
ထားခဲ့ပါဆရာ(စ-ဆုံး)
…………………….
အိပ်ရာက နိုးနိုးချင်း မျက်လုံးနှစ်လုံးကို ဖျတ်ခနဲ ဖွင့်လိုက်တာနဲ့ ကျွန်မနှာခေါင်းထဲကို ဂေါ်သဇင်ပန်းနံ့ တိုးဝင်လာတယ်။ လတ်ဆတ်သင့်ပျံ့တဲ့အနံ့။ ကြည်နူးချမ်းမြေ့စေတဲ့ အနံ့။ အိပ်ရာထဲကနေ ကျွန်မလူးလဲထပြီး ခေါင်းရင်းပြတင်းပေါက်ကို ဖွင့်လိုက်တယ်။
အို…. ကြည့်စမ်း ဂေါ်သဇင်တွေ အများကြီးပွင့်နေပြီ။
နှင်းရည်သောက်ထားတဲ့ ဂေါ်သဇင်တွေ အဆုပ်လိုက်၊ အခဲလိုက် မန်ကျည်းပင်မှာ နွယ်တက်ပြီး ပွင့်နေလိုက်ကြတာ။
သိပ်လှတာပဲ။
ဂေါ်သဇင်ကို ကျွန်မကြိုက်တယ်။
ခွေထိုးပြီး တခေါင်းလုံး ဖုံးနေအောင် ကျွန်မကပန်တာ။
သူများတွေပန်သလို ယဉ်ရုံလေး တခက်နှစ်ခက် မပန်တတ်ပါဘူး။
“ဘယ်လိုပဲပန်ပန် အေးသစ်နဲ့ ဂေါ်သဇင်တွေကို ကြည့်ရတာ ကျွန်တော် သိပ်စိတ် ချမ်းသာတာပဲ” တဲ့။
ရင်ထဲမှာ တသိမ့်သိမ့် လှုပ်ရှားရင်း ကျွန်မ သူ့ကို သတိရလာမိတယ်။ ပါဝါမျက်မှန် အောက်က မျက်လုံးမှိုင်းမှိုင်းတွေ။ လုံချည်အစိမ်း၊ အင်္ကျီအဖြူ၊ တိုက်ပုံမီးခိုးရောင်နဲ့ သူ့ဟန်ပန်။
အေးသစ်ကို ချစ်တယ်ဆိုတဲ့ ဆရာရယ်။ ဆရာတို့ ပညာတတ်တွေဟာ သိပ်ပြီးတော့ စကားတတ်တာပဲနော်။ သူတပါးကျေနပ်အောင် သိပ်ပြောတတ်တာပဲ။
တကယ်တော့ ဆရာပဲပြောတာ မဟုတ်လား။ “ဘာလို့ အများကြီး ပန်တာလဲဟင်၊ တခက်နှစ်ခက် ယဉ်ရုံလေးပန်ပါလား” ဆိုတဲ့စကားလေ။
အေးသစ်တို့က ပညာမတတ်တဲ့ ဈေးသည်တော်ရေ့။
စကားအလှတန်ဆာ မဆင်တတ်ဘူး။
“ဟင့်အင်း…. ကျွန်မက တခေါင်းလုံးဖုံးနေအောင် ပန်ရမှ ကျေနပ်တာ” လို့ ပြောတော့ “ဘယ်လိုပဲ ပန်ပန် အေးသစ်နဲ့ ဂေါ်သဇင်တွေကို ကြည့်ရတာ ကျွန်တော်သိပ်စိတ်ချမ်းသာ တာပဲ” တဲ့လေ။ ဆရာ့ကို စကားနိုင်လုဖို့ မလွယ်ပါလား ဆရာရယ်။ ပြီးတော့ ဆရာ့ကို ငြင်းပယ်ဖို့လဲ ကျွန်မမှာ မလွယ်လှပါလား။
ဦးဏှောက်နဲ့ စဉ်းစားမိရင်တော့ ကျွန်မ မညာပါဘူး၊ ဆရာ့ကို ကျွန်မ သိပ်ငြင်းချင်တာပဲ။ ဆရာတို့က သားအမိနှစ်ယောက်တည်းပေမယ့် ဘာစီးပွါးရေးမှ မရှိဘူး။ ဆရာ့လခ ကလေးနဲ့ သားအမိနှစ်ယောက် ရုန်းကန်နေရတာ။ မူလတန်းပြဆရာတယောက်ရဲ့ လခဟာ ဘယ်လောက်ဆိုတာကိုလဲ ကျွန်မသိတာပေါ့ ဆရာ။ ကျွန်မက တောမြို့ကလေးရဲ့ ဈေးထဲမှာ အထည်ဆိုင်တဆိုင်နဲ့ လူလူသူသူဆိုပေမယ့် ဒီဆိုင်က ကျွန်မတယောက်ထဲ ပိုင်တာမှ မဟုတ်ဘဲ။ မိဘနဲ့ ညီအကိုမောင်နှမပိုင်လေ။ ဆရာ့ကိုယူရင် ဈေးရောင်းတတ်တာ တခုတည်းနဲ့ ဆရာ့နောက်ကို လိုက်ခဲ့ရမှာ။ ဆရာက ကျွန်မကို ဘယ်အရင်းအနှီး ထုတ်ပေး နိုင်ပါ့မလဲနော်။
ဒါပေမယ့်ဆရာ၊ နှလုံးသားနဲ့ စဉ်းစားမိရင်တော့ ကျွန်မဟာ ဆရာ့ကို ဘယ်လိုပြောမလဲ၊ ဟိုဒင်း ချစ်တဲ့ အဆင့်အထိတော့ မဟုတ်သေးဘူး၊ သိပ်တော့ သနားနေမိတယ် ဆရာ။ ပြီးတော့ ယဉ်ယဉ်ကျေးကျေး ဆက်ဆံတတ်တဲ့ ဆရာ့ကို ခင်လဲခင်တယ်။ နောက်တချက်က ပွင့်ပွင့်လင်းလင်း ပြောရရင် ဆယ်တန်းအဆင့်ကနေ မတက်နိုင်ခဲ့တဲ့ ကျွန်မဟာ စာပေးစာယူ နောက်ဆုံးနှစ် တက္ကသိုလ်ကျောင်းသားလဲဖြစ်၊ ကျောင်းဆရာတယောက်လဲဖြစ်တဲ့ ဆရာ့ကို အထင်ကြီးတယ် ဆရာ။ တကယ်ပြောတာ။ ကျွန်မကို ဝိုင်းပိုးနေကြတဲ့ ဆိုင်နားနီးချင်း ဆန်သည် လူပျိုကြီးတို့၊ ရွှေဆိုင်က မုဆိုးဖိုကြီးတို့ထက်၊ ဆရာ့ကို ကျွန်မအထင်ကြီးတယ်။ မနက်တိုင်း ကျွန်မဆိုင်ရှေ့ကနေ သားအမိနှစ်ယောက်စာ ဈေးအိတ်လေးနဲ့ ဖြတ်သွားတတ်တဲ့ ဆရာ့ကို ကျွန်မ သနားနေမိတတ်တယ်။ နွမ်းနေတဲ့ ဆရာ့တိုက်ပုံရယ်၊ ကော်လံအနားတွေ ဖွါစပြုနေတဲ့ ဆရာ့အင်္ကျီရယ်ကို ကျွန်မအမှတ်ထားမိပြီး၊ ကျွန်မအထည်ဆိုင်က တိုက်ပုံစ ရောင်စုံနဲ့၊ အဖြူစမျိုးစုံကို စိတ်ကူးနဲ့ ကျွန်မ ချုပ်ပေးခဲ့ဖူးတယ် ဆရာ။
ခက်ပါတယ် ဆရာရယ်နော်။ ကျွန်မ သက်ပြင်းရှိုက်လိုက်မိတယ်။
“ဟဲ့… ခုမှ သတိရတယ်၊ အေးသစ်ကို သွားကြည့်လိုက်ကြစမ်းပါ၊ နေမှကောင်းရဲလား လို့၊ ညကတော့ အဖျားမရှိတော့ပါဘူး ဟဲ့… ညည်းက ဘာလဲ၊ သြော်.. အာလူးကောင်းတယ်၊ ဒီမယ်… ကျုပ်က ကြက်သွန်ချိန်နေတယ်၊ ဟိုကောင်မလေး မိထွေး…. ဟိုမယ် ဆားတပိဿာဖိုး ပိုက်ဆံ ယူလိုက်စမ်း…”
အိမ်ပြင်ဘက် ကုန်စုံဆိုင်က အမေ့အလုပ်ရှုပ်သံနဲ့အတူ ညီမလေး မိထွေးရဲ့ “မမအေးသစ်ဆီ သွားကြည့်ဆိုလို့လဲ သွားရသေးတယ် ခါထဲမှပဲ” ဆိုတဲ့ စူအောင့်သံကို ကျွန်မ ကြားရတယ်။
“ကျွန်မ နိုးပီ အမေရေ့…ဖျားလဲ မဖျားတော့ဘူး၊ ဆာပဲဆာတယ်”
ကျွန်မက အခန်းပြင်ဘက် အမေ့ဆီလှမ်းအော်ရင်း… ထွက်လာခဲ့တယ်။ ခေါင်းအုံးဘေးက လက်ပတ်နာရီကလေးကို လှမ်းကြည့်ခဲ့တော့ ဆောင်းနာရီက ကိုးနာရီတောင် ကျော်နေပြီ။ ကျွန်မ ပြတင်းပေါက်နားမှာ အကြာကြီး ရပ်ခဲ့တာပဲ။ သုံးရက် ဖျားထားတဲ့ အရှိန်နဲ့ ဗိုက်ထဲမှာလဲ တုန်တုန်ယင်ယင် ဖြစ်စပြုပြီ။
“မိထွေး… နင့်အမကို ဆန်ပြုတ်သွားခတ်ပေးလိုက်ဦး၊ ထားခဲ့ အဲဒီချိန်လက်စကို၊ ကြောင်အိမ်ထဲက ငါးကြော်လေးလဲ ယူပေးလိုက်၊ ဘာလဲ မဆလာလား၊ ရှိတယ်လေ၊ ဟိုမှာ မမြင်ဘူးလား၊ အတွဲလိုက် ပေါမှပေါ”
“ရတယ်မိထွေး မလာနဲ့ ငါ့ဘာသာ ခပ်သောက်နိုင်တယ်”
ကျွန်မ မျက်နှာသစ်နေတုန်း အလုပ်ရှုပ်နေတဲ့အမေက စီမံခန့်ခွဲနေတယ်။ ကျွန်မတို့အိမ်က အမြဲ အလုပ်ရှုပ်နေတတ်တဲ့အိမ်။ ဒီနေ့က ဥပုသ်နေ့ဆိုတော့ ကုန်စုံဆိုင်က အလုပ်ပိုရှုပ်နေတယ်။ အရင်ဥပုသ်တွေဆို ကျွန်မရော၊ မိထွေးရော၊ အမေရော တချက်မှ မနားရဘူး။ အဖေနဲ့ မောင်လေးကတော့ ဒီလိုအချိန် အားမကိုးရပါဘူး။ လက်ဖက်ရည်ဆိုင်မှာ ထိုင်လို့ကောင်းတုန်း။
“မနေ့တုန်းက ဈေးမှာ ဟိုကျောင်းဆရာ နင့်လာမေးသေးတယ်၊ နေကောင်းပြီလားတဲ့”
မိထွေးက ကျွန်မကို ဆန်ပြုတ်ခပ်ပေးရင်း တိုးတိုးပြောတယ်။ ကျွန်မဈေးမထွက်နိုင်တဲ့ သုံးရက်လုံး သူလာမေးရှာတယ်ဆိုတဲ့အသိနဲ့ ကျွန်မရင်တွေ လှုပ်ရှားနေမိတယ်။ မိထွေးမရိပ်မိအောင် ဆန်ပြုတ်ကို တဇွန်းပြီးတဇွန်း ခပ်သောက်နေမိတယ်။
“ဟော အချိန်မှန် မခင်လှသမီးလာပြီ၊ ဆွမ်းတော်တွေတောင် သွားပြီ၊ သူက ခုမှ ထမင်းချက်မှာ၊ ဟဲ့ ဆန်ဘယ်နှစ်လုံးလဲပြော”
“တလုံး”
အမေရဲ့ “ဘာဟဲ့” ဆိုတဲ့ အသံနဲ့အတူ၊ ကျွန်မရော မိထွေးပါ ဆိုင်ရှေ့က ပုဆိုးစုပ်ကလေး ကိုင်ရင်း ရပ်နေတဲ့ မခင်လှ သမီးလေးကို ကြည့်မိကြတယ်။
“ဟဲ့…. လူက ငါးယောက်၊ ဆန်က တလုံး နင်တို့ဘယ်လိုချက်စားကြမှာလဲ”
အမေက ဆန်တလုံးချိန်ထည့်ပေးရင်း မသိသားဆိုးဝါး ပြောနေတာကို မိထွေးက “ကျွပ်” ခနဲ စုတ်သပ်ပြီး “အမေကလဲနော် လူငါးယောက်နဲ့ ဆန်တလုံးဆိုကတည်းက ဘာလုပ်စားမယ် ဆိုတာ မသိဘူးလား၊ မခင်လှတို့ လင်မယားနှစ်ယောက်လုံး အလုပ်မရှိတော့တာကိုလဲ သိလျက်သားနဲ့” လို့ ပြောတယ်။ ပြီးတော့ မခင်လှသမီးလေး နောက်ကို လိုက်ငေးနေမိတဲ့ ကျွန်မဘက်လှည့်လာပြီး-
“နင့်… အဲဒီဆရာကလဲဟယ် စိတ်ညစ်ဖို့ ကောင်းတာ၊ ဘယ်တော့ ကြည့်လိုက်ကြည့် လိုက်၊ ဒီပုဆိုးနဲ့ ဒီတိုက်ပုံချည့်ပဲ”
ရှုံ့မဲ့နေတဲ့ မိထွေးမျက်နှာကို ကြည့်ရင်း ကျွန်မရင်ထဲမှာ ကျဉ်ခနဲ ဖြစ်သွားမိတယ်။ အမြဲတမ်း ညှိုးညှိုးနွမ်းနွမ်း နိုင်လှတဲ့ ဆရာ့ကို ကျွန်မ မြင်ယောင်လာတယ်။ လူငါးယောက်နဲ့ ဆန်တလုံးတဲ့။ ဆရာတယောက်ကော ဟင်။ ဆရာ့လခလေးနဲ့…
“ဟဲ့… အေးသစ် ညည်းနေကောင်းလို့ သွားနိုင်ရင်၊ အဝင်းတို့ အမေ အသုဘလေး သွားပို့လိုက်ဦး၊ သွားနိုင်မလား၊ မနက်က ညည်းအိပ်နေတုန်း အဝင်းတခေါက်လာသေးတယ်”
ဟုတ်ပါရဲ့ ခုမှပဲ အမှတ်ရတော့တယ်။ ကျွန်မက ကဗျာကရာ ထရပ်မိတယ်။
“ကျွန်မ သွားနိုင်တယ်အမေ၊ ခုပဲ သွားမှ၊ မသွားလို့ ဘယ်ကောင်းမလဲ”
အဝင်းနဲ့ ကျွန်မက ဝလုံးတန်းကတည်းကသူငယ်ချင်း၊ ခုထိလဲ ဈေးထဲမှာ ဈေးတူတူ ရောင်းရင်း ခင်ကြတုန်း။ အဝင်းအမေက နာတာရှည်ဖြစ်နေရှာတာ။ ကျွန်မ စဖျားတဲ့နေ့က ဆုံးတာ။ အဝတ်အစား အမြန်လဲပြီး စက်ဘီးလေး ဆွဲထွက်တော့ အမေက ပူပန်ပြန်တယ်။
“ညည်း စက်ဘီးနင်းနိုင်ပါ့မလား၊ မိထွေးလိုက်ပို့ခိုင်းရမလား”
“ရတယ်အမေ… ကျွန်မနင်းနိုင်တယ်” ဆိုပြီး၊ ကျွန်မထွက်ခဲ့တယ်။ အမှန်က ကျွန်မ ဒိထက်ပိုပြီး အစောကြီး ရောက်ရမှာ။ ဒါပေမယ့် အဝင်းက ကျွန်မထက်ပိုပြီး သွက်ပါတယ်။ လုပ်လဲလုပ်နိုင်တယ်။ သူတို့မှာ ဆွေအုပ်မျိုးအုပ်လဲ တောင့်ပါတယ်လေ။ အဝင်းတို့ အိမ်ရှေ့ရောက်တော့ လူတွေတောင် တော်တော်ရောက်နေပြီ။ ဒါပေမယ့် အသုဘချမယ့် အချိန်ကတော့ စောပါသေးတယ်။ တချက်တီးမှ ချမှာဆိုတော့ ခုမှ ဆယ့်နှစ်နာရီတောင် မထိုးသေးဘူး။
“ဟဲ့… အေးသစ် နင် နေကောင်းသွားပြီလား”
စက်ဘီးတစီးနဲ့ အိမ်ထဲက ထွက်လာတဲ့ အဝင်းနဲ့ ကျွန်မ အိမ်ပေါက်ဝမှာ ဆုံတယ်။ စက်ဘီးစီးလာရလို့ နည်းနည်းမောနေတဲ့ ကျွန်မ အသက်ပြင်းပြင်း ရှူလိုက်ရင်း…
“နင်… မနက်က လာသေးတယ်ဆို၊ ငါအိပ်ရာထ နောက်ကျသွားလို့ဟယ်… နင်ခုဘယ် သွားမလို့လဲ”
“အမေ့အတွက် မြေနေရာ သွားကြည့်မလို့၊ ဘယ်နားမှာလဲဆိုတာ သိချင်လို့ဟာ နင်လိုက်ခဲ့မလား…”
“နင်တယောက်တည်းလား”
“ဟင့်အင်း… ငါ့မောင်လေးလဲ လိုက်မယ်၊ လာပါ၊ လိုက်ခဲ့ပါ၊ ဒီမှာ ဘာမှ လုပ်စရာလဲ မရှိပါဘူး”
ကျွန်မ ခေါင်းညိတ်လိုက်တယ်။ အစက မလိုက်ဘဲ နေမလို့ဘဲ။ ဒါပေမယ့် ဘာလို့ရယ်မသိ၊ ကျွန်မစိတ်မှာ ဖြတ်ခနဲ အမှတ်ရလာတာက ဆရာနေတာ မြို့ပြင်ရပ်ကွက်မှာ။ သင်္ချိုင်းနားက ရပ်ကွက်မှာလေ။ ဘာလဲ … သုံးရက်မတွေ့ရလို့ သူ့ကို ကျွန်မတွေ့ချင်လို့လား။ မသိပါဘူး။ သူနဲ့ကျွန်မက ဘာဆိုင်တာမှတ်လို့နော်…။
အဝင်းရယ်၊ ကျွန်မရယ်၊ အဝင်းမောင်လေးက ရှေ့ဆုံးက မြိုပြင်ဘက်သင်္ချိုင်းဆီကို ကျွန်မတို့ စက်ဘီးနင်းခဲ့ကြတယ်။ ဟော… ရှေ့နားမှာ ဆရာတို့နေတဲ့ ရပ်ကွက်။ ကျွန်မ ရင်ထဲလှိုက်ခနဲ ခုန်သွားတယ်။ ခက်တာက ဆရာတို့အိမ်ကို ကျွန်မ မသိဘူး။ အဝင်းလဲ ဘယ်သိပါ့မလဲနော်။ ဆရာတို့ ရပ်ကွက်ကလွန်ရင်ပဲ သင်္ချိုင်းအဝင်အဝကို လှမ်းမြင်နေရပြီ။ သင်္ချိုင်းအဝင်အဝမှာ ကလေးတွေ အတော်များများ စုရုံးနေကြတယ်။
“အေးသစ်ရေ… မမကြီး ကမ်းမယ့်ဆပ်ပြာကတော့ မလွယ်ကြောဘဲ၊ ဟိုမှာ သတင်းကြားနဲ့ လာစောင့်နေကြတာတွေလေ”
အဝင်း မေးငေါ့ပြတဲ့ မည်းညစ်ညစ် ညှိုးနွမ်းနွမ်း ကလေးတွေနဲ့ မိန်းမတချို့ကို ကြည့်ပြီး ကျွန်မရင်ထဲ မကောင်းဘူး။ အဝင်းတို့ မမကြီး၊ သူ့အမေအတွက် ကုသိုလ်အဖြစ် ကမ်းမယ့် ဆပ်ပြာတွေကို သူတို့ နှစ်ခါ သုံးခါပြန် ဝင်ယူကြမယ်၊ ပြီးတော့ ရောင်းစားမယ်၊ ရောင်းစားလို့ ရတဲ့ ပိုက်ဆံနဲ့ သူတို့ ဆန်ဝယ်ကြလိမ့်မယ်။ အရင်တုန်းကထက်လဲ လူတွေပိုများလာသလိုပဲ။
ကျွန်မတို့ သင်္ချိုင်းထဲ ဝင်ခဲ့ကြတော့ သင်္ချိုင်းထဲက ဟိုနေရာ ဒီနေရာတွေမှာ မြေမြှုပ်ဖို့နေရာ လာကြည့်တဲ့ သူတွေနဲ့ သုဘရာဇာတွေကို မြင်ရတယ်။ အဝင်းမောင်လေးက “ဟိုမှာ ငါပြောထားခဲ့တဲ့ သုဘရာဇာကြီး” လို့ လက်ညှိုးထိုးပြရင်း ကျွန်မတို့ကို ခေါ်သွားတယ်။
“ဦးကြီး… ကျွန်တော်တို့ အမေ မြေနေရာ ကြည့်ချင်လို့ ဘယ်နားမှာလဲ”
သုဘရာဇာဦးကြီးက ကျွန်မတို့တွေကို ခပ်အေးအေး ကြည့်တယ်။
“နာမည်ပြောလေကွာ.. ဒီနေ့ မိန်းမနှစ်ယောက်ရှိတာကွ”
အဝင်းဆီက “ဒေါ်သိန်းခင်“ ဆိုတဲ့ အသံ တိုးတိုးလေး ထွက်လာတယ်။
“အော်…. ဒေါ်သိန်းခင်လား၊ ဟောဟိုနားမှာ လာလေ လိုက်ပြမယ်၊ ကျင်းတောင် တူးပြီးလုနေပြီ”
အဝင်းမောင်လေးက အိတ်ထောင်ထဲ လက်နှိုက်ပြီး…
“ဦးကြီးကို ကျင်းတူးခ မပေးရသေးဘူး၊ ရော့ဦးကြီး ပြောထားတာ ငါးဆယ်နော်”
“အေးပါ”
သုဘရာဇာကြီးက ငွေငါးဆယ်ကို မမှုသလို လက်ထဲကိုင်လာတယ်။ နည်းနည်း လျှောက်မိတာနဲ့ တူးထားတဲ့ မြေစာပုံတပုံကို လှမ်းမြင်ရတယ်။ သုဘရာဇာကြီးက မေးငေါ့ရင်း
“အဲဒါပဲကွ” တဲ့။ နေရာလေးက ကောင်းပါတယ်။ ကုန်းမြင့်မြင့်လေးပေါ်မှာ။
“ကျင်းကို သွားကြည့်ဦးမလား၊ လာလေ ကျင်းက ပြီးလောက်ပါပြီ”
“ငါ့ကောင်တွေကို ပိုက်ဆံပေးရအုန်းမယ်ကွ”
အဝင်းက ကျင်းကို မကြည့်ချင်တာနဲ့ မြေစာပုံနားမှာပဲ ကျွန်မတို့ ရပ်ကြတယ်။ သုဘရာဇာကြီးက ပေါက်တူးနှစ်လက်ကိုင်ပြီး ကျင်းထိပ်မှာ ရပ်နေတဲ့ လူနှစ်ယောက်ဆီ သွားတယ်။ လက်ထဲကိုင်ထားတဲ့ ပိုက်ဆံ ငါးဆယ်ထဲက နှစ်ဆယ်ကို သူ့အိတ်ထဲထည့်တယ်။ ဟိုလူနှစ်ယောက်ကို တယောက်တဆယ်စီပေးရင်း ကျင်းထဲကိုလဲ ဆယ်တန်တရွက် လှမ်းချပေးတယ်။ ပြီးတော့ ကျင်းထဲလက်လှမ်းပေးရင်း သူ့အသံကျယ်ကျယ်ကြီးနဲ့ တဟားဟား ရယ်နေသေးတယ်။ သုဘရာဇာကြီးရဲ့ လက်ကို ခိုတွယ်ပြီး ကျင်းပေါ်ကို လူတယောက်တက် လာတယ်။ အို… ဘုရားရေ…. ကျွန်မတို့ကို ကျောပေးပြီး စကားပြောနေတဲ့ အဲဒီလူဟာ မြေကြီးတွေ ပေကျံနေတဲ့ အရောင်လွင့်လွင့် ပုဆိုးစိမ်း၊ ကုပ်ဖွာနေတဲ့ အင်္ကျီအဖြူ။ မဟုတ်ဘူး၊ မဟုတ်ဘူး။ ကျွန်မရင်တွေ တထိတ်ထိတ်ခုန်လာတယ်။ အားကိုးရာတခုလို အဝင်းလက်ကို ကျွန်မ တုန်တုန်ယင်ယင် လှမ်းဆုပ်လိုက်တုန်းမှာပဲ သူ… သူ အဲဒီလူက ကျွန်မတို့ဘက်ကို လှည့်ကြည့်လိုက်တယ်။
“ဆရာ”
အို…. ဒီခဏကို ကျွန်မ ဘယ်လိုလုပ် မေ့နိုင်ပါတော့မလဲ၊ ချွေးတွေနဲ့ မြေကြီးတွေ၊ ရှက်ခြင်းနဲ့ နာကျည်းခြင်းတွေ ရောနှော ပေါင်းစပ်ပေကျံနေတဲ့ မျက်နှာ။ မြေကြီးတွေ စွန်းထင်းနေတဲ့ ပုဆိုးစိမ်းနွမ်းနဲ့ အင်္ကျီဖြူနွမ်း။ ပြီးတော့ ပေါက်တူးကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားတဲ့ မြေဖြူကိုင်နေကျ သူ့လက်ချောင်းတွေ။ သူတွေ့ချင်နေတဲ့ ကျွန်မကို တွေ့လိုက်လို့ ဖျတ်ခနဲ ဝင်းလက်သွားတဲ့ ပါဝါမျက်မှန်အောက်က မျက်လုံးမှိုင်းမှိုင်းတွေကို မြင်လိုက်ရတာက ခဏလေးရယ်။ ခေါင်းကို အမြန်ငုံ့ချရင်းသူထွက်သွားခဲ့ပြီ ဆရာရယ်…။
ကျွန်မ နှလုံးသားတွေ ပေါက်ထွက်လုမတတ် ခုန်နေပါတယ်ဆရာ။
ကျွန်မလေ ဆရာ့ကို ချစ်တယ်ဆရာ။ သိပ်ချစ်ပါတယ်။ ဒါပေမယ့် ကျွန်မလေ ကျွန်မ သိပ်ဝမ်းနည်းတယ် ဆရာ၊ သိပ်ငိုချင်တယ်။ ကျွန်မ ငိုပါရစေနော်။
………………………………..
နုနုရည်(အင်းဝ)
(ပေဖူးလွှာမဂ္ဂဇင်း၊ ၁၉၉၀ နိုဝင်ဘာ)
Leave a Reply