေါင်းပြတ်အရုပ်ထဲမှာ မကောင်းတဲ့ဝိဉာဉ်တွေကပ်နေတာတဲ့၊ ဒါကြောင့် အခုနောက်ပိုင်း မိုးချုပ်တာနဲ့ ဘယ်သူမှအပြင်မထွက်ရဲကြတော့ဘူး” ” ဒီကိစ္စမျိုးက ရွာထဲရေရှည်ထားလို့မကောင်းဘူး… ရွာလူကြီးကိုပြောပြီး တစ်ခုခုလုပ်မှရမယ်” ” ဆရာတို့ ရွာလူကြီးအိမ်သွားချင်တယ်ဆိုရင် မီးငယ် လိုက်ပို့ပေးမယ်လေ၊ ဒီရွာလူကြီးက အမေရဲ့ အကိုကြီးပဲ” ” ဒါဆို အဆင်သင့်တာပေါ့… ကျုပ်တို့ကိုလိုက်ပို့ပေးပါဦး” အောင်မြတ်သာစကားကြောင့် မီးငယ်ဆိုတဲ့ကောင်မလေးက သူ့ဘကြီးအိမ်ရှိရာကိုသွက်လက်စွာနဲ့ခေါ်သွားခဲ့တယ်။ အိမ်ရောက်တော့ ရွာလူကြီးကိုအကျိုးကြောင်းပြောပြလိုက်ရာ ” ဆရာတို့ရောက်လာတာအတော်ပဲဖြစ်သွားတယ်၊ ဒီလိုမှမဟုတ်ရင် မနက်ဖြန်မြို့တက်ပြီး ဆရာသွားရှာမလို့တိုင်ပင်နေကြတာ” ” ကျုပ်တို့က ဒီလိုကိစ္စမျိုးတွေအတွေ့အကြုံရှိတော့ နိုင်ငလောက် ကူညီပေးပါ့မယ်၊ ရွာလူကြီးက ညမှောင်စပျိုးတာနဲ့ ဘယ်သူမှအိမ်ထဲကနေအိမ်ပြင်မထွက်ဖို့ပြောထားပေးပါ” ” ဒါတော့စိတ်ချဆရာ.. ရွာကလူတွေအတော်များများ ခေါင်းပြတ်ကြေးရုပ်နဲ့ကြုံထားရတာမို့ ထွက်ပါဆိုတောင်ထွက်ကြမှာမဟုတ်ဘူး၊ ကျုပ်လဲသေချာအောင်လိုက်ပြောထားပေးပါမယ်” အောင်မြတ်သာတို့လဲရွာလူကြီးကို ကျေးဇူးတင်ကြောင်းပြောပြီး ရွာပြင်ကိုထွက်ဖို့အလုပ် ” ဆရာတို့ တည်းမယ့်နေရာမရှိဘူးဆိုရင် ရွာလယ်က ဓမ္မာရုံမှာတည်းလို့ရပါတယ်၊ လူလဲရှင်းတယ် နေလို့ထိုင်လို့လဲအဆင်ပြေပါတယ်” လို့ပြောတာကြောင့် ရွာလယ်ဓမ္မာရုံမှာခေတ္တတည်းဖြစ်ခဲ့ကြတယ်။
မွန်းတည့်ချိန်ရောက်တော့ ထမင်းနဲ့ဟင်းတွေအပြင် အသီးအနှံအချို့ပါလာပို့ပေးခဲ့ပေမယ့် အောင်မြတ်သာတို့က သက်သက်လွတ်ပဲစားတာကြောင့် အသီးအနှံအချို့ကိုသာစားပြီး ဝမ်းရေးကိုဖြည့်တင်းလိုက်ကြတယ်။ အခြားထမင်းဟင်းတွေကိုတော့ လာပို့သူစိတ်ချမ်းသာအောင် စားဟန်ပြပြီး ဓမ္မာရုံနားမှာနေတဲ့ သူတွေကိုဝေမျှပေးခဲ့ကြတယ်။ အောင်မြတ်သာတို့လဲ မွန်းလွဲတာနဲ့ ဘုရားရှိခိုးခြင်း၊ ပုတီးစိပ်ခြင်းတွေအပြင် ရွာထဲမှာရှိတဲ့ အစောင့်အရှောက်တွေပုဂ္ဂိုလ်တွေကိုမေတ္တာပို့ကာ အင်းကွက်ထိုင်ဆွဲနေတဲ့ချိန် ကြက်သမားမောင်ငယ်ရောက်လာပြီး ” ဆရာတို့ရောက်လာတာ ကျွန်တော်အတွက်အတော်ကောင်းတယ်ဗျာ” ” ဘာဖြစ်လို့လဲ မောင်ငယ်” ” ဘာဖြစ်ရမှာလဲ… ကျုပ်ကဆရာတို့နဲ့ရင်းနှီးတယ်ဆိုတာမြင်ပြီး မန်ကျီးပင်ပေါ်က ငတေ ငြိမ်ကုပ်သွားတယ်” ” ငတေ ဆိုတာက မင်းနဲ့ ဘာဖြစ်ထားလို့လဲ” ” ငတေနဲ့ ကျွန်တော်နဲ့က ဒီနေရာကိုရောက်တာမတိမ်းမယိမ်းပဲ၊ သူက မန်ကျီးသီးတက်ခူးရင်း ပြုတ်ကျသေတာ၊ သေတော့ အဲဒီအပင်ကိုစွဲပြီး မကျွတ်ဘူး၊ ကျွန်တော်ကလဲ ရွာတည်မယ့်နေရာမှာ သေတဲ့ကောင်၊ အဲဒီထဲကမှ နယ်ပိုင်ကွင်းပိုင်တွေက ကျွန်တော်ကိုရွာတော်ရှင်ပေးတာရယ်၊ ရွာထဲက ကြက်သမားတွေက အလေးပေးတာကြောင့် ဒီကောင်မကျေနပ်ပဲဖြစ်နေတာ၊ ခုတော့ ကျွန်တော်ကို မျက်နှာချိုသွေးပြီး အရင်နှုတ်ဆက်တာဗျာ ဟဲဟဲ” ” မင်းတို့လောကသားတွေအကြောင်းထက် ရွာထဲဖြစ်နေတဲ့ကိစ္စကပိုအရေးကြီးတယ်၊ ဒီည ငါတို့ ကြေးခေါင်းပြတ်ကို ဖမ်းဖို့ရှိတယ်၊
မင်းအပိုင်ထဲက ငယ်သားတွေကိုလဲ ပြောပြထား၊ တစ်ခုခုထူးခြားတာမြင်ရင် င့ါကိုလာပြောဦး” ” စိတ်ချပါဆရာ.. ငတေကိုလဲပြောပြထားလိုက်မယ်.. သူက ကျွန်တော်အပေါ်သာအနိုင်လိုချင်တာ၊ သူ့ရွာထိခိုက်မှာကိုတော့ ဒုတိယကြိမ်သေမှာထက်ကိုပိုကြောက်နေသေးတာ” မောင်ငယ်က သဘောကျစွာပြောပြီးပြန်ထွက်သွားခဲ့ရာ အောင်မြတ်သာတို့လဲ မိမိတို့စီရင်ရမယ့်ကိစ္စတွေကို အပြီးသတ်ဖို့လုပ်ဆောင်ခဲ့ကြတယ်။ ++++ ” အူး.ဝူး….” ရွာအနောက်ဘက်ကနေ စွဲစွဲငင်ငင်အူလိုက်တဲ့ ခွေးအူသံကြောင့် အောင်မြတ်သာတို့ ဆရာတပည့်နှစ်ယောက်လွယ်အိတ်ကိုယ်စီလွယ်ကာ ရွာထဲကိုဆင်းလာခဲ့လိုက်တယ်။ ” ရှပ် ရှပ် ရှပ်” လမ်းလျောက်နေရင်း အနောက်ကနေ ခြေသံကြားတာကြောင့်လှမ်းကြည့်လိုက်ရာ ကုန်းကုန်းကွကွနဲ့ လိုက်လာတဲ့မဲမဲကောင်တစ်ကောင်ကိုမြင်လိုက်ရတယ်။ ”
ဟိတ် … ဘယ်သူလဲ..” ” ကျုပ် ငတေ ပါ.. ဟိုကောင် ရွာအနောက်ဘက်က နွားခြံနားမှာ လိုက်သွားနေတာမြင်လို့ ဆရာတို့ကိုလာပြောပြတာ” ” အေးအေး ငတေ… ငါတို့လိုက်သွားကြည့်ပါမယ်.. မင်းရော မောင်ငယ်ရော ရွာထဲနေရာလပ်မရှိအောင် လိုက်ကြည့်ထားပေးဦး” ” ဟုတ်ကဲ့ဆရာ… အကြောင်းထူးတာနဲ့ လာပြောပါမယ်” ငတေ ထွက်သွားတာနဲ့ အောင်မြတ်သာတို့လဲ ရွာအနောက်ဘက် နွားခြံတွေဘက်ကိုထွက်လာခဲ့လိုက်တယ်။ +++++++ ” အဟက် အဟက် .. ဟီး ဟီး” ခြောက်ကပ်ကပ်ရယ်သံကြောင့် ခြံထဲမှာရှိတဲ့ နွားတွေအကုန်လုံး နှာမှုတ်သူကမှုတ်၊ ခွာယက်သူကယက်ဖြစ်ကုန်ကြတယ်။ ” ဆရာ.. ဒီကောင် နွားခြံနားမှာ ရစ်သီရစ်သီလုပ်နေပုံပဲ” ” အရင်ဆုံး နာမ်စွဲကပ်နေတဲ့ခေါင်းပြတ်ကို မိအောင်ဖမ်းရမယ်၊ ဒီကောင် နွားခြံထဲဝင်တဲ့အချိန်ထိ စိတ်ရှည်ရှည်စောင့်လိုက်ဦး” အောင်မြတ်သာတို့လဲ အမှောင်ထဲမှာ စိတ်ရှည်စွာစောင့်နေခဲ့ရာ တစ်အောင့်လောက်ကြာတော့ မေးရိုးရိုက်သံတဂတ်ဂတ်နဲ့အတူ နီကျင်ကျင်ကြေးရုပ်ခေါင်းပြတ်တစ်လုံး ခြုံထဲကနေ ထွက်လာတာကို မြင်လိုက်ရတယ်။ ” ဟီး ဟီး ဟီး… ” ” ဝမ်း… ” ” ဖရောက် ဖရောက်” နွားအုပ်ကြီးရဲ့ကြောက်လန့်တစ်ကြားအော်သံနဲ့အတူ အောင်မြတ်သာနဲ့မောင်ကောင်းက အမှောင်ထုထဲကနေထွက်ပြီး နွားခြံထိပ်မှာ ပိတ်ရပ်ကာ အင်းနှစ်ချပ်ကို တိုင်မှာရိုက်ချလိုက်တယ်။
အင်းချပ်တွေရိုက်ပြီးတာနဲ့ မန္တာန်တစ်ခုကိုဌာန်ပါပါမာန်ပါပါရွတ်ဖတ်ရာ နွားခြံထဲရောက်နေတဲ့ ကြေးခေါင်းပြတ်က ခြံစည်းရိုးကိုကျော်ပြီး ထွက်ပြေးဖို့ကြိုးစားပါလေရော။ ဒါပေမယ့် အောင်မြတ်သာရိုက်ထားတဲ့အင်းကြောင့် တစ်ပေတောင်ကြွအောင်မခုန်နိုင်ပဲ ခြံထဲကိုသာ တဘုတ်ဘုတ်ပြုတ်ကျနေတဲ့ချိန် မောင်ကောင်းက သိမ်ဝင်ပရိတ်ကြိုးကို လေးပင်ပူးချည်ပြီး ကြေးခေါင်းပြတ်ရုပ်ပေါ်ကနေ စွပ်ချလိုက်တယ်။ ” အား… ပူတယ်… ပူတယ်… လွှတ်စမ်း.. င့ါကိုလွှတ်” ကြေးရုပ်ကနေထွက်လာတဲ့အသံကြောင့် မောင်ကောင်း အံ့အားသင့်သွားပြီး ပရိတ်ကြိုးကိုမပြတ်ထွက်အောင် ခပ်တင်းတင်းဖိထားလိုက်တယ်။
” မောင်ကောင်း … သူ့ခေါင်းပေါ်ကို စမရိုက်လိုက်တော့” အောင်မြတ်သာစကားသံအဆုံးမှာ မောင်ကောင်းက အသင့်ဆောင်လာတဲ့ အင်းမစကွက်ကို ညာဘက်ထဲထည့်ပြီးဖျောင်းခနဲမြည်အောင်ရိုက်ချလိုက်တော့မှ ရုန်းကန်နေတဲ့ ခေါင်းပြတ်ကြီးက ငြိမ်ကျသွားခဲ့တယ်။ ” ဆရာ … ဒီကောင် မလှုပ်တော့ဘူး… ယူလာခဲ့လိုက်ရတော့မလား” ” ပရိတ်ကြိုးနဲ့ အင်းကွက်မလွတ်စေနဲ့… သတိထားဦး” မောင်ကောင်းလဲသတိထားပြီး ကြေးခေါင်းပြတ်ကိုယူလာခဲ့ရာ ” ဒီလိုအန္တရာယ်များတဲ့အစီအရင်ကိုမှလုပ်ရတယ်လို့” ” ဘာဖြစ်လို့လဲဆရာ..” ” ဒီအစီအရင်က အရမ်းကိုရက်စက်ပြီးကြောက်စရာကောင်းတယ်၊ မင်းအရုပ်ခေါင်းထဲကိုချောင်းကြည့်လိုက်၊ လူသေဦးခေါင်းခွံပေါ်မှာ အင်းဆွဲပီး အထဲမှာကပ်ထားတာမြင်ရလိမ့်မယ်” အောင်မြတ်သာစကားကြောင့် ကြေးရုပ်ခေါင်းထဲကို မီးအလင်းရောင်နဲ့ကြည့်လိုက်ရာ အနီရောင်ပိတ်စနဲ့မြဲနေအောင်ကပ်ထားတဲ့ အထုပ်တစ်ထုပ်ကိုမြင်လိုက်ရတယ်။ ” အချိန်ဆွဲနေလို့မရဘူး… သူ့ရဲ့အစီရင်တွေကိုဖျက်မှရမယ်၊ ဒီတစ်ခါထပ်လွတ်သွားရင်တော့ ပိုဆိုးကုန်လိမ့်မယ်” ” ဘယ်လိုဖျက်ရမှာလဲဆရာ…” ” မင်းက ဒီတိုင်းမြဲနေအောင်ကိုင်ထားဦး” အောင်မြတ်သာက မောင်ကောင်းကို ကြေးရုပ်ခေါင်းပြတ်ကိုကိုင်ခိုင်းထားပြီး အနားမှာရှိတဲ့မြေကွက်လပ်ပေါ်မှာ အင်းသုံးချပ်ကိုဖိုခနောက်ဆိုင်ထားကာ အလယ်မှာ ရှစ်ကွက်အင်းကိုခံထားလိုက်တယ်။
” ခေါင်းပြတ်ကို အလယ်အင်းချပ်ပေါ်တင်လိုက်တော့” မောင်ကောင်းလဲအသံကြားတာနဲ့ ချက်ချင်းဆိုသလို ခေါင်းပြတ်အရုပ်ကိုအင်းကွက်ပေါ်ချလိုက်တဲ့ချိန် အပြာရောင်မီးတောက်တွေ ဝုန်းခနဲထတောက်ပြီး ခေါင်းပြတ်ကြီးက တဆတ်ဆတ်ခုန်ပါလေရော။ အောင်မြတ်သာလဲ မီးတောက်ကိုစူးစိုက်ကြည့်ပြီး မန္တာန်တစ်ပုဒ်ကိုမနားတမ်းရွတ်ဖတ်လေရာ ခေါင်းပြတ်ကြီးက မီးထဲကနေ ရုန်းထွက်မရပဲ တစ်စတစ်စ လောင်ကျွမ်းနေခဲ့တယ်။ ” ငါ့ကိုလွှတ် … အား… ပူတယ်.. ပူတယ်… ” ကြေးခေါင်းပြတ်က မီးအားကြောင့် တစ်ဖြေးဖြေးအရည်ပျော်လာလေလေ အော်သံက ကြောက်မက်ဖွယ်ကောင်းလာလေလေဖြစ်လာခဲ့တယ်။ နောက်ဆုံးမှာတော့ ဦးခေါင်းပြတ်ထဲမှာချည်နှောင်ထားတဲ့ ဦးခေါင်းခွံက ဖောက်ခနဲကွဲထွက်တဲ့ချိန် အစွယ်ဖွေးဖွေး မျက်လုံးပြူးပြူးနဲ့ ဦးခေါင်းပြတ်တစ်လုံး မီးတောက်တွေကြားထဲကနေ တိုးထွက်လာခဲ့တယ်။ ” ဆရာ… ဒီကောင် အပြင်ကိုအတင်းရုန်းနေပါလား… ” မီးတောက်အပြင်ဘက်ကိုရောက်လုဆဲဆဲဖြစ်နေတဲ့ မျက်နှာကြောင့် မောင်ကောင်း စိတ်ထဲမရိုးမရွဖြစ်လာတဲ့ချိန် ” ဖောင်း” ဆိုတဲ့အသံနဲ့အတူ မီးဖွားတွေ ဖြာခနဲလွင့်ထွက်သွားခဲ့တယ်။
” ဟင်… ဒီကောင်တစ်စစီဖြစ်သွားတာလား… ဘယ်ရောက်သွားတာလဲ” ” ဟုတ်တယ်…မောင်ကောင်း၊ စီရင်ခဲ့တဲ့သူက ဦးခေါင်းထဲမှာ နာမ်ရုပ်အစွဲကိုအသေထည့်ထားခဲ့တယ်၊ ဒါကြောင့် အစီရင်ကို ငရဲလောင်မီးအင်းသုံးပြီးတော့ဖျက်စီးလိုက်ရတာ” ” အခြားခန္ဓာကိုယ်အစိတ်အပိုင်းတွေမှာရော စီရင်ထားတာမရှိနိုင်ဘူးလားဆရာ” ” နာမ်အစွဲကိုခေါင်းမှာထည့်ထားတာကြောင့် အခြားအစိတ်အပိုင်းတွေထဲမှာမရှိလောက်ဘူး၊ ဒီလိုအစီရင်မျိုးက ပျောက်ကွယ်နေတာ နှစ်အတော်ကြာပြီ၊ ဘယ်လိုကြောင့်ပြန်ပေါ်လာရတာလဲမသိဘူး” ” ဒီအစီရင်ရဲ့နောက်ကွယ်မှာ အခြားတစ်ယောက်ရှိနိုင်တယ်လို့ပြောချင်တာလားဆရာ” အောင်မြတ်သာကတော့ မောင်ကောင်းစကားကို ခေါင်းညိမ့်ပြပြီး အရည်ပျော်ကျနေတဲ့ ကြေးရုပ်ခေါင်းပြတ်နေရာကိုသာအတန်ကြာစိုက်ကြည့်နေခဲ့တယ်။
ပြီးတော့မှ ” နာမ်စွဲခေါင်းပြတ်ကြေးရုပ်ပေါ်လာတဲ့ ရွာဘက်ကို ငါတို့ထပ်သွားရဦးမယ်ထင်တယ်” ” ဘာဖြစ်လို့လဲဆရာ..” ” ဟိုရောက်ရင်သိရမှာပါ… ခုချိန်မှာတော့ အတိအကျပြောဖို့ခက်သေးတယ်၊ အင်း … ဒီတစ်ခါတော့ ဒင်းနဲ့ ထိပ်တိုက်တွေ့ကြပြီထင်ပါတယ်” မောင်ကောင်းလဲ အောင်မြတ်သာရဲ့ စကားကိုနားမလည်ဟန်နဲ့ခေါင်းကုတ်လိုက်ချိန် ” မီးလောင်ပျော်ကျနေတဲ့ ကြေးခေါင်းပြတ်ကို သေချာမြုပ်ပြီး ရွာထိပ်ကိုလိုက်လာခဲ့ဦး” ဆိုတဲ့အသံကိုကြားလိုက်ရတယ်။ ++++++ အောင်မြတ်သာတို့လဲ နာမ်စွဲနေတဲ့ကြေးရုပ်ခေါင်းပြတ်ကိုဖျက်စီးပြီး ကြေးရုပ်ရဲ့မူလဇစ်မြစ်ကိုပြန်လိုက်ဖို့ ဆက်လက်ထွက်ခွာလာခဲ့ကြတယ်။ ဒီအကြောင်းအရာကိုတော့ အောင်မြတ်သာနှင့် မှော်နက်ရှင်ဆိုတဲ့ဝတ္တုမှာဖတ်ရှုပေးကြပါဦး။ လေးစားစွာဖြင့် ဇေယန(ရာမည) #မူရင်းရေးသားသောသူများနှင့် စာရေးဆရာ-ဇေယန(ရာမည)အားလေးစားလျက်မေတ္တာဖြင့်မျှဝေသည်။🙏🙏🙏
Leave a Reply