ကျားဖုတ်(စ/ဆုံး)

ကျားဖုတ်(စ/ဆုံး)

—————

“အမလေး ကိုရင်လှချစ်ရဲ့ ကျုပ်ကိုထားခဲ့ပြီလားတော့”

ဖွားလေး ရွှေစာရဲ့ ငိုသံက နွေနေပူမှာ စည်စည်ဖားဖားကြီး ထွက်လာသည်။
ငိုပေမပေါ့။
ဆယ်စုနှစ်ပေါင်းများစွာကြာအောင် ပေါင်းသင်းခဲ့ကြတဲ့ ငယ်လင်ငယ်မယားတွေကိုး။

ငယ်လင်ငယ်မယားမို့သာ နှမျောစ်ိတ်နဲ့ ငိုသည်။ တကယ်တော့ ဖိုးလေးချစ်လှအသက်က၉၈နှစ်ရှိပြီ။
လူ့လောကမှာ ဇနီးသားသမီး မြေးမြစ်တို့နဲ့ ပျော်ပျော်ကြီးနေပြီးပြီ။
အခုတော့ မီးစာကုန်လို့ ဆီခမ်းသွားတာဖြစ်သည်။
အိပ်ယာပေါ်မှာပက်လက်ဖြစ်နေတာကြာပေါ့။
သားသမီးမြေးမြစ်တွေအပြုစုကောင်းလို့သာ ။
အပေါ့အလေးပင်အိပ်ယာထဲသွားရသည်။

တစ်အိမ်မှာကိစ္စဖြစ်ပြီဆိုတော့ တစ်ရွာလုံးဝိုင်းကြသည်။
သေလူကိုအကြောင်းပြုပြီး လူကြီးသူမတွေက တရားဆွေးနွေးကြသလို ကာလသားကာလသမီးတွေက လိုအပ်သမျှကူညီလုပ်ကိုင်ပေးကြသည်။
မီးလင်းတဲ့နေရာမှာ ဆူညံအောင်ဆော့နေတဲ့ကလေးတွေကိုလည်းခဏခဏ မောင်းထုတ်ရသေးသည်။

“ဝုန္​း”
“အမလေး လုပ်ကြပါအုံးတော့”
ပွက်လောရိုက်သွားသည့်အသံတွေနဲ့အတူ အလောင်းစင်ပေါ်က အလောင်းကောင်ကြီး နောက်ဂျွမ်းပြစ်ပြီး မြေကြီးပေါ်ခုန်ဆင်းလာသည်။
ဇွန်းတောင်မနိုင်တော့လို့ ထမင်းကိုခွံကျွေးမှစားနိုင်တဲ့သူက အခုတော့ လူလယ်ခေါင်မှာ အားမာန်အပြည့်။
သွေးရိုးသားရိုးမဟုတ်ဖူးဆိုတာ သိကြတာမို့ ဘယ်သူမှအနားမကပ်ရဲ။

“အမေ ဖိုးဖိုးကြီးက နှစ်တစ်ထောင်အတွင်းအားသိုင်း ကျင့်စဉ်အောင်သွားတာလား”
“တယ် သေနာလေး”

အံ့သြမင်သက်ပြီးအားလုံးတိတိဆိတ်နေကြချိန် ဖိုးလေးချစ်လှရဲ့ မြေအကြီးဆုံးကမွေးတဲ့ ဖိုးလေးချစ်လှရဲ့ အကြီးဆုံးမြစ် အောင်လှဘော်ဆီက အသံစီခနဲ ထွက်လာလို့ သူ့အမေကခေါင်းကိုပိတ်ခေါက်လိုက်တော့ ပါးစပ်ပိတ်သွားတယ်။
ဒါပေမဲ့နောက်ကျသွားပြီ ။
ဖိုးလေးချစ်လှအလောင်းကောင်ကြီးက အောင်လှဘော်တို့သားအမိဘက်ကိုမျက်နှာလှည့်ပြီး ခုန်အုပ်လိုက်သည်။

အခြေအနေကိုတွက်စမိတဲ့ အောင်လှဘော်ရဲ့အမေက သူ့သားကိုပါဆွဲကာ ဘေးကိုရှောင်တိမ်းလိုက်သည်။
ဟန်ချက်ပျက်သွားတဲ့ အလောင်းကောင်က တဖန် အောင်လှဘော်တို့သားအမိကို ခုန်အုပ်ဖို့လုပ်ပြန်တယ်။
“အား”
ဒီတခါတော့သွားပြီလို့တွေးပြီး အောင်လှဘော်ရဲ့အမေက သူ့သားကိုရင်ခွင်ထဲပွေ့ဖက်ထားရင်း ငယ်သံပါအောင် အာခေါင်ခြစ်အော်တယ်။
အလောင်းကောင်ကြီးက သူတို့သားအမိဆီမရောက်ခင်မှာ ရပ်တန်ုသွားတယ်။

“ဟားးဟားးခစ်းးခစ်းး”

မိန်းမနဲ့ သားကို ခိုက်မိမှာစိုးလို့ အလောင်းကောင်ရှေ့ဝင်ရပ်လိုက်တဲ့ အောင်လှဘော်ရဲ့အဖေကိုပဲအလောင်းကောင်က လည်မြိုကိုခဲထားတယ်။
အလောင်းထဲကိုခိုအောင်းလာတဲ့သတ္တဝါက ဘာပဲဖြစ်ဖြစ် ခန္ဓာကိုယ်ပိုင်ရှင်က သွားမရှိသူမို့ သွားဖုံးနဲ့ကိုက်တော့ ကြောက်ရမယ့်အစား ယားကျိကျိဖြစ်လို့ အောင်လှဘော်အဖေက ရယ်မိတယ်။

သွားမရှိပေမယ့် အားတော့သန်လှတယ်။
တောသားအလုပ်ကြမ်းသမားမို့ ကျစ်လစ်တုတ်ခိုင်လှတဲ့ အောင်လှဘော်အဖေ ကိုယ်ကောင်ကြီးကို ကိုက်ချီသွားဖို့ကြိုးစားတယ်။
သွားမရှိပေမယ့် လည်မြိုနေရာကို မိမိရရကိုက်မိသွားရင် သူသေနိုင်တယ်ဆိုတာ အောင်လှဘော်အဖေက သိတယ်။

“ဝေါင်……”
ဝင်းခေါင်းသံကြီးနဲ့တချက်အော်ပြီး အောင်လှဘော်အဖေကိုပစ်ချထားခဲ့ကာ အလောင်းကောင်ကြီးက လေးဘက်ထောက်ပြီး ခုန်ကာပြေးထွက်သွားတော့သည်။
ဒီတော့မှ ရွာသားတွေလည်း အောင်လှဘော်အဖေကို ဝိုင်းထူကြတယ်။

“ဟျောင့် …. ဖုတ်ကောင်ကြီးက မင်းကိုချပြီး ဘာလို့ပြေးသွားတာလဲ”
“ဂွကို ၂ချက်ဆင့်ကန်လိုက်တာကွ”

အကျဉ်းအကြပ်ထဲမှာ အကြံကောင်းရသော အောင်လှဘော်အဖေကြောင့် ငိုအားထက်ရယ်အားသန်လိုက်ရသည်။

“သွားသာမရှိတာ အားက အသန်သားဗျား
ကျုပ်ဖြင့်နည်းနည်းမှ ရုန်းမရဘူး
ဒါနဲ့မိရာကန်လိုက်တာ ဂွကန်မိသွားလို့ ကျုပ်လည်းသက်သာသွားတာ
နို့မိုရင် ကျုပ်ကို ဘယ်ထိချီသွားမလဲမသိဘူးဗျ”

“အလောင်းကောင်ကြီး ဒီအတိုင်းလျှောက်ပြေးနေတာ လွှတ်လို့မဖြစ်ဖူး သဂြိုလ်ဖို့ရှိသေးတယ်”
ရွာလူကြီး ဦးမှန်ခ ဝင်ပြောတော့မှ ရွာသားတွေလည်း ဘယ်ပုံဘယ်နည်းဖမ်းကြဖို့တိုင်ပင်ကြတယ်။

“သေပြီးမှ အားတွေရှိလှချည်လားတော့ ကိုရင်လှချစ်ရဲ့”
“အမေကလည်း ဘယ်လိုကြီးပြောလိုက်တာလဲ”

မသေခင်က မစားနိုင်မသောက်နိုင် မသွားနိုင်မလာနိုင်ဖြစ်ကာ အိပ်ယာထဲလဲနေရပြီး ဖုတ်ဝင်မှ သန်စွမ်းနေတာကို ဖွားလေးရွေစာက ရည်ရွယ်တာဖြစ်သော်လည်း စကားကအဓိပ္ပာယ်၂မျိုးထွက်နေသဖြင့် အကုန်လုံးက ပြုံးစိစိ။

၃ရက်လောက်ထိ အလောင်းကောင်၏အရိပ်အရောင်မျှမမြင်တွေ့ရသဖြင့် သေသူမပါပဲ ရက်လည်လိုက်ကြသည်။

“သူခိုးဗျိုး သူခိုး”
အော်သံနက်ကြီးကြောင့် အိပ်ပျော်လုဖြစ်နေသူများပင် နိုးထလာကြပြီး အသံကြားရာသို့ ရောက်လာကြသည်။

“ဟာ…ဖိုးလေးလှချစ်ကြီးပါလား”
“အေးကွ မနိုင်မနင်းကြီး”

နွားပေါက်ကလေးကို ဂုတ်မှကိုက်ခဲကာ ချီနေသော်လည်း ခန္ဓာကိုယ်ပိုင်ရှင်မှာ ချည့်နဲ့နေပြီးသားမို့ အရာမရောက်။
နွားပေါက်ကလေးက ရုန်းသည်။
ဖိုးလေးလှချစ်အလောင်းကောင်ကလည်း အားကုန်ဆွဲသည်။
နွားမကြီးကလည်း သူ့ကလေးအော်သံကြားတော့ အလောင်းကောင်ကို ချိုဖြင့်ဝင့်ဝှေ့သည်။
နွားမကြီးတိုက်ခိုက်တဲ့ဒါဏ်ကို အလူးအလဲခံပြီး မနိုင်တော့မှ ခုန်ထွက်ပြေးသွားသည်။

“အဖြစ်ဆိုးလှချည်လားအဘရယ်”
ဖိုးလေးလှချစ်သမီးငယ်၏ ဆွေးဆွေးမြေ့မြေ့တမ်းတသံက အားလုံးရဲ့ရင်ထဲမှာ နင့်ခနဲ။

“ဒီတိုင်းထားလို့တော့မဖြစ်တော့ဘူးဗျ။ရွာအတွက် အန္တရာယ်မကြီးလှဘူးဆိုပေသိ သွားလေသူအတွက် မကောင်းလှဘူးရယ်”

“ကဲ ဖိုးလေးလှချစ်မိသားစုတွေကရော ဘယ်လိုလုပ်ချင်တုန်း”

“မသိတော့ပါဘူး ဥက္ကဌကြီးတို့ရယ် ကောင်းသလိုသာ စီစဉ်ကြပါတော့”
ရွာသားတွေစုပေါင်းပြီးအစီစဉ်တစ်ခုကို ချလိုက်ကြသည်။

ရွာကလေး၏သင်္ချိုင်းသည် လရောင်အောက်တွင် တိတ်ဆိတ်နေသည်။
မှတ်တိုင်တစ်ခုတွင်ချည်ထားသော နွားငယ်လေးက နို့ဆာလို့လား ကြောက်လို့လား တဘဲဘဲ အော်လျက်။
ချွတ်ခနဲ အသံနှင့်အတူ လျင်မြန်လှသော အရိပ်တစ်ခုက နွားငယ်လေးဆီခုန်ဝင်သွားသည်။

“ဝုန္​း”
“ကျပြီဟေ့ ”

နွားငယ်လေးကို ခုန်အုပ်လိုက်သည်နှင့်တပြိုင်နက် ရွာသားတွေတူးထားသော ကျင်းနက်ထဲသို့ ဖိုးလေးလှချစ်အလောင်းကောင်ကြီးကျသွားသည်။
ပြန်ခုန်မတက်နိုင်အောင် နက်လှသည်ဖြစ်၍ စိတ်တိုသံဖြင့် တဝေါင်းဝေါင်း မာန်ဖီနေသည်။
တိတ်တိတ်ပုန်းနေသောရွာသားတွေထွက်လာကြပြီး ဆရာတော်ကိုပါပင့်လာသည်။
ဆရာတော်လည်း သမ္မာဒေဝနတ်ကောင်းများကို ပင့်ဖိတ်ကာ မေတ္တာသုတ်တော်ကို စတင်ရွတ်ဆိုသည်။
၉ခေါက်ရွတ်ဆိုအပြီးမှာ ပရိတ်ရေ ပရိတ်သဲတို့ဖြင့် အလောင်းကောင်ပေါ်သို့ လောင်းချသည်။

“ငြိမ်သွားပြီဟ”

အလောင်းကောင်ကြီးငြိမ်သွားတာနဲ့တပြိုင်နက် အပုပ်နံ့ကထောင်းခနဲထွက်လာသည်။
ဆရာတော်ကသရဏဂုံတင် မေတ္တာပို့အမျှဝေပြီး ကျောင်းသို့ပြန်ကြွသွားသည်။
အလောင်းကောင်ကိုတခါထဲ မြေဖို့လိုက်ကြသည်။
အသက်အန္တရာယ်မစိုးရိမ်ရသော်လည်း ထူးဆန်းသောဖုတ်ကို တရွာလုံး မေ့နိုင်ကြတေ့မည် မဟုတ်ချေ။

#နှင်းအိအိစံ

Be the first to comment

Leave a Reply

Your email address will not be published.


*