လကွယ်ညသန်းခေါင်ယံ “(စ/ဆုံး)

” လကွယ်ညသန်းခေါင်ယံ “(စ/ဆုံး)

ကျွန်တော့်တွင် ခြံမြေနှင့် အိမ်ရာများစွာရှိသည်။ ဝါသနာအရလည်း ကောင်း၊ အပေါင်းအသင်းများ၏ အခက်အခဲကို ကူညီရင်း မလိုချင်ဘဲနှင့် ဝယ်ထား ရသောအိပ်များ၊ မြေကွက်များလည်း ပါသည်။ မြောက်ဒဂုံ၊ အရှေ့ ဒဂုံ၊ ပုလဲမြို့သစ်များအပြင် လှည်းကူး၊ မှော်ဘီ၊ တိုက်ကြီးမြို့များအထိပါသည်။ အိမ်ပါသောမြေများကိုတော့ စိတ်ချရသောအသိအကျွမ်း မိတ်ဆွေများကို အစောင့်ချ၊ ငှားရမ်းထားသော် လည်း မြို့သစ်မြေများကိုတော့ အိမ်လည်း မဆောက်နိုင်သဖြင့်ခြံစည်းရိုးခတ်ပြီး သည် အတိုင်းပစ်ထားရသည်။

ဟောအခုတော့ကျွန်တော်၏ဝါသနာနှင့်စေတနာ အရဝယ်ထားမိသောမြေများက အကျိုးပေးပါပြီ။ မြို့သစ်များတွင် ဝယ်ထားသော မြေကွက်များက နဂို မူလ ဝယ်ဧက စလစ်ပြားကို ဝယ်ရခြင်းဖြစ် သောကြောင့် တစ်သိန်းခန့်သာပေး ရပြီး ယခုတော့ သိန်းတစ် ရာကျော်နေပြီး အဆတစ်ရာကျော်ခန့် ရေးတက် လာခြင်းဖြစ်သည်။

ထို့ကြောင့် ကျွန်တော် မြို့သစ်များတွင်ရှိသော မြေကွက်များအား ရေး အတက်တွင် အလိုက် သင့်ရောင်းရာ သိန်းထောင်ဂဏန်းကျော်ရသည်။ ထို့ကြောင့် ရုံးပိတ် မြို့သစ်အကွက်များမြေဈေးတက်သလို၊ မှော်ဘီ၊ တိုက်ကြီးနှင့် လှည်းကူးမြို့ များရှိ အိမ်ခြံများကလည်းရေးတက်လာနေပြီဖြစ်သည်။ ရက်အကြို သောကြာနေ့တွင် လှည်းကူးမြို့၊ ကျွန်းက လေးရပ်ကွက်သို့ ဇနီး သည်အားခေါ်ယူပြီး ကိုယ်ပိုင် COROLLA VAN ကားကလေးဖြင့် ထွက် ခဲ့ပါတော့သည်။

ထိုရပ်ကွက်အတွင်း ပိုင်း၌ တစ်ဧကခန့် ကျယ်ဝန်းသော သပြေခြံကြီးအတွင်း၌ ရေနံချေးရောင် မည်း နေသော နှစ်ထပ်အိမ်အိုကြီး ပါရှိသည်။ ခြံကြီးအား ကျွန်တော် သိန်း(၃၀)ခန့်ဖြင့် ရထားသောကြောင့် ဝယ်ထားသည်မှာ ကြာနေပြီး သပြေခြံကြီးအား လချုပ်ဖြင့် ခူးဆွတ်ရောင်းချရန် အပ်ထားသော ကြောင့် သပြေခူးဆွတ်ရောင်းချ သူများက နေ့စဉ် ခူးဆွတ်ရောင်းချကြပေ လိမ့်မည်။ ဘာမျှတော့ရသည်မဟုတ်။ ခြံစောင့်ရရန်နှင့် လူယောင်ပြရန် အတွက်လောက်သာ ဖြစ်သည်။

ယခု ဆောင်းနှင်းရာသီရောက်ပြီဖြစ် သောကြောင့် ခြံရှင်းရန် ရေလောင်းပေါင်းသင်ရန် လိုအပ်လာ သောကြောင့် ကျွန်တော် စနေ၊ တနင်္ဂနွေရုံး ပိတ်ရက်များတွင်စီစဉ်ဆောင်ရွက်ရန် ခြံတွင်း သို့ နှစ်ည အိပ်ဆင်းလာခြင်းဖြစ်သည်။ ယခင်နှစ်များ ကတော့ ခြံနီးချင်း ကျွန်တော့်မိတ်ဆွေ ကိုအောင်ကြီးရှိသော ကြောင့် သူ့အား အပ်ထားပြီး ငွေထုတ်ပေး၍ သူက လူငှားပြီး ရှင်းလင်းဆောင်ရွက်ပေးစမြဲ ဖြစ်သည်။ခြံကြီးအားငယ်သည်မှာလည်း သူ့ကြောင့်ဖြစ်သည်။ယခုတော့ သူကလည်း သိန်း(၅၀၀)ခန့်ရ သောကြောင့် သူ့ ခြံကြီး အားရောင်းချပြီးရန်ကုန်မြို့ဘက် သို့ ပြောင်းရွှေ့ပြီး တိုက်ခန်းဝယ်၍နေရပြီ။

ကိုအောင်ကြီးက အကျဉ်းဌာနမှ ထောင်မှူး ဟောင်းတစ်ဦး ဖြစ်သည်။ အလွန်ရိုးသား ကြိုးစားသူတစ်ဦး ဖြစ်သည်။ ယခုတော့ ကုန်သည်ကြီးများ ဟိုတယ် တွင် လုံခြုံရေးမှူး လုပ်နေသည်။ အသွားအပြန် ဝေးလွန်းသော ကြောင့် ရေးတက်ချိန်တွင် သူ့ခြံ ကြီးအား ရောင်းချ၍ ပြောင်းရွှေ့သွားခြင်း ဖြစ်ပါသည်။ သူ့ခြံကြီးက ကျွန်တော့်ခြံထက် ကျယ်သည်။ သပြေပင်များ အပြင် ကျွဲကောပင်၊ သရက်ပင် နှင့် ရာသီပေါ်သီးနှံပင်များလည်း စိုက်သေး သည်။

သူတို့ အိမ်ထောင်သက်(၁၀)နှစ်ခန့်ရှိပြီ ဖြစ်သော်လည်း သားသမီး မရကြပါ။ လင်ကိုယ် မယား လွန်စွာချစ်ခင်ကြပြီး မောင်တစ်ထမ်း မယ်တစ် ရွက်ခြီးအတွင်း၌ ပေါင်းသင်ရေလောင်း ဒိုးတူ ပေါင်ဖက် လက်တွဲညီညီ လုပ် ကိုင်ကြခြင်း ဖြစ်သည်။ သူတို့ ဇနီးမောင်နှံတွင် ကလေးနှင့်တူသော ခွေးကလေး နက်ကျား တော့ ရှိသည်။ ငယ်စဉ် ကတည်းက နွားနို့တိုက်ပြီး မွေးမြူခဲ့သောကြောင့် အလွန် လိမ္မာပြီး သိတတ်သည်။ သခင်ကို အလွန်ချစ်သည်။ ယခုကြီးလာ တော့လည်းခြံအလွန်လုံသည်။

ကျွန်တော်က တစ်လ တစ်ခါခန့် ခြံအတွင်း သို့သွားလျှင် ခွေးကလေ၊ နက်ကျားအတွက် စားစရာကလေးများ ဝယ်ယူသွားတတ်သောကြောင့် ကျွန်တော့်ကိုတော့မှတ်မိပြီး ခင်ပါသည်။ တစ်လ၊တစ်ခါခန့်သာနက်ကျားနှင့် ဆုံတွေ့ရသော်လည်း ခွေးကလေးက အမှတ်ကြီးသည်။ ကျွန်တော့် အား မြင်သည်နှင့် ပတတ်ရပ်ပြီး မုန့်တောင်းတတ်သည်။ ခြံနီးချင်း ကိုအောင်ကြီးရှိစဉ်ကတော့ ကျွန်တော့်အိမ်မည်းကြီးတွင် ညအိပ်လေ့မရှိပါ။ မနက်သွား၍ နေ့လယ်စာစားပြီး ညနေပြန်ခြင်းသာ ဖြစ် သောကြောင့်ကျွန်တော့်အိမ်ကြီးအကြောင်း မသိပါ၊ သစ်ကောင်းဝါးကောင်း ဖြင့် အခိုင်အခံ့ဆောက် လုပ်ထားသောအိမ်ကြီးဖြစ်သော်လည်း ရေနံချေး သုတ်ထားသောကြောင့် အလွန်ပူလှသည်။

အိမ်အနီးတွင်လည်း အရိပ် အာဝါသကောင်း သောသစ်ပင်ကြီးများမရှိ၊ စိုက်ပျိုးရေးခြံဖြစ်သောကြောင့် အရိပ်လည်းမလို။ ခြံစည်းရိုး၌ ထီးရိုးဝါးပင် များသာရှိပြီး အိမ်ကြီးက ခြံအရှေ့ ခြမ်းတွင် ထီးထီးကြီးရပ်တည်နေပါသည်။ ယခင်ကတော့ခေါင်းကြီး၏အိမ်ဟုသိရသည်။ လက်လွှဲပြောင်းလာပြီး ကျွန်တော့်လက်ထဲ ရောက်လာခြင်းဖြစ်သည်။ အိမ်ခြေရင်းတွင် ယခင်က တူးခဲ့သော အုတ်စီရေတွင်း ရှိသည်။ စက် သီးတပ်ထားသည်။ ကျွန်တော့် လက်ထက်တွင် လျှပ်စစ်မီးရသောကြောင့် ရေစုပ်စက်ကလေး တပ်ဆင် ထားသည်။ ရေပိုက်သွယ်တန်း၍ သပြေပင်များအား နွေရာသီတွင် ရေ လောင်းရန် ဖြစ်သည်။

ခြံမြေအမျိုးအစားမှာ (ဂဝံ)ပြေဖြစ်သောကြောင့် ရေအထွက် ကောင်းပါသည်။ ကျွန်တော့်ကားကလေး ခြံရှေ့သို့ရပ်ပြီး ခြံ ဝင်းတံခါးအား ဆင်း၍ သော့ဖွင့်နေစဉ် ခြံ အရှေ့ဘက်ရှိ စိုက်ပျိုးရေးခြံမှ ကိုဘမောင် အပြေးလာ၍ ခြံတံခါးအား ဝိုင်းကူဖွင့်ပေးရင်း .. “ဆရာတစ်ယောက်တည်းလား၊ ကိုအောင် ကြီးတို့ မရှိတော့လို့ နေ့လယ်စာကို ကျွန်တော် တို့ခြံထဲ လာစားပါ။ ဆရာတစ်ယောက်တည်း အတွက် ကျွန် တော်တို့ကျွေးနိုင်ပါတယ်” “အေးဗျာ – ကိုဘမောင်ရယ် – ကျေးဇူးပါပဲ။ ဒီတစ်ခါတော့ ကျွန်တော့် ခြံထဲမှာ ညအိပ်ပြီး မိုးအကုန် ခြံသန့်ရှင်းရေး လုပ်မလားလို့ .အလုပ်သမား လည်းငှားပေးပါဦးဗျာ” “ရပါတယ် … ဆရာ၊ ကျွန်တော့်တပည့်တွေ လွှတ်ပေးပါမယ်။ ဒါပေမဲ့ ဆရာ – ဆရာတစ် ဦးတည်းတော့ ဒီအိမ်ကြီးမှ ညမအိပ်ပါနဲ့။ အဆင်မပြေ နိုင်ဘူးထင်တယ် – ဆရာ၊ ခြံနီးချင်း ကိုအောင် ကြီးတို့ခြံကလည်း ဝယ်ထား တဲ့သူက လာနေတာမဟုတ်ဘူး၊ သပြေပန်းခူးဖို့၊ ခြံချုပ်နဲ့ အပ်ထားတာ။

တစ်ပတ်တစ်ခါလောက်ပဲ သပြေပန်းခူးကြတော့ ခြံထဲမှာ မြက်ရိုင်းတွေ ပေါက်နေပြီ။ ဆရာ ခြံလည်း ဒီအတိုင်းပဲ။ ခြံတွေကလူပနေတော့ ကောကုန် ကြပြီ “ဟုတ်ပါ့ဗျာ – ခြံတွေက တောရိုင်းတောင် ဖုံးနေပြီ။ အတော်ရှင်းယူရ မှာပဲ။ ဒါကြောင့် ကျွန်တော်လည်း (၂)ညအိပ်လောက် ဒီမှာနေပြီး ခြံရှင်း ရအောင် လာခဲ့တာ။ ဒါနဲ့ – ကိုအောင်ကြီးတို့ ပြောင်းသွားတော့ သူ့ခွေး ကလေး နက်ကျားကိုခေါ်သွားကြသလား” မြို့ပေါ်တိုက်ခန်းမှာနေရတာ ဘယ်ဖြစ်မလဲ ဆရာရယ်။ ကျွန်တော့်ကို ပေးထားခဲ့ပါတယ်။

ဟော့ – ဟော့ဟိုမှာလာပါပြီဗျာ – နက်ကျား” ခွေးကလေးနက်ကျားမှာ ကျွန်တော့်ကို မြင် သည်နှင့် အပြေးလာပြီး ပတတ်ရပ်၍ ကိုယ် ပေါ်သို့ ခုန်တက်သည်။ သခင်များနှင့် ခွဲခွာနေရသော ကြောင့်လွမ်းနေဟန်တူပါသည်။ ခွေးကလေး ပိန်သွားသည်။ ကျွန်တော်က ကားထဲမှ မုန့်များယူ၍ကျွေးရသည်။ “ဒါနဲ့ အစောက ကိုဘမောင် ပြောလိုက်ပါတယ်။ ကျွန်တော့်ခြံထဲက အိမ်ကြီးမှာ တစ်ယောက် တည်းအိပ်ရင် အဆင်မပြေနိုင်ဘူးဆို။ ဘာဖြစ် လို့လဲ၊ ထူးခြားတာ ရှိလို့လား” “ဟုတ်တယ်- ဆရာ။

အစကတော့ ကျွန်တော် လည်း သတိမထားမိပါ ဘူး။ ဦးအောင်ကြီးတို့ ပြောင်းသွားပြီ။ နက်ကျားကလေး ကျွန်တော်တို့ဆီ ရောက်လာတော့မှ ထူးခြားတာတွေကို သိလာရတော့တာပါ ဆရာ” “ဘယ်လိုထူးခြားတာလဲ – ကိုဘမောင်” “ညတိုင်းတော့မဟုတ်ဘူး – ဆရာရဲ့။ လပြည့် လကွယ်နေ့တွေနဲ့ကြုံရင် သန်းခေါင်ယံရောက် တာနဲ့ နက်များ တအီအီအော်ပြီး ပိတ်ထားတဲ့အိမ် တံခါးကို အတင်းတိုးပြီး ဖွင့်မပေးရင် ကုတ်ခြစ်တော့တာပဲ။ နောက်ပြီး ဆရာ တို့အိမ်ကြီးဘက်လှည့်ပြီး တဝေါင်းပေါင်းနဲ့ ထိုးဟောင်တယ်။ တံခါးဖွင့်ပေး တာနဲ့ လူကို ပတတ်ရပ်ပြီး ကပ်နေတော့တာ။ ကျွန်တော် လည်း ပြီးခဲ့တဲ့ လကွယ်နေ့ကမှသတိထားမိတာ။

အဲ့ဒါကြောင့်နက်ကျားကိုအိမ်ထဲခေါ်သိပ် ရတယ်။ ဆရာတို့အိမ်ကြီးဘက်ကို ရုတ်တရက် ကြည့်မိတော့ ကြယ်ရောင် အောက်မှ အရိပ်တွေ လှုပ်ရှားနေသလို တွေ့ရတယ်။ ကျွန်တော်တို့ အိမ်နဲ့ လမ်းခြားနေ ပြီး အလင်းရောင်နည်း တာကြောင့်စိတ်ထင်တာလည်း ဖြစ်ချင် ဖြစ်မယ်” “ကျွန်တော်လည်း ကြောက်စိတ်ကြောင့်အသေ အချာမကြည့်ရဲပါဘူး ဆရာရ။ ဒါကြောင့် – ဒီနေ့ညဟာလည်း လကွယ်ညနဲ့ တိုက်ဆိုင် နေလို့ ဆရာ့ကို သတိပေးရတာပါ “အေးဗျာ – ကိုဘမောင်။ ကျွန်တော်လည်း တစ်နိုင်ငံလုံး လှည့်ပြီး တာဝန်ထမ်းဆောင်လာ တာ။ တောတောင်တွေလည်းနံ့ပါရဲ့၊တစ်ခါမှတော့ သရဲ တစ္ဆေနဲ့ ထိပ်တိုက်မတိုးခဲ့ဖူးပါဘူး၊ အရိပ်အယောင်နဲ့ အသံလောက်တော့ မြင်ဖူး၊ ကြားဖူးပါရဲ့။ မေတ္တာပို့၊ အမျှဝေ လိုက်တာပါပဲ။ အန္တရာယ် မရှိခဲ့ ပါဘူး။ အေးအေးဆေးဆေးပါပဲ” “ကျွန်တော် ကြားဖူးတယ် – ဆရာရဲ့၊ လူကြီးမိဘ တွေပြောခဲ့ ဆိုခဲ့ကြ တာပါ။ လူမနေတဲ့အိမ်မှာ နီးစပ်ရာ သရဲတစ္ဆေတွေ ဝင်နေတတ်တယ်တဲ့။ ဆရာ သတိထားဖို့ပါ။

နေ့လယ်စာရော၊ ညစာပါ ဆရာတစ်ယောက်တည်းပဲ ပချက်ပါနဲ့တော့။ ကျွန်တော် တို့ အိမ်မှာပဲ လာစားပါ။ ညအိပ်တော့လည်း အဖော်ရအောင် ကျွန်တော့် တူကလေးကို ခေါ်အိပ်ပါ “အေးဗျာ – ကျေးဇူးပဲ – ကိုဘမောင်။ ခင်ဗျားတူ ကလေးကိုလည်း ခေါ် အိပ်ပါ့မယ်။ အဖော်ရအောင် နက်ကျားကိုလည်း ခေါ်အိပ်ပါ့မယ်။ ဒါဆို စိတ် ချရလောက်ပါတယ်။ အခုလောလောဆယ်တော့ ခြံရှင်းရအောင် အလုပ် သမားတွေ စုပေးပါဦးဗျာ။ နှစ်ရက်လောက်တော့ ရှင်းရမယ်ထင်ပါရဲ့” “ရပါတယ် – ဆရာ။ တိုးမောင်တို့အဖွဲ့ ဟိုဘက်နားမှာ ခြံရှင်းနေတယ်။ ကျွန်တော် လူခွဲပြီး ရှင်းဝိုင်း လိုက်မယ်။ သူတို့အုပ်စုက အဖွဲ့တောင့်တင်းပါ တယ်။

ဒီဘက်က ခြံတွေကိုလည်း ရှင်းဖူးကြပါတယ်” “ကောင်းပါပြီ-ကိုဘမောင်။ ကျေးဇူးပဲဗျာ” ကျွန်တော် အိမ်ကြီး၏ ဖိနပ်ချွတ်၊ ကြက်တူရွေး တန်း ကာထားသော တံခါးအားဖွင့်လိုက်ဘော့ အောက်သိုးသိုးလင်းနို့ချေးနံ့ရသည်။ ကြမ်းပြင်၌ လည်းလင်းနို့ချေးများကအပုံလိုက်ရှိနေသည်။ တံခါးဖွင့်လိုက်၍အသံကြား ရ၍အလင်းရောင်ဝင်လာ သောကြောင့်မျက်နှာကျက်တွင်တွဲလောင်းချိတ် ဆွဲပြီး အိပ်နေကြသော လင်းနို့ငှက်ငယ်ကလေးများ၊ နီးစပ်ရာအပေါက်များ မှ အလုအယက်တိုးဝှေ့ပြီး ထွက်ပြေးကြသည်။ ကျွန်တော် အိမ်အဝင်နှစ်ချပ် ကျွန်းတံခါးမည်း မည်းကြီးအား ဖွင့်လိုက် တော့ လေးလံလှသော ကျွန်းတံခါးကြီးက ပတ္တာများ ဆီမရှိ၍ တကျွီကျွီ၊ တအီအီပြည်ပြီး ဖွင့်ဟသွားသည်။ ကားလမ်းဖြင့် ဝေးသော်လည်း အိမ် ကြမ်းပြင်၌ ဖုန်ထုက အတော်တက်နေချေပြီ။

ထူးဆန်းသည်ကတော့ထို ကြမ်းပြင်ဖုန်ထုအပေါ်၌ လူခြေရာများဖြစ် သည်။ လူကြီးခြေရာထက် ကလေးခြေရာကပိုများသည်။ အမဲလိုက်မုဆိုးလုပ်ခဲ့သော ကျွန်တော် ခြေရာ များ မြင်သည်နှင့် မဒန နိုင်တော့။ အိမ်ခြေရင်း ပြတင်းပေါက်အားဖွင့်ပြီး လေ့လာဆန်းစစ် တော့ သည်။ ကလေးခြေရာများကအရွယ်အ စားမတူကလေး(၃)ဦး၏ခြေရာများ ဖြစ်သည်။ လူကြီး ခြေရာများကတော့ ယောက်ျားနှင့် မိန်းမခြေ ရာဖြစ်ပုံရ သည်။ခြေရာတစ်စုံကကြီးသည်၊တစ်စုံကငယ် သည်။ ထူးခြားသည်ကတော့ ယောက်ျားကြီး ခြေရာတွင် ခြေသန်းကလေး ပြတ်နေသည်။ ဘယ်သူတွေ များပါလိမ့်။ အိမ်မကြီးသော့ကိုလည်း မည်သူ့ ကိုမျှ ပေးမထားမိပါ။

အိမ် သောကလည်း တစ်စုံတည်း သာရှိပြီး ကျွန်တော့်ထံ၌ပင် သိမ်းဆည်းထား သည်။ ခြံဝင်းတံခါးသော့ကတော့ နှစ်ပုံရှိသည်။ တစ်စုံကို သပြေပန်းခူးသူ ကိုအောင်ဗလတို့အား ပေး ထားပြီး တစ်စုံက ကျွန်တော့်ထံတွင် ရှိနေသည်။ ထို့ကြောင့် နံရံတွင် အသင့်ထောင်ထားသော တံမြက်စည်းအားယူ၍ အိမ် အောက်ထပ် ပြတင်းပေါက်များ အားဖွင့်ပြီး တံမြက်စည်း လှဲရတော့သည်။ မကြာမီလူသံများ ကြားရသဖြင့် ခြံရှင်းရန် တိုးမောင်တို့ အဖွဲ့ရောက်လာကြ ဟန်တူပါသည်။ “ဆရာရေ- ကျွန်တော်တို့ရောက်ပြီ။ အိမ်ကြီး မီးလောင်နေတာကျန တာပဲ။ ဖုန်လုံးကြီးက တစ်အိမ်လုံး ဖုံးလွှမ်းထားတယ်။ ဆရာ – ဖုန်တွေနဲ့ မွှန်နေ မှာပေါ့ – ထွက်ခဲ့ပါ။ ကျွန်တော်တို့လုပ်ပေးပါ့မယ်” စကားကို ဟောင်ဖွာ ဟောင်ဖွာ ပြောတတ်ပြီး ကျယ်လောင်လှသော သူ့အသံကို အဝေးကပင် ကြားရသည်။

အလုပ်ကြမ်းသမားပီပီ အသံကျယ် လောင်သလို၊ လူကောင်ကလည်း ထွားကျိုင်းသည်။ အိမ်ရှေ့ထွက်ကြည့် တော့ တိုးမောင်နှင့် အလုပ် သမားလေးယောက်၊ မြက်ရှင်းဓားကိုယ်စီနှင့် ပေါက်တူးများလည်း ပါလာကြသည်။ ထိုစဉ်တွင် ကိုဘမောင်၏တူကလေး ရောက်ရှိလာပြီး .. “ဆရာ – ထမင်းစားမယ်တဲ့။ ဦးလေးဘမောင်ကခေါ်ခိုင်းလိုက်တယ်” “ဟ-ငါဖုန်တွေ ရှင်းနေတာ၊ ရေတောင်မချိုးရသေးဘူး” “လာပါ – ဆရာရယ်။ ကျွန်တော်တို့ ခြံထဲမှာလည်း အုတ်ကန်ရှိပါတယ် ဆရာ။

ရေမိုးချိုးပြီးမှ ထမင်းစားပါ။ ဒီက ကိစ္စတွေ ကိုတိုးမောင်တို့ အဖွဲ့ တာဝန်ယူပါလိမ့်မယ်” “ဟုတ်ပါ့ – ဆရာရယ်။ ရေမိုးချိုး၊ခေါင်းလျှော်၊ အနားယူရင်းနေ့လယ်စာ စားပါ။ ကျွန်တော်တို့ အဖွဲ့ အိမ်တွင်းအိမ်ပြင် သန့်ရှင်းထားပါ့မယ်။ ဆရာ ဝိတ်ချလက်ချလိုက်သွားပါ” “အေး – အေး – ကောင်းပါပြီကွာ” ကျွန်တော် ကားပေါ်မှ အဝတ်အစားအိတ်ကို ယူခဲ့ပြီး ကိုဘမောင်တို့ အိမ်တွင် ရေချိုး၊ ခေါင်းလျှော်သည်။ ပြီးမှ – ကိုဘမောင်နှင့်အတူ ထမင်းစား ကြသည်။ တိုးမောင်တို့အဖွဲ့ကတော့ ခြံရှင်းနေ ကြဆဲဖြစ်သည်။ ကျွန်တော် တို့ နေ့လယ်စာစားပြီး တော့လည်း ကျွန်တော် အိမ်ကြီးဘက် မပြန်ပါ။ ကိုဘမောင်နှင့်အတူ သူတို့အိမ်ရှေ့ဘူးစင်အောက်တွင် ပက်လက်ကုလား ထိုင်ကိုယ်စီ ဖြင့်ထိုင်၍ ရေနွေးကြမ်းသောက်ရင်း ထမင်းလုံးစီကြသည်။ ညနေစောင်းမှ ကျွန်တော် အိမ်ကြီးဘက် ကူးလာပြီး ခြံရှင်းသမား ကိုတိုး မောင်တို့ကိုနေ့တွက်ခရှင်းပေးရပါသည်။ “ဆရာရေ့- မြွေတွေတောင် ခြံထဲမှာ ခိုနေ၊ သပြေပင်တွေက နှစ် ကြာတော့ တုံးလုပြီ။ ရေလောင်းပေါင်းသင်ပြီးမြေသြဇာကျွေးမှ ရွက်နုထွက် ပြီး အညွန့်ခူးလို့ရလိမ့်မယ်။ မနက်ဖြန်တစ်ရက် ထပ်ပြီးရှင်းရင် ပြတ်ပါပြီ ဆရာ။ ညနေပိုင်း ပေါင်းမြက် တွေကို မီးပါရှိပေးခဲ့မယ်နော် – ဆရာ” “အေးပါဗျာ – ကျေးဇူးတင်ပါတယ်။

လူအမြဲ တမ်းမနေတဲ့ခြံဆိုတော့ သတ္တဝါတွေ ခိုအောင်းပြီး လွတ်လွတ်လပ်လပ် ကြီးထွားနေကြမှာပေါ့။ ဒါ သဘာဝကျပါတယ်” “ကဲ- ဆရာရေ ကျွန်တော်တို့ပြန်မယ်။ မနက်ဖြန် တော့ စောစောလာ ပြီး အပြတ်ရှင်းပေးမယ်။ ညရေးညတာ ခြံထဲဆင်းရင်တော့ သတိနဲ့ ဆင်း ဆရာချုံတောရှင်းပြီးမြေပြောင်သွားတော့ပိုး ကောင်မွှားကောင်ထွက်တတ်တယ် “ဟုတ်ပါပြီ – ကိုတိုးမောင်” ကိုတိုးမောင်တို့အဖွဲ့ ပစ္စည်းများသိမ်းပြီး ပြန် သွားတော့မှ ကျွန်တော်၊ ကိုဘမောင်တို့အိမ် ဘက်မှကျွန်တော့်အိမ်ကြီးဘက်သို့တစ်ယောက်တည်း ကူးခဲ့ပါသည်။အချိန်ကညနေ(၄)နာရီကျော်ခန့် သာရှိသေးသည်။ကျွန်တော် ပစ္စည်းများအား အိမ်အပေါ်ထပ်သို့ သယ်ယူလာစဉ်အံ့ဩစရာ တွေ့ ရှိရ သည်က အိမ်အပေါ်ထပ် လျှာထိုးကြမ်းခင်းမှာ သပြေသီးမှည့်ရောင် ပြောင် လက်ပြီး ဖုန်မှုန့်များ မရှိပါ။

တစ်စုံတစ်ဦး နေ့စဉ်တိုက်ချွတ်ထားပုံရသည်။ ယခင်ပိုင်ရှင်တောခေါင်းကြီးမှာ ကရင်လူမျိုး၊ ခရစ်ယန်ဘာသာဝင်ဖြစ်သော ကြောင့် အိမ် အပေါ်ထပ်တွင် ဘုရားကျောင်းဆောင် မရှိပါ။ ခုတင်များ လည်း မရှိ ကြမ်းခင်းပေါ်တွင်အိပ်ရန်သာ ဖြစ်သည်။အပေါ်ထပ်တက်သည့်လှေခါး ထိပ်တွင်ကျွန်းတံခါးကြီးရှိသောကြောင့်သော့ ခတ်ထားရာ အိမ်ကြီးအောက် ထပ်အား ရှင်း လင်းကြသည့် ကိုတိုးမောင်တို့အဖွဲ့လည်း အိမ်အပေါ် ထပ်သို့ မတက်ရောက်နိုင်ကြပါ။ အဘယ်သူ ရှင်းထား၊ တိုက်ထားပါသနည်း။ ကျွန်တော် ထွေလီကာလီ မစဉ်းစားချင်တော့။ ပစ္စည်းများအား လျှာ ထိုးကြမ်းခင်းပေါ်၌ နေရာချထားခဲ့ပြီး ရေလဲပုဆိုးနှင့် ဆပ်ပြာခွက်ယူခဲ့၍ အောက်ထပ်သို့ ဆင်းခဲ့သည်။ ရေစုပ်စက်မော်တာအား ဖွင့်၍ အုတ်ကန်ထဲ ရေထည့်သည်။ ပြီးနောက်- ရေတစ်ဝချိုးတော့သည်။

ထိုစဉ်ကိုဘမောင်၏ တူကလေး အိပ်ရာလိပ်ထမ်း၍ရောက်ရှိလာပြီး.. “ဆရာ-ရေချိုးနေတာကိုး။ ပြီးရင် – ညနေစာ စားရအောင် – ဦးလေး ဘမောင်က ခေါ်ခိုင်းလိုက်ပါတယ်” “အားနာစရာကွာ။ ငါကလှည်းကူးမြို့ထဲကို မင်းနဲ့ကိုဘမောင်ကိုခေါ်ပြီး ညစာသွားစားမယ် စိတ်ကူးထားတာ”“အဲဒီအစီအစဉ်လည်း ကောင်းပါတယ် – ဆရာ။ ကျွန်တော်တို့အိမ်မှာ တော့ အသီးအရွက်ဟင်းက များပါတယ်” “အေး … အဲ့ဒါဆို … ရေ၊နားက ရှမ်းကြီးဆိုင်ကို သွားကြတာပေါ့။ ငါ့မှာ ကားပါလာတာပဲ – မဝေးပါဘူး” ကျွန်တော်တို့အိမ်ကြီးအတွင်းအပြင်မီးများ ဖွင့်ခဲ့ပြီး ထွက်ခွာလာခဲ့ကြ တော့ ညနေ(၆)နာရီခန့်သာ ရှိပါသေးသည်။ မမှောင်သေးပေ။ ဈေးအနီး ရှမ်းကြီးစားသောက်ဆိုင်တွင် စားသောက်ကြပြီး ကျွန်တော်တို့ ပြန်လာကြ တော့ည(၈း၃၀) နာရီခန့်သာရှိသေးသည်။

ကိုဘမောင်က … “ဆရာ – လက်နှိပ်ဓာတ်မီးရော ပါရဲ့လား။ မီးပျက်သွားရင် သုံးဖို့ပါ။ လိုရမည်ရနက် ကျားကိုလည်း အစောင့်ရအောင် ခေါ်အိပ်ပေါ့နော်” “ကောင်းပါတယ် – ကိုဘမောင်။ အဖော်အဖြစ် ခင်ဗျားတူကလေးရာ ရှိတော့ အဆင်ပြေပါတယ်။ နက်များကိုတော့ အိမ်အောက်ထပ်မှာပဲ သိပ် လိုက်တော့မယ်”ကျွန်တော်တို့အိမ် အပေါ်ထပ်တွင်အိပ်ရာဝင်တော့ည(၉)နာရီခွဲခန့်သာ ရှိပါသေးသည်။ လမိုက်ညဖြစ်သော်လည်း အိမ်ကြီးနှင့် ပတ်ဝန်းကျင်တွင် လျှပ်စစ်မီး ရောင်ဖြင့် ထိန်လင်းနေပါသည်။ ထို့ကြောင့်ကျွန်တော် ဘုရားငတ် ပြု မေတ္တာပို့၊ အမျှဝေပြီး အိပ်ရာ ဝင်ခဲ့ပါတော့သည်။ ည(၁၂)နာရီခန့်တွင် ကျွန်တော် နှစ်ခြိုက်စွာ အိပ်ပျော်နေရာမှလန့်နိုးသည်။ အောက်ထပ်ကခွေး ကလေးနက်ကျား၏စူးစူးဝါးဝါးဟောင် သံကြောင့်လည်းဖြစ်သည်။တစ်အိမ် လုံးလျှပ်စစ် မီးများ ပျက်နေသောကြောင့် မှောင်မည်းနေသည်။ ထိုစဉ်တွင် အိမ်ခေါင်မိုးမျက်နှာကျက်အပါမှ လမ်းလျှောက်သံတဖျပ်ဖျပ်ကြားရသည်။

ကျွန်တော်ခေါင်းအုံးဘေးမှ လက်နှိပ်ဓာတ်မီးကိုစမ်းပြီး မီးဖွင့်ကြည့်တော့ ကျွန်တော်နှင့်ယှဉ်၍အိပ်နေသောဦးဘမောင်၏ တူကလေးအိပ်ရာတွင် မရှိ တော့။ အပေါ့အလေး ထသွားသည်အထင်ဖြင့် အော်ခေါ်ကြည့်တော့.. “ခင်ဗျား”ဟုထူးပြီးလှေခါးအဆင်းနားက ထလာသည်။ “မင်းနှယ်ကွာ – အအိပ်ကြမ်းလိုက်တာ။ ဘယ်လိုဖြစ်ပြီး အိပ်ရာပေါ်က နေ ခြေရင်းရောက်သွားရတာလဲ” “အဲ – ကျွန်တော် မသိဘူး – ဆရာ။ အိပ်ပျော်နေတာ” ထိုစဉ် အိမ်ခေါင်မိုးမျက်နှာကျက်အပေါ်မှ တရှပ်ရှပ် လမ်းလျှောက်သံ ကြားရပြီး “ပစ်ချလိုက်ရမလား- ပစ်ချလိုက်ရမလား”ဟူသောအသံဩဩ ကြီးဖြင့် အော်သံကိုကြားရသည်။ ကျွန်တော်လည်းအမြင်ကပ်ကပ်ဖြင့်”အေးပစ်ချလိုက်” ဟုကုန်းအော် တော့သွေးသံရဲရဲဖြင့်မည်းမည်း အထုပ်ကြီးကြမ်းပြင်ပေါ်သို့ဗုန်းခနဲပြုတ်ကျ လာသည်။

မီးထိုးကြည့်တော့ အိမ်အောက်ထပ်တွင် အစောင့်ထားသော ခွေးကလေးနက်ကျားဖြစ်သည်။ သွေးသံရဲရဲ၊ အရေခွံများ ပေါက်ပြဲပြီး အရိုး များကျိုးကြေနေသည်။ ထိုစဉ်ခေါင်မိုးပေါ်မှ တဒုန်းဒုန်းအသံများ ကြားရပြီး တဟားဟားရယ် သံများကိုလည်း ကြားရသည်။ ကျွန်တော်က လူကြီးဖြစ်၍ ကြောက်တရားကို ထိန်းထားနိုင်သော်လည်း ဦးဘမောင်၏ တူကလေး မှာ- “အောင်မယ်လေးဗျ”ဟုထအော်ပြီ၊ ကျွန်တော့်အား ဖက်ထားပါတော့ သည်။ ထိုစဉ်လျှပ်စစ်မီးများ ပြန်လာသည်။ တဖျစ်ဖျစ်မြည်သံနှင့်ညှော်နံ့ကို လည်းရသည်။ အိမ်ရှေ့မှလည်း”ဆရာ-ဆရာ” ဟူ၍ဦးဘမောင်၏ခေါ်သံကို ကြားရသည်။ ထို့ကြောင့် ကျွန်တော်လက်လှမ်းမီရာလက်ဆွဲအိတ်ကိုလှမ်း ဆွဲပြီး တံခါးများဖွင့်၍ အောက်ထပ်သို့ ဆင်းပြေးခဲ့ရတော့သည်။ ရေနံရည် ဝနေသော အိမ်မည်းကြီးမှာ မီးခိုးတလူလူဖြင့် မီးစွဲလောင်နေပြီဖြစ်သည်။

အမှတ်မထင် သတိရမိသည်ကတော့ အိမ်ကြီးသို့ ကျွန်တော်ရောက်စက အောက်ထပ်တွင် ဖုန်မှုန့်များရှင်း လင်းနေစဉ်ခြံရှင်းရန်လာသူ ကိုတိုးမောင်၏ နိမိတ်ဖမ်းသလိုပြောစကား ဖြစ်သည်။ “အိမ်ကြီးမီးလောင်နေတာကျနေတာပဲ။ ဖုန်လုံးကြီးကတစ်အိမ်လုံးကို ဖုံးလွှမ်းထားတာ” ဟူ၍ဖြစ်သည်။ လျှပ်စစ်ဝါယာကြိုးများမတော် တဆလား၊ တကယ်လားတော့ ယနေ့အချိန်အထိ ကျွန်တော် စဉ်းစား၍မရပါ။

Be the first to comment

Leave a Reply

Your email address will not be published.


*