အသူရကာယ်ဘုံသား(စ/ဆုံး)

အသူရကာယ်ဘုံသား(စ/ဆုံး)

—————————

ကားထွက်ရန် အချိန် တစ်ဆယ့်ငါးမိနစ်ခန့်
လိုသေး၍ သူကားပေါ်မတက်သေးပဲ ကားဝင်းအတွင်းမှ ကွမ်းယာဆိုင်တစ်ဆိုင်သို့
လျှောက်သွားကာ ကွမ်းယာ နှစ်ရာဖိုးမှာလိုက်ပြီး ဆိုင်ရှေ့မှ သစ်သားခုံတန်းလေးတွင်ထိုင်စောင့်နေလိုက်သည်။ခဏအကြာမှာထားသော ကွမ်းယာ ရသဖြင့် သူလှမ်းယူကာ ပိုက်ဆံပေးပြီး
ကားဆီသို့ ပြန်အလာ…လမ်းဘေးတစ်နေရာတွင် အလွန်အသက်ကြီးနေပြီဖြစ်သော အဖိုးအို
တစ်ဦးအားတွေ့သဖြင့် ထိုအဖိုးအိုထံလျှောက်သွားလိုက်သည်။
သူ၏ နဂိုစိတ်ရင်းက ဤကဲ့သို့ အသက်ကြီး
ဝါကြီး ပုဂ္ဂိုလ်များ လမ်းဘေးတွင် တောင်းရမ်းစားသောက်နေသည်ကို မြင်လျှင် မိမိ၏ မိဘဆွေမျိုးများဖြစ်နေလျှင် ဆိုသော ကိုယ်ချင်းစာစိတ်ဝင်လာပြီး တက်နိုင်သမျှ
လှုဒါန်းပေးကမ်းတတ်သည်။လူကြီး၏
အင်္ကျီမှာ စုတ်ပြဲနေပြီး ယောလုံချည်ကို
ဝတ်ဆင်ထားသည်။ခေါင်းတွင် ဝါးခမောက်တစ်လုံးဆောင်းထားပြီး တောင်ဝှေးသဖွယ်တုတ်တစ်ချောင်းကို
ဘေးတွင်လှဲချထားသည်။သူက အဖိုးအို၏
ရှေ့တွင်ဆောင့်ကြောင့်ထိုင်လိုက်ပြီး အိတ်ထဲမှ တစ်ထောင်တန်တစ်ရွက်ကို ထုတ်ကာ ကမ်းပေးလိုက်သည်။အဖိုးအိုက
ကမ်းပေးသော တစ်ထောင်တန်ကို လှမ်းမယူသေးပဲ သူ၏ မျက်နှာကို စူးစိုက်ကြည့်ကာ တစ်ခွန်းချင်းပြောလိုက်သည်။

“ကံကြမ္မာဆိုတာ ရှောင်လွှဲလို့မရဘူး…
လူတွေဟာ မိမိပြုခဲ့တဲ့ ကုသိုလ် အ ကုသိုလ်
တွေရဲ့အကျိုးဆက်အတိုင်း ခံစား စံစား ကြရမှာပါပဲလေ…သံသရာခရီးက အရမ်း ရှည်ကြာလွန်းလှတယ်…အဲ့ဒီခရီးမှာ တွေ့ဆုံ
ကြုံကွဲနဲ့ အကြိမ်ကြိမ်အဖန်ဖန် ကျင်လည်ကြရမှာပဲ…ကဲကဲ…သွားပေဦးတော့ လူကလေးရေ”

အဖိုးအို၏စကားက အနည်းငယ်ထူးဆန်းနေသလို သူ့စိတ်ထဲ ထင်လိုက်မိသည်။အဖိုးအိုက သူပေးသော
တစ်ထောင်တန်ကို လှမ်းယူကာ ထိုနေရာမှ
ထထွက်သွားသဖြင့် သူလည်း စီးရမည့်
မှန်လုံကားပေါ်သို့ တက်ကာ မိမိစီးရမည့်
ခုံနံပါတ် (၁၃) တွင်ထိုင်လိုက်သည်။သူ၏
အဝတ်အစားများထည့်ထားသော ကျောပိုးအိတ်ကို ပေါင်ပေါ်တင်ထားပြီး
အခြားအိတ်တစ်အိတ်ကို ပုခုံးတွင်ပင် လွယ်ထားလိုက်သည်။ထိုအိတ်ကလေးထဲတွင်တော့ သူ၏ မိဘများ ရွာမှ မှာထားသော ဘုန်းကြီးသင်္ကန်းနှစ်စုံပါလာသည်။
ထိုင်ခုံတွင်ထိုင်လိုက်ပြီး ကားမူးပြေဆေးကို
သောက်ကာ သူ၏မျက်လုံးများကို မှေးစင်းကာ ငြိမ်သက်စွာ ထိုင်ရင်း အတွေးနယ်ချဲ့နေမိသည်။သူသည် မွန်ပြည်နယ်အတွင်းရှိ မော်လမြိုင်မြို့နယ်အပိုင် ဇော်ကုန်းကျေးရွာမှနေ၍ ရန်ကုန်တွင်စီးပွားရေးတက္ကသိုလ်တက်နေသူတစ်ဦးဖြစ်သည်။ယခု နောက်ဆုံးနှစ်စာမေးပွဲပြီး၍ ရွာသို့ပြန်လာခြင်းဖြစ်သည်။သူ၏ မိဘများက လယ်ပိုင်ယာပိုင်များဖြစ်သဖြင့်
အတော်အတန်ပြေလည်သည်ဟုဆိုနိုင်သည်။ယခုလည်း သူရွာပြန်လာလျှင် ရွာဘုန်းကြီးကျောင်းတွင် ကျောင်းထိုင်ဖြစ်နေသော သူ၏ ဘကြီးတော်သူအား သင်္ကန်းကပ်လှုလိုသည်ဟုဆိုကာ သင်္ကန်းဝယ်လာခိုင်းသဖြင့် ဝယ်လာခြင်းဖြစ်သည်။ကားက ရန်ကုန်မှ စ
ထွက်လာသည်။သူလည်း အိပ်လိုက် နိုးလိုက်ဖြင့် ကားပေါ်လိုက်ပါလာသည်။
သူ၏ ဘေးခုံတွင် သားအမိနှစ်ယောက်လိုက်ပါလာသည်။ကလေးက လသားအရွယ်ပင်ရှိသေးသည်။
တစ်လမ်းလုံးငိုယိုနေသဖြင့် မိခင်က ချော့သိပ်သော်လည်း ခဏသာတိတ်သွားပြီး
စူးစူးဝါးဝါးငိုနေသည်။သူလည်းသောက်ထားသော ဆေးအရှိန်ကြောင့် တစ်လမ်းလုံးအိပ်လိုက် နိုးလိုက်ဖြင့် လိုက်ပါလာရာ…သိမ့်ကနဲ့ တုန်ခါသွားသဖြင့်
အိပ်နေရာမှ နိုးလာသည်။သူနိုးလာတော့ ကားထဲမှာ မဟုတ်တော့…
အဝေးပြေးလမ်းမကြီးပေါ်တွင် မတ်တပ်ရပ်လျက်သားရှိနေသည်။သူ နားမလည်နိုင်စွာဖြင့် ဘေးဘီသို့ ဝေ့ဝဲကြည့်လိုက်သည်။ပတ်ဝန်းကျင်တစ်ခုလုံး မှောင်မည်းနေသည်။အတန်ကြာမှ အသံတစ်သံကိုကြားလိုက်ရသည်။

“ကလေးလေး…သားလေး…ကျမသားလေးကို ရှာပေးကြပါဦး”

ဆိုသောအသံနှင့်အတူ သူ၏ဘေးခုံမှ ကလေးအမေက သူ့ဘေးမှဖြတ်ကာ လမ်းဘေးတစ်နေရာသို့ ပြေးဆင်းသွားသည်။သူလည်း ထိုမိန်းမကြီးအား လိုက်ကြည့်ရာ လမ်းဘေး
လယ်ကွင်းတွင် မဲမဲအရိပ်များ ဟိုသည် ပြေးလွှားနေသည်ကိုတွေ့လိုက်ရသည်။
သူ…အဖြစ်အပျက်များကို ဘာမှနားမလည်နိုင်ပဲ ငေးကြည့်နေမိသည်။
သူ့နားထဲတွင် ညည်းညူသံများ နာကျင်စွာ
အော်ဟစ်နေသံများကို ကြားနေရသည်။

“အား…ကယ်ကြပါဦး”

“ဘုရားရေ…ငါ့…ငါ့ပစ္စည်းတွေ”

သူလည်း လမ်းဘေးမှ လယ်ကွင်းဆီသို့ ပြေးသွားလိုက်သည်။သူ၏ ခြေလှမ်းများသည် ပေါ့ပါးလွန်းလှသည်ဟု
ထင်မိသည်။သူသည် လေထဲတွင် ပြေးနေရသကဲ့သို့ ခံစားနေရသည်။
ပြေးနေရင်း သူ၏ ခြေလှမ်းများကို သူထိန်းမရတော့…။သူ၏ ခြေလှမ်းများက
သူ့ကို ထိန်းချုပ်နေသကဲ့သို့ဖြစ်ကာ သူမသိသော တစ်နေရာသို့ ရောက်သွားသည်။ထိုနေရာက ရွာတစ်ရွာ၏
လမ်းမအလယ်။ရွာရှိလူများက ပွဲတော်တစ်ခုခုသို့သွားမည်ကဲ့သို့ ဝတ်ကောင်းစားလှများဝတ်ဆင်ထားသည်ကို သတိပြုလိုက်မိသည်။ရွာရှိအိမ်တိုင်းတွင်
ရေနံဆီမီးခွက်များကို ထိန်လင်းနေအောင်
ထွန်းထားကြသည်။ရွာလမ်းမများ၏ တစ်ဖက်တစ်ချက်တွင်လည်း ရေနံဆီမီးတုတ်များ ထွန်းညှိထားရာ တစ်ရွာလုံးလင်းထိန်နေသည်။သူ၏ဘေးမှ
လူတစ်စုက ရယ်မောပျော်ရွှင်စွာဖြင့် စကားပြောဆိုရင်း ဖြတ်လျှောက်သွားကြသည်။အခြားလူများကလည်း မိမိအစုနှင့်မိမိ ပျော်ရွှင်စွာ တစ်နေရာတည်းသို့ ဦးတည်လျှောက်သွားနေသဖြင့် သူလည်း ထိုလူအုပ်ကြီးနောက်သို့ လိုက်သွားမိသည်။
သူတစ်ခုသတိထားမိသည်က…သူက ထိုလူများကိုတွေ့မြင်နေရသော်လည်း ထိုသူများကတော့ သူ့ကိုတွေ့မြင်ဟန်မတူ…
သူ့ကို စောင်းငဲ့၍ပင်မကြည့်ပဲ သွားလာနေကြသည်ကိုပင်…။သူ့ဘေးမှ
လူကြီးတစ်ဦးအား အကျိုးအကြောင်းမေးရန် သူလှမ်းခေါ်လိုက်သော်လည်း ထိုသူက သူ့အား တွေ့မြင်ဟန်မတူ…သူ့အသံကိုလည်း
ကြားဟန်မတူပဲ ရှေ့ဆက်လျှောက်သွားသည်။သူလည်း
ထိုလူအုပ်ကြီးနှင့်ရော၍လိုက်သွားမိရာ…
မကြာမီ ကွင်းပြင်ကျယ်ကြီးတစ်ခုဆီသို့ ရောက်သွားသည်။ထိုကွင်းပြင်တစ်ခုလုံး
မီးများလင်းထိန်နေပြီး ဇာတ်စင်တစ်ခုကိုလည်း တွေ့ရသည်။
ပွဲစျေးတန်းတစ်လျှောက်တွင်လည်း စျေးဆိုင်များကဲ့သို့ အစားအစာများ အဖျော်ယမကာများနှင့် အဝတ်အထည်များကို တွေ့ရသော်လည်း
ရောင်းသူများကိုမတွေ့ရ။ပွဲစျေးတန်းမှ လူများက ထိုအစားအသောက်များနှင့်
အဝတ်အထည်များကို ယူငင်သွားကြသည်။
သူလည်း ထူးဆန်းလှသော မြင်ကွင်းကို
ငေးကြည့်နေမိစဉ် ဇာတ်စင်ဘက်ဆီမှ ချိုလွင်သာယာသော တီးမှုတ်သံများနှင့်အတူ မိန်းကလေးတစ်ဦး၏ သာယာသော အသံထွက်ပေါ်လာသည်ကိုကြားလိုက်ရသည်။သူလည်း ဇာတ်စင်အနီးသို့ တိုးကပ်ကာ
ကြည့်လိုက်ရာ အလွန်လှပချောမောသော
မိန်းကလေးတစ်ဦးသည် သီချင်းဆိုလိုက်…
တီးလုံးတီးသောအချိန်တွင် က လိုက်ဖြင့်
ဖျော်ဖြေနေသည်ကို တွေ့လိုက်ရသည်။
သူ ထိုမြင်ကွင်းကို ငေးကြည့်နေမိစဉ် အေးစက်နေသော လက်တစ်စုံက သူ့ပခုံးကို
လာထိသဖြင့် နောက်ဘက်သို့ လှည့်ကြည့်လိုက်ရာ အသက်လေးဆယ်ခန့်ဟု ခန့်မှန်းရသော လူကြီးတစ်ဦးကိုတွေ့လိုက်ရသည်။သူသည်
ထိုလူကြီးအား တစ်ကြိမ်တစ်ခါမှ မမြင်တွေ့ဖူးသော်လည်း သူ၏ စိတ်ထဲတွင်
ရင်းနှီးနေသကဲ့သို့ ခံစားလိုက်ရသည်။ထိုလူကြီးက သူ၏ လက်တစ်ဖက်ကိုဆွဲကာ ခေါ်သွားသဖြင့် သူလည်းလိုက်သွားမိသည်။ကွင်းပြင်ကြီးနှင့်
အတော်ဝေးသောနေရာသို့ ရောက်သောအခါ သူက ထိုလူကြီးအား
သိချင်သည်ကိုမေးလိုက်မိသည်။

“အဘ က ကျနော့်ကိုတွေ့ရလား”

လူကြီးထံမှ အက်ကွဲကွဲအသံထွက်ပေါ်လာသည်။

“တွေ့ရလို့ ငါ့မြေးကိုခေါ်လာတာပေါ့ကွဲ့”

“ဒါဆို ကျန်တဲ့လူတွေက ဘာလို့ ကျနော့်ကို
မတွေ့တာလဲ”

“ဒါကတော့ သူတို့နဲ့မသက်ဆိုင်လို့ပေါ့ကွယ်”

“ဒါဆို အဘနဲ့ကျနော်နဲ့က သက်ဆိုင်လို့လား”

“သိပ်ပြီးတော့ သက်ဆိုင်တာပေါ့ကွယ်…
မင်းက ငါ့မြေးလေးပဲကွယ့်…ဒါကြောင့်ပဲ
မင်းကို ဒီနေရာရောက်အောင် ခေါ်ခဲ့ရတာပေါ့ကွယ့်”

လူကြီး၏စကားကြောင့် သူလည်း အံ့အားသင့်စွာဖြင့် ပြန်မေးလိုက်သည်။

“ကျနော်က အဘရဲ့မြေး…ဟုတ်လား”

“ဟုတ်တာပေါ့ကွယ်…ကဲ…
ဒီအကြောင်းမပြောခင် ငါ့မြေး ခုဘယ်ရောက်နေတယ်ဆိုတာ သိရဲ့လား”

ဟုမေးလိုက်ရာ သူလည်း စိတ်ထဲ ရှိသည့်အတိုင်းပြောလိုက်သည်။

“ဒါ…ကျတ် ရွာမဟုတ်လား”

အဖိုးအိုက ပြုံး၍ ခေါင်းခါသည်။ထို့နောက်မှ တစ်လုံးချင်း ပြောလိုက်သည်။

“မင်းရောက်နေတာ ကျတ်ရွာမဟုတ်ပါဘူးကွာ…
အသုရကာယ်ဘုံ ကွ”

ထိုစကားကြောင့် သူလည်း အံ့အားသင့်စွာဖြင့် ပြန်ပြောလိုက်မိသည်။

“ဗျာ…အသုရကာယ်ဘုံ…ဟုတ်လား”

“သိပ်ဟုတ်တာပေါ့ကွာ…ကဲပါ…မင်း မမွေးခင်ကတည်းက ငါသေသွားတာဆိုတော့ မင်းကတော့ ငါ့အကြောင်း သေသေချာချာသိမှာမဟုတ်ဘူး…ငါပဲ သေချာပြောပြပါ့မယ်…မင်းမိဘတွေကတော့ ဒီအကြောင်း မင်းကို မပြောပြဖူးဘူးဆိုတာ
ငါသိပါတယ်…”

“ဗျာ…ဘာအကြောင်းလဲ”

“အင်း…ငါက အရမ်းရက်စက်ကြမ်းကြုတ်တဲ့ သားသတ်သမားတစ်ယောက်ဖြစ်တယ်ဆိုတာရယ်…မိုးကြိုးပစ်ခံရပြီး သေခဲ့ရတယ် ဆိုတာရယ်ကိုပေါ့”

* * *

ဖိုးဒင်…ထိုနာမည်ကြားသည်နှင့် တစ်ရွာလုံးက အော့ကြောလန်ကြရသည်။
ဖိုးဒင် ကအရက်သမား…နေ့မရှောင် ညမရှောင် သောက်သောတကယ့်အရက်သမားကြီး။
သောက်စားပြီး မူးလာလျှင်လည်း တွေ့သမျှလူများကို ရန်ရှာတတ်သူ။
သူလုပ်သည့်အလုပ်က သားသတ်သမားအလုပ်။ထိုအချိန်က ထိုရွာနှင့်တကွ အနီးအပါးရွာများအားလုံးက
ဘာသာတရားအလွန်ကိုင်းရှိုင်းပြီး ငါးပါးသီလကို မြဲမြံစွာ စောင့်ထိန်းနေကြသူများသဖြင့် သားသတ်သောအလုပ်ကို စိတ်ကြမ်းလူကြမ်း ဖိုးဒင် ကဒိုင်ခံလုပ်ပေးသဖြင့် စီးပွားရေးလည်း ချောင်လည်သူဟု ဆိုနိုင်သည်။နွားပေါ် ဝက်ပေါ် ဆိတ်ပေါ် လျှင် ဖိုးဒင်အား အခကြေးငွေပေး၍ခေါ်ကြရသည်။ဖိုးဒင် အမဲပေါ်ရာတွင် အခြားသူများကဲ့သို့မဟုတ်..
တစ်ချက်တည်း သေအောင် နှာနုကို ပုဆိန်နှင့်ထုသတ်ခြင်း…လှံရှည်ဖြင့် လည်ချောင်းကို ထိုးသွင်းခြင်းကို သိပ်မလုပ်။သူအမဲပေါ်ပုံက တစ်မျိုး…။
အလွန်ရက်စက်၍ သွေးပျက်ဖွယ်ကောင်းလှသည်။သူ့အလုပ်မစခင် အရက်ကိုမူးနေအောင် သောက်လိုက်သည်။ထို့နောက် သူသတ်ရမည့် နွား ဝတ် ဆိတ် တို့ကို မြေပြင်တွင် ခိုင်မြဲစွာရိုက်ထားသော
ငုတ်တိုင် လေးတိုင်တွင် ခြေတစ်ဖက်ဆီအား
မြဲမြံစွာ ချည်နှောင်လိုက်သည်။ထို့နောက်မှ
သူကိုယ်တိုင် နေ့တိုင်းသွေးထားသော ဓါးမြှောင်ဖြင့် ထို တိရစ္ဆာန်တို့၏ ခြေထောက်အောက်အဆစ်များကို တစ်ချောင်းချင်းဖြတ်လိုက်သည်။ထိုအခါ
ခြေထောက်အဖြတ်ခံရသော တိရစ္ဆာန်များမှာ ပြေးလည်းမရ သေလည်းမသေသေးပဲ အော်ဟစ်ရုန်းကန်
နေရသည်။ထို့နောက်မှသူက ထိုတိရစ္ဆာန်၏
လည်ချောင်းအား လှီးဖြတ်ပြီးသွေးတို့ကို
ခံထားသည်။ထို့နောက်မှ အကြောဆွဲနေသော ထိုအကောင်များ၏
ဝမ်းဗိုက်ကိုခွဲကာ ကလီစာများကို ထုတ်ယူပြီး ကျန်အသားများကို ဖြတ်တောက်တတ်သည်။ထိုသို့ လုပ်ရသည်ကို သူပျော်သည်။သူတို့ကျေးရွာ
အပါအဝင် ထိုရွာအနီးအနားမှရွာများသည်
အလှူပွဲ ရှင်ပြု မင်္ဂလာဆောင် အစရှိသည်တို့
ပြုလုပ်ရာတွင် အသားငါးများကို စျေးမှ
ဝယ်လေ့မရှိပဲ နွားများ ဝက်များ ဆိတ်များကို အကောင်လိုက်ဝယ်၍ အလှူလုပ်မည့်ရက်ရောက်မှ သတ်၍ချက်လေ့ရှိရာ ဖိုးဒင်အတွက် ငွေရပေါက်ကချောင်နေသည်။အ ကုသိုလ်
အကျိုးပေးသည် နောင်ဘဝမကူးပဲ ခံရတတ်ကြောင်း သူ့ကိုသတိပေးနေသော
အဖြစ်အပျက်များလည်းကြုံခဲ့ရသည်။
တစ်ခါက ရွာဘုရားပွဲအချိန်…ပွဲစျေးတန်းမှ
အရက်ဆိုင်တစ်ဆိုင်တွင် သူအရက်ထိုင်သောက်နေစဉ် လူတစ်ဦးက
လူမှားပြီးသူ၏ ဝမ်းဗိုက်အား ဓါးမြှောင်ဖြင့်
ထိုးလိုက်ရာ အသက်မသေရုံတမယ် ဆေးကုသခဲ့ရသည်။ထို့ထက် ဆိုးသည်က
သူ၏ သားဦးကလေးမွေးသောအချိန်…။
သူက မိဘများလည်းမရှိတော့သဖြင့် တစ်ကိုယ်တည်းနေပြီး စီးပွားရေးအဆင်ပြေနေချိန်တွင် အခြားရွာမှ
မသန်းမေ ဆိုသောမိန်းကလေးနှင့် အိမ်ထောင်ကျခဲ့သည်။အိမ်ထောက်သက်တမ်း နှစ်နှစ်ကျော်တွင် မသန်းမေက သားဦးလေးမွေးသည်။မီးနေခန်းအပြင်ဘက်တွင် ဖိုးဒင်က ဟိုလျှောက် ဒီလျှောက်ဖြင့်
စိတ်လှုပ်ရှားနေစဉ် မီးနေခန်းထဲမှ လက်သည်၏အသံထွက်ပေါ်လာသည်။

“မွေးပြီဟေ့…မွေးပြီ…ယောက်ျားလေးတော့်
ဟင်…ကလေးက”

လက်သည်၏ အသံတိတ်သွားသည်။သူလည်း မီးနေခန်းအတွင်းသို့ ဝမ်းသာအားရ ပြေးဝင်ကာ ကလေးအား ကြည့်လိုက်သည်။
ကလေးက အနှီးဖြင့်ထုပ်ထားပြီးပြီ ဖြစ်သဖြင့် မျက်နှာကိုသာ တွေ့ရသည်။

“ချစ်စရာကောင်းလိုက်တာ”

သူ ထိုသို့ ပြောဆိုနေစဉ်မှာပင် လက်သည်အဖွားကြီးက သူ့အား လက်တို့ကာ အပြင်သို့ ခေါ်ထုတ်ခဲ့သည်။
အပြင်သို့ ရောက်သောအခါ လက်သည်အဖွားကြီးက သူ့အား စိတ်မသက်သာဟန်ဖြင့်ပြောပြသည်။

“နင် စိတ်ကို ငြိမ်ငြိမ်ထားနော်…
နင့်ကလေးတစ်ကိုယ်လုံး ဝက်မွှေးတွေလို
အမွှေးကြမ်းကြမ်းကြီးတွေပေါက်နေတယ်..
ပြီးတော့…အဲ့ထက်ဆိုးတာက သူ့မှာ ခြေဖဝါးလက်ဖဝါးတွေမပါဘူး…လက်ကောက်ဝတ်နေရာ ခြေကောက်ဝတ်နေရာတွေကနေ တုံးတိကြီး
ပြတ်နေတယ်ဟဲ့”

ထိုစကားကြောင့် သူ မူးမေ့လဲကျသွားမတက် ထိန့်လန့်တုန်လှုပ်သွားမိသည်။သို့သော်…
သူ အမှန်တရားကို လက်မခံနိုင်သေး…။
မိုက်မြဲမိုက်နေဆဲပင်…။ထိုကလေးလေးတစ်နှစ်ခန့်အရွယ်…မသန်းမေကကလေးကိုခေါ် ၍သူမ၏ မိဘများအိမ်သို့ အလည်သွားချိန်တွန် သူမ၏ မိဘအိမ်မှ နွားကြီးက တင်းကုပ်မှ အတင်းရုန်းကန် ထွက်လာကာ သူမအား ကိုယ်လုံးဖြင့် တိုက်လိုက်ရာ သူမလဲကျသွားသည်။
ချီထားသော ကလေးလေး မြေပြင်သို့ ကျသွားချိန်တွင် ထိုနွားနင်း၍ ကလေးလေး
သေရရှာသည်။ထိုအချိန်မှပင် ဖိုးဒင်လည်း
အ ကုသိုလ် အလုပ်ကိုကြောက်ရွံ့သွားကာ
သားသတ်သောအလုပ်ကို စွန့်လွှတ်လိုက်ပြီး
သူ့ယောက္ခမများပိုင်ဆိုင်သော လယ်ယာများကို ကြိုးစားလုပ်ကိုင်တော့သည်။အလှူအတန်းများလည်းမကြာခဏပြုလုပ်ကာ အတိတ်မှ
အရိပ်ဆိုးကြီးအား မှေးမှိန်ပျောက်ကွယ်စေရန် ကြိုးစားခဲ့သည်။
သူတို့တွင် နောက်ထပ် ကလေး ယောက်ျားလေး
နှစ်ယောက်နှင့် မိန်းကလေးတစ်ယောက်
ရရှိခဲ့သည်။အကြီးကောင် ကျော်ခင် ကိုးနှစ်အရွယ် အလတ်ကောင် ကျော်ဒင်
ခုနှစ်နှစ်အရွယ်တွင် သားနှစ်ယောက်အား
ကြီးကျယ်ခမ်းနားစွာ ရှင်ပြုပေးခဲ့သည်။
သူမည်သို့ပင် ကောင်းမှုများလုပ်လုပ်…
အတိတ်မှ မကောင်းမှုတို့သည် သူ့နောက်သို့
အရိပ်သဖွယ်လိုက်နေသည်ကို သူ သိခဲ့ရချိန်ကတော့…။ထိုနေ့က မိုးစက်များတဖွဲဖွဲ ကျနေသည်။ညနေခင်းအချိန်တွင် သူလယ်ထဲမှ အိမ်သို့ပြန်ရန် ကန်သင်းရိုးအတိုင်း လျှောက်လာသည်။
ထိုစဉ် ကောင်းကင်တစ်ပြင်လုံး မှောင်မည်းသွားကာ မိုးက တစ်ဖွဲဖွဲရွာနေရာမှ သည်းထန်စွာ ရွာချလိုက်သည်။သူလည်း အိမ်ဘက်ဆီသို့
ခပ်သွက်သွက်လျှောက်လာစဉ် သူ၏ ရှေ့တူရှုမှ ပြေးဝင်လာသော မည်းမည်း
သဏ္ဍာန်တစ်ခုကို တွေ့လိုက်ရသဖြင့်
သေချာကြည့်လိုက်ရာ အလွန်ကြီးမားပြီး
ဦးချိုကားကားနှင့် သူ့ထံပြေးဝင်လာသော
နွားနက်ကြီးတစ်ကောင်ကို တွေ့လိုက်ရသည်။သူရှောင်တိမ်းချိန်မရတော့ပေ…နွားကြီးက သူ၏ဝမ်းဗိုက်အား ဦးချိုဖြင့်ထိုးစိုက်ကာ အပေါ်သို့ ထိုးကော်တင်လိုက်သဖြင့် သူလည်းလေပေါ်သို့ အတန်ငယ် မြောက်တက်သွားကာ လယ်ကွင်းထဲသို့
ပြန်ကျသွားသည်။သူ၏ ဝမ်းဗိုက်အား ငုံ့ကြည့်လိုက်ရာ ပေါက်ပြဲနေပြီး အူအချို့က အပြင်သို့ထွက်နေလေပြီ။သူလည်း နာကျင်မှုဒါဏ်ကြောင့် ညည်းညူနေရင်းမှ
မတ်တပ်ရပ်ရန်ကြိုးစားနေချိန်…။

“ဂျိန်း…ဂျလိန်း”

ဆိုသောမိုးခြိမ်းသံကြီးကို သူကြားလိုက်ရသည်။သူသေရတော့မည်ကို
သူသိနေသည်။ထိုအချိန် သူ့အာရုံထဲပေါ်လာသည်က တိရစ္ဆာန်များကို
ရက်ရက်စက်စက်သတ်ဖြတ်ခဲ့ပုံများ…
သားနှစ်ယောက်အား ရှင်ပြုပေးခဲ့ပုံများ…
ထိုအချိန်တွင် ကောင်းကင်တစ်ပြင်လုံး
မှောင်နေရာမှ ရုပ်ချည်း လင်းသွားကာ
ပြန်မှောင်ကျသွားတော့သည်။ဖိုးဒင် တစ်ညလုံး အိမ်ပြန်မလာသဖြင့် နောက်တစ်နေ့မနက်စောစောတွင် တစ်ရွာလုံးလိုက်ရှာကြရာ ရွာပြင်လယ်ကွင်းတွင် တစ်ကိုယ်လုံးမည်းနက်နေပြီး ဗိုက်ပွင့်ကာ
သေဆုံးနေသော သူ၏အလောင်းကို တွေ့လိုက်ကြရတော့သည်။

* * *

“အဘပြောနေတာတွေက အမှန်တွေလားဟင်”

“အမှန်တွေပေါ့ကွာ…မင်းကိုခုလိုပြောပြရတာကလည်းအကြောင်းရှိလို့ကွ…အကူအညီတောင်းချင်လို့ဆိုပါတော့ကွာ”

“ဗျာ…ကျနော်ကဘယ်လိုကူညီပေးရမလဲ”

“ဒီလိုပါကွာ…မင်းက မသေသေးဘူးကွ…
မင်းသတိမေ့နေတဲ့အချိန်မှာ မင်းဝိညာဉ်က
မျောနေတာကွ…တကယ်လို့ မင်းသတိပြန်ဝင်လာတဲ့အချိန်ကျရင် ရွာမှာ
ကျောင်းထိုင်ကြီးဖြစ်နေတဲ့ ငါ့သားကြီး…
မင်းဘကြီးကို ငါ့အတွက် ကုသိုလ်ပြု အမျှအတန်းဝေပြီး ဒီဘဝက မြန်မြန်လွတ်အောင်လုပ်ပေးဖို့ပြောပေးပါကွာ…ကဲ…မင်းလည်းသွားပေဦးတော့ မြေးလေးရေ…အဘမှာတာတွေကိုတော့ မမေ့ပါနဲ့ကွာ”

သူလည်းအဖိုးအိုအား နှုတ်ဆက်ကာ ရွာလမ်းအတိုင်း ပြန်လျှောက်လာသည်။
သူရွာပြင်သို့ရောက်သည်အထိ မည်သူတစ်ဦးတစ်ယောက်ကိုမှ မတွေ့ရပဲ
ခြောက်ခြားဖွယ်ကောင်းလောက်အောင်
တိတ်ဆိတ်နေသည်။ရွာပြင်သို့ သူရောက်သွားသောအချိန်တွင် သန်းခေါင်ကျော်နေလေပြီ။သူလည်း ဘယ်သွားရမှန်းမသိသဖြင့် ငေးငိုင်နေစဉ်မှာပင် ရွာထဲမှ
ကျယ်လောင်သော ခွေးဟောင်သံများ
မာန်ဖီသံများနှင့်အတူ လူအချို့၏ နာကျင်စွာ အော်ဟစ်နေသံများ ထွက်ပေါ်လာသဖြင့် သူလည်းနောက်သို့
ပြန်လှည့်ကြည့်လိုက်မိရာ အံ့အားသင့်သွားမိသည်။စောစောက သူမြင်တွေ့ခဲ့ရသော ရွာကြီးမှ အိမ်များမှာ မီးများလောင်ကျွမ်းနေပြီး နွားပေါက်အရွယ်ခန့်ရှိသောခွေးကြီးများက
လူများကို လိုက်လံကိုက်ဖြတ်
စားသောက်နေသည်။အရပ် ရှစ်ပေမျှရှိသော
အမွှေးရှည်ကြီးများနှင့်လူတို့ကလည်း တင်းပုတ်များ ပုဆိန်များ ဓါးကြီးများကို
ကိုင်ဆောင်ကာ ရွာမှ လူတို့၏ ခြေလက်များ
ဦးခေါင်းများကို တစ်စစီခုတ်ထစ်ဖြတ်တောက်နေသည်။
ထို့နောက် ထိုအသားအပိုင်းအစတို့ကို မီးပုံကြီးထဲပစ်ချလိုက်သည်။ထိုအခုတ်ခံရသော သူများမှာ တစ်နေရာမှ ပြန်ပေါ်လာကြပြန်ပြီး ခွေးနက်ကြီးများ၏ ကိုက်ဖြတ်ခြင်း…လူ့ဘီလူးကြီးများ၏
နှိပ်စပ်ခြင်းများကို ထပ်တလဲလဲခံကြရသည်။သူလည်း မြင်ကွင်းကို မကြည့်ရဲတော့ပဲ မျက်လုံးအစုံကို မှိတ်လိုက်ရာ သူ၏ အဖြစ်အပျက်အချို့ကို ပြန်စဉ်းစားမိသည်။
သူ ရန်ကုန်မှ ကားစီးလာသည်။လမ်းတွင်
အိပ်ပျော်နေစဉ် သိမ့်ကနဲ တုန်ခါသွားကာ
သူ လမ်းမပေါ်သို့ရောက်နေသည်။ပြီးတော့
ဤနေရာသို့ရောက်လာသည်။ထိုလမ်းမ ဆီသို့ ပြန်သွားရမည်ဟု စဉ်းစားလိုက်ပြီး
မျက်လုံးအစုံကို ပြန်ဖွင့်လိုက်ရာ အဝေးပြေး
လမ်းမကြီးတစ်နေရာသို့
ပြန်ရောက်နေသည်ကို သတိပြုလိုက်မိသည်။သူ၏ဘေးမှ မိန်းမကြီးတစ်ယောက် ဖြတ်ပြေးသွားရင်း…

“သားလေးရေ…သားလေးဘယ်မှာလည်း…
ကယ်ကြပါဦး…ကျမ သားလေးမရှိတော့ဘူး
ဝိုင်းရှာပေးကြပါဦး”

ဟုအော်ဟစ်ငိုယိုနေသည်။အခြားသူများကို
သူကြည့်လိုက်ရာ သူနှင့်ကားတစ်စီးတည်း
စီးလာသူများဖြစ်ကြောင်း သတိပြုလိုက်မိသည်။အားလုံးကို သူမမှတ်မိသော်လည်း ထိုအထဲမှ အချို့ကို
သူမျက်မှန်းတန်းမိနေသည်။ထိုသူများမှာလည်း အော်ဟစ်ကာ အကူအညီတောင်းနေကြသည်။
ပတ်ဝန်းကျင်တစ်ခုလုံး ဆူညံသံများဖြင့် ကမ္ဘာပျက်နေသကဲ့သို့ဖြစ်နေသည်။လမ်းဘေးတစ်ဖက်တစ်ချက်ကို ကြည့်လိုက်ရာ
တစ်ဖက်တွင် လယ်ကွင်းများတွေ့ရပြီး
အခြားတစ်ဖက်တွင် ဆယ့်နှစ်ပေခန့်နက်သော ချောက်ကြီးတစ်ခုကို တွေ့လိုက်ရသည်။
ထိုချောက်အတွင်းသို့ သူငုံ့ကြည့်လိုက်ရာ
သူတို့စီးလာသော မှန်လုံကားကြီးကိုတွေ့လိုက်ရသည်။
ပတ်ဝန်းကျင်တစ်ခုလုံး အော်ဟစ်ငိုယိုသံများ ပြေးလွှားနေသော သူများနှင့်အတူ ရယ်မောပျော်ရွှင်စွာ ပြောဆိုနေသော အသံများကိုပါကြားနေရသည်။

“လွတ်ပြီ ကျွတ်ပြီကွ…
လူစားစောင့်မယ့်သူတွေရောက်လာပြီ…
ငါတို့တွေ ဒီက လွတ်ပြီကွ”

သူယခုမှ အတန်ငယ်
သဘောပေါက်သလိုရှိလာသည်။
သူသေသွားပြီလား ဟုသူတွေးနေမိစဉ် သူ၏ အနီးသို့ အဖိုးအိုတစ်ဦးရောက်လာသည်။
အဖိုးအိုက ဝတ်ဖြူစင်ကြယ်ကို ဝတ်ဆင်ထားကာ ပုတီးတစ်ကုံးကို လည်ပင်းတွင်ဆွဲထားသည်။အဖိုးအိုရောက် လာချိန်တွင် ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်သွားကာ မည်းမည်းအရိပ်များလည်း ပျောက်ကွယ်သွားတော့သည်။အဖိုးအိုက
သူ့အား ပြုံးပြလိုက်ပြီး
သာယာနာပျော်ဖွယ်ကောင်းသော အသံဖြင့်
သူ့အား ပြောလိုက်သည်၊

“လူဆိုတာ ကိုယ်ပြုခဲ့တဲ့ ကောင်းမှု မကောင်းမှုတို့ရဲ့ အကျိုးဆက်ကို ကိုယ်တိုင်ပဲ ပြန်ခံစားရတယ်ကွယ့်…
လူကလေးက သေနေ့မစေ့သေးဘူးကွယ့်…
တကယ်လို့ ခုကနေဆက်ပြီး အသက်ဆက်ရှင်ရမယ့်အချိန်တွေမှာ လူကလေးဟာ မိမိရဲ့ သံသရာအကျိုးအပြင်
ဘာသာအကျိုးကိုပါ အများကြီးစွမ်းဆောင်နိုင်မယ်လို့ အဖိုးယုံပါတယ်ကွယ်…ကဲကဲ…ထတော့ ထတော့…”

အဖိုးအို၏ မျက်နှာကို သူတစ်နေရာတွင်
သေချာမြင်ဖူးသလိုရှိ၍ စဉ်းစားလိုက်ရာ
ကားမထွက်ခင် သူ ပိုက်ဆံတစ်ထောင် လှူခဲ့သောအဖိုးအိုဖြစ်မှန်းသိလိုက်ရသည်။
သူတစ်ခုခုပြောရန်ပါးစပ်ပြင်လိုက်စဉ် အဖိုးအိုက လှည့်ထွက်သွားသဖြင့် သူလည်း
လှမ်းခေါ်လိုက်သည်။

“အဖိုး…အဖိုး”

“ဟာ…လူနာသတိရလာပြီ…ဆရာဝန်ကိုသွားခေါ်ကြဟေ့”

“သားလေး…သတိထား…သိပ်မလှုပ်နဲ့”

ဆိုသော အသံများကို ကြားလိုက်ရပြီး
မြင်ကွင်းထဲတွင် သူ့အားစိုးရိမ်တကြီး ငုံ့ကြည့်နေသော မိခင်ဖြစ်သူနှင့်အတူ ဆွေမျိုးအချို့နှင့် နန့်(စ်)မ တစ်ယောက်ကိုတွေ့လိုက်ရသည်။

“သား ဘယ်ရောက်နေတာလဲအမေ”

“သားတို့ကားက သထုံမြို့ထဲမဝင်ခင် အဝေးပြေးလမ်းတစ်နေရာမှာ ကားလမ်းတစ်ဖက်က ချောက်လေးထဲ ကျသွားတာလေ…သေတဲ့လူတွေလည်း
သေကုန်တယ်…ဒါဏ်ရာရတဲ့သူတွေလည်းရတယ်…သားလည်း သတိမေ့နေတာ သုံးရက်
ရှိပြီ”

“ဗျာ…သုံးရက်ရှိပြီဟုတ်လား…ဒါနဲ့…ကလေးလေးရော…ကားပေါ်မှာပါလာတဲ့ ကလေးလေးလေ”

“ကလေးလေး…ဟုတ်လား…ဘယ်ကလေးလေးလဲ…အမေမှမသိတာ…ဒါပေမယ့် ကယ်ဆယ်ရေးတွေပြောတာတော့ကြားမိတယ်…သားအမိနှစ်ယောက်မှာ မိခင်က သေသွားတယ်တဲ့ ကလေးကတော့ ဘာမှမဖြစ်ဘူးလို့တော့ပြောတာကြားတယ်”

ထိုစဉ် ဆရာဝန်ကြီး ရောက်လာကာ သူ့အား
လိုအပ်သည်များစစ်ဆေးပြီး အံ့အားသင့်နေသောအမူအယာဖြင့် ပြောဆိုသည်။

“ခင်ဗျားအတော်ကံထူးတာပဲဗျာ…သုံးရက်လုံး အောက်စီဂျင်ပေးထားရတာ…ကျနော်
ကတော့မရတော့ဘူးလို့တောင်ထင်နေတာ…
ခင်ဗျားကံကောင်းတာက ခေါင်းကို
မထိလို့ပဲဗျ…ကျန်တဲ့နေရာတွေတော့ တော်တော်လေးထိထားတယ်…”

ဆရာဝန်ပြန်ထွက်သွားသည်။မိခင် ဖြစ်သူက
သူ့အားဆက်ပြောပြသည်။

“ဆရာဝန်ကြီးပြောတာမှန်တယ်ကွယ့်…
ကယ်ဆယ်ရေးအဖွဲ့တွေအဲ့ကိုရောက်ပြီး
သားရှိနေတဲ့နေရာကိုကြည့်တော့
သားက ကားကြမ်းပြင်ပေါ်လဲကျနေတာတဲ့…
ဒါပေမယ့် ပုခုံးမှာ လွယ်ထားတဲ့အိတ်က ခေါင်းနဲ့ ကြမ်းပြင်ကြားမှာ ခံထားပေးတော့
ခေါင်းက ဘာမှမထိခိုက်မိတာပေါ့ကွယ်”

သူ နားထောင်ရင်း အံ့အားသင့်နေမိသည်၊
ထိုအိတ်မှာ သူ၏ ဘကြီးဖြစ်သူ ကျောင်းထိုင်ဆရာတော်ကြီးအတွက်ရည်စူး၍ ဝယ်လာသော သင်္ကန်းထည့်ထားသော
အိတ်မဟုတ်ပါလား။သူတွေ့ကြုံခဲ့ရသည်များမှာ ခဏတာဟု သူထင်နေသော်လည်း
ဆေးရုံသို့ ရောက်နေသည်မှာ သုံးရက်ရှိပြီဟုဆိုသည်။ထိုအကြောင်းတို့ကို
ပြန်ပြောပြလျှင်မည်သူ ယုံနိုင်မည်နည်း။
သူ လေးနက်စွာ ဆုံးဖြတ်ချက်တစ်ခု ချလိုက်မိသည်။ထိုဆုံးဖြတ်ချက်မှာ….
နေပြန်ကောင်း၍ ဆေးရုံမှဆင်းသည်နှင့်
သာသနာ့ဘောင်သို့ အပြီးဝင်၍ ဘုရားသားတော်အဖြစ် ရာသက်ပန် ခံယူသွားရန်သာဖြစ်ပေတော့သည်။

ပြီးပါပြီ….

စာဖတ်သူများအား အစဉ်လေးစားလျက်…

#ငဓူဝံ(Thar Thar)

Be the first to comment

Leave a Reply

Your email address will not be published.


*